Friday, September 03, 2010

အဟုတ်တကယ်လေလာပြီ ... အသုပ်သယ် မေဓာဝီ

ငယ်ငယ်က လသာ ၂ မှာ ကျောင်းတက်တုန်းက သူငယ်တန်း မုန့်ဈေးတန်းမှာ ဒေါ်ကေ အသုပ်ဆိုတာ နာမည်ကြီးတယ်။ မုန့်စားကျောင်းလွှတ်ရင် ဒေါ်ကေ့ဆိုင်မှာ လူတွေကို အုံလို့။ နည်းနည်းနောက်ကျရင် တိုးလို့တောင် မပေါက်တော့ဘူး၊ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ပေဦးတော့။ ထမင်းသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်၊ အစုံသုပ် ... အစရှိသဖြင့် အသုပ်အမယ် အတော်လေး စုံပါတယ်။ ဒေါ်ကေက ဘာသုပ်ပဲဖြစ်ဖြစ် တခုတည်းသော ဇလုံကြီးထဲ တိုလီထွာလီတွေ အကုန်ထည့်၊ လက်နဲ့ အားရပါးရ နယ်ပြီးသကာလ ဒန်ပန်းကန်ပြား ပိစိလေးထဲထည့် ဆေးကွာနေတဲ့ ကြွေရည်သုတ် ဇွန်းလေးတချောင်း တပ်ပေးလိုက်တာပဲ။ ငယ်ငယ်က ငတ်တော့ ဘာဖြစ်ဖြစ် ကောင်းနေတာချည်းပေါ့။

အိမ်မှာလဲ အဘိုး (အမေ့အဖေ)က အသုပ်ကြိုက်တော့ အမေက မကြာခဏ အသုပ်လုပ်ကျွေးပါတယ်။ ကျောင်းမှာ ဒေါ်ကေ ... အိမ်မှာတော့ ဒေါ်မေ ပေါ့။ အမေ့နာမည်က မေ ပါတာကိုး။ ဒေါ်မေ အသုပ်လဲ အိမ်မှာရော အမျိုးတွေထဲမှာရော အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာပါ နာမည်ကြီးပါတယ်။ အမေကလဲ ဘာဖြစ်ဖြစ် အကုန်သုပ်တာပဲ။ အိမ်ရှေ့က ကသစ်ပင်ကြီးမှာ ကသစ်ပန်းတွေပွင့်ရင်တောင် ပြုတ်ပြီး သုပ်စားကြသေးတယ်။ ကိုယ့်အမေမို့လားတော့မသိဘူး၊ အမေဘာသုပ်သုပ် အကုန် ကောင်းပါတယ်။

ဒီရောက်လာတော့ ဦးