Saturday, September 04, 2010

ဖိုးသူတော်ဦးနု စကားပုံများ

ဟိုတလောက ဆယ်စောင်တွဲစာအုပ်ထဲက ကောက်နုတ်ပြီး စကားကြီး ၁၀ မျိုးကို တင်ခဲ့တာ တော်တော်များများ ကြိုက်ကြလို့ ၀မ်းသာမိပါတယ်။ အဲဒီစာအုပ်ထဲက ကောင်းနိုးရာရာလေးတွေ တင်မယ် စိတ်ကူးခဲ့ပေမဲ့ စာရိုက်ဖို့ပျင်းနေလို့ တော်တော်နဲ့ မတင်ဖြစ်ဘူး။ ခုတော့ လာမယ့် ရှေ့တပတ်ကျော်မှာ ကျောင်းဖွင့်တော့မှာမို့ ကျောင်းပြန်မဖွင့်ခင် အချိန်အားလေးရခိုက် အပြေးအလွှား စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်လို့လဲ ကောင်း၊ မှတ်ဖို့လဲ ကောင်းတဲ့ ဖိုးသူတော်ဦးနု စကားပုံတွေပါ။ ဖတ်ကြည့်ကြပါအုံး။
***
ဖိုးသူတော်ဦးနု စကားပုံ

မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

၎။ ဂေါဏမံသံကိုလည်း မစားနှင့်။ ကောဓခြံရံကိုလည်း မပွါးနှင့်။ *
ဂေါဏမံသံကိုစားက မိဘသဖွယ် ဖြစ်ပေသည်။ ကောဓခြံရံကိုပွါးက အထိကရ အပါယ်နစ်ချေသည်။

၅။ အယုတ်တရားကို အလိုမရှိနှင့်။ မဟုတ်စကားကို မဆိုဘိနှင့်။
အယုတ်ရားကို အလိုရှိက ဘဂ၀ါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပရလေသည်။

၆။ မြှူသလိုပုံနှင့် ကလေးကို မစနှင့်။ လူကို ယုံသဖြင့် အကြွေးကို မချနှင့်။
မြှူသလိုပုံနှင့် ကလေးကို စက ကလေးအမိုက်မို့ ဆဲတတ်သည်။ လူကို ယုံသဖြင့် အကြွေးကိုချက အရေးမစိုက်သဖြင့် မွဲတတ်သည်။

၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား။ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်။
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။ တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

၈။ အဟုတ်အမှန်ကိုလည်း သိမှ။ အလုပ်အကြံလည်း ရှိမှ။
အဟုတ်အမှန်ကို သိမှ သံသရာ ဘေးပ၍ အနေကျယ်ကြမည်။ အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတယ်ကြမည်။

၉။ သူဌေးလို ကြွယ်သော်လည်း မာန်စွယ်မထနှင့်။ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ် မပြနှင့်။
သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းလို့ ပြေ(ပြည်) မုန်းတတ်သည်။ မြွေပွေးကို ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည်။

၁၀။ မတော်ဘဲ မ၀ယ်နှင့်။ မခေါ်ဘဲ မလည်နှင့်။
မတော်ဘဲ ၀ယ်လေက အသပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲ လည်ချေက မကြာခဏ မုန်းတတ်သည်။

၁၁။ မတော်တာကို မမြည်းစားနှင့်။ အဖော်မပါလျှင် ခရီးမသွားနှင့်။
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါပွါးတတ်သည်။ အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။
ခရီးကို အပြင်းသွားက မှားတတ်သည်။ မိးကို အကြွင်းထားက ပွါးတတ်သည်။

၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်။ အနာရောဂါကို မကြီးပွါးစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွါးစေက ဒုက္ခရောက်တတ်သည်။

(က) စကားစကား ပြောဖန်များက စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။
(ခ) ဘုရား, တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါန အလွန် လှူတတ်သည်။
(ဂ) အမျိုးဖြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

သံသရာလောက၊ နှစ်ဝအကျိုး၊ ပွါးတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
ဖိုးသူတော်ဦးနုစကားပုံ ပြီး၏။

* ဂေါဏမံသံ = အမဲသား ၊ ကောဓ = အမျက်ထွက်ခြင်း
ကိုးကား။ ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ (ဦးမောင်မောင် - ဟံသာဝတီ)

14 comments:

sosegado said...

ဗဟုသုတများစွာပါပဲ ကျေးဇူးပါပဲ၊
အဖော်မပါလျှင် ခရီးမသွားနှင့်။ ကျနော်ကတစ်ယောက်ထဲသွားရတာများနေတယ်၊
မခေါ်ဘဲ လည်ဖြစ်တာက ဘလောက်ဂ်တွေကိုပါ၊

ကိုအောင် said...

စကားပုံတွေက ကောင်းပါတယ်၊
သေရည် မသောက်နဲ့ ... ဆိုတာကို အရက်ဆိုင်
နံရံမှာတော့
“သေရည်အရက် လူကိုဖျက်၏၊ ဖျက်သည့်
အတိုင်းသာ ပျက်မည်ဆိုလျှင် လူမျိုး ဘယ်မှာ
ရှိမည်နည်း” ... တဲ့ ....း)

Anonymous said...

ထင်တိုင်းလည်းနှိပ်၍ မဆိုနိုင် (ဈေးကြီးလို့)၊ ထင်တိုင်းနှိပ်ပြီးဆိုနိုင်တာသူတွေက ……..ဟဲဟဲ သိတယ်ဟုတ်။
ဂေါဏမံသံကို မစားတာကတော့ ငယ်ကတည်းကပါ။ ကောဓခြံရံလည်း မပွားအောင်ကြိုးစားနေပါတယ်။

ခင်မင်စွာဖြင့်
seesein

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေနဲ့ ပူးပေါင်းပြီး စကားပုံစာရွက်တွေ ရထားပေါ်လည်ရောင်းဖို့ကြံနေတယ်....
အလုပ်အကြံလဲရှိမှ ဆိုတော့ လောလောဆယ်..အစိုးရဆီက တောင်းစားနေတဲ့ အလုပ်ပဲရှိတယ်...

ပုံ

ဘကျောက်

သူကြီးမင်း (တုံးဖလား) said...

(သူကြီးကိုကိုမောင် ဆုံးမစာ)

ကမ္ဘာတစ်ခွင်၊ ရဟန်းရှင်နှင့်၊ သုံးခွင်ဘုံသား၊ လောကသားတို့၊ မှတ်သားစိမ့်ငှာ၊ ဆုံးမစာကို၊ မေတ္တာရှေ့ဆောင်၊ ကိုကိုမောင်က၊ ထုတ်ဆောင်ပြမည်။

၁။ သေရွာသွားလဲ မဖြုံနဲ့။ မေဓာစကားလဲ မယုံနဲ့။ သေရွာသွားဖြုံက ကြောက်တတ်သည်။ မေဓာစကားယုံက မှောက်တတ်သည်။

၂။ စေတနာ့အလုပ်လဲ မနားနဲ့။ မေဓာ့အသုပ်လဲ မစားနဲ့။
စေတနာ့အလုပ်နားက မိုက်ရာကျမည်။ မေဓာ့အသုပ်စားက ဗိုက်နာထမည်။

၃။ သွေခွါလဲ မပြေးနဲ့။ မေဓာလဲ မမေးနဲ့။
သွေခွါပြေးက ဝေးတတ်သည်။ မေဓာမေးက တွေးတတ်သည်။

၎။ သေချာပြီလို့လဲ မအော်နဲ့။ မေဓာဝီလို့လဲ မခေါ်နဲ့။
သေချာပြီလို့အော်က လွဲတတ်သည်။ မေဓာဝီလို့ခေါ်က ဟဲတတ်သည်။

၅။ စေတနာပိန်လဲ မကျယ်နဲ့။ မေဓာအိမ်လဲ မလည်နဲ့။
စေတနာပိန်လို့ ကျယ်က "ထောင်း" "အုပ်" ခံရတတ်သည်။ မေဓာအိမ်မို့ လည်က မောင်းထုတ်ခံရတတ်သည်။

လောကုတ် လောကီ၊ နှစ်လီအကျိုး၊ လွန်မျှော်ကိုး၍၊ အကျိုးကိုဆောင်၊ မိုးမမှောင်ခင်၊ ကိုမောင်ခေါ်တွင်၊ သူကြီးရှင်က၊ အထင်အရှား၊ ရေးသားခဲ့သည်၊ အပီကျက်၍ မှတ်ကြလော့။ ။

ိခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
.

နေ၀သန် said...

ဖိုးသူတော်ဦးနုရဲ့ ဆုံးမစာလေးတွေက နားဝင်လွယ်တယ်...။း))..။ အောက်က သူကြီးမင်းကလည်းး နောက်လိုက်သေး...


ခင်မင်တဲ့
နေ၀သန်

~ဏီလင်းညို~ said...

မမေရေ့.....

ကျေးဇူးပါဗျာ....။
တစ်ကယ်ကောင်းပြီး....မှတ်သားလွယ်တဲ့စကားပုံလေးတွေ ဖတ်ခွင့်ရတဲ့အတွက်ပါ.....။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

SHWE ZIN U said...

မမေဓါ ရေ

သကြီး ကိုကိုမောင် ရဲ့ စကားပုံများ ဖတ်ပြီး ရီလိုက်ရတာဗျာ ဟားဟားးးးးး မနေ့က အသုတ်စား လို့ များလား ဗိုက်နာချင်သလိုဘဲ မှန်လှချညှ်ု သကြီး ရယ်

မမေဓါရေ ဗဟုသုတ ရစရာလေးတွေ တင်ပေး နေလို့ ကျေးဇူးပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ရယ်ရတယ် ညီမက အစ်မအိမ်ကို လည်နေတုန်း အစ်က ညီမအိမ်ကိုရောက်သွားပြီးနေပြီ
တိုက်ဆိုင်လို့ သဘောကျပြီး ရယ်မိသေးတယ်..
ခုစကားပုံထဲကလေ နံပါတ်၎အချက်ကို နားမလည်ဘူး.. ဂေါဏမံသံဆိုတာ တကယ်ကို မသိတာ.. ကျန်တာတွေတော့ ကောင်းကောင်းနားလည်တယ်.. ပါဠိလိုပြောထားတာဖြစ်မယ်နော်..

Anonymous said...

ဂေါဏေနဂေါဏော သာမဏေန သာမဏော တဲ့ လေ

မြစ်ကျိုးအင်း said...

မေ့နေတဲ့ စကားပုံလေးတွေ ပြန်ဖတ်သွားတယ်။
သတိတရနဲ့ တင်ပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ။
မှတ်သားသင့်တဲ့ စကားပုံလေးတွေပါဘဲ။

နေ့အိပ်မက် said...

အဲလိုကာရန်တူ စကားပုံလေးတွေကို ငယ်ငယ်လေးကတည်းက တအားသဘောကျတာပဲ ဆိုလို့ကောင်းလို့

အနယ်က အဲခေတ်တုန်းက နယ်လို့ပေါင်းတာလား မမ

ရာဇာထွေး said...

မင်္ဂလာပါ..မမမေ ရေ..ဖိုးသူတော်ဦးနု စကားပုံများ အရမ်းဖတ်လို့ကောင်းသလို မှတ်သားဖွယ်ရာ ဆောင်ရန်ရှောင်ရန်လေးတွေပါမမမေ..။ ကြိုက်တာလေးတွေလည်း ကျွန်တော် ယူသွားပါတယ် မမမေ...။ သူငယ်ချင်းတွေကိုလည်းပြောပြလိုက်ပါမယ်..မမမေ..ခင်မင်လေးစားစွာဖြင့်..။

Unknown said...

ဂေါဏမံသံ နွားသား=အမဲသား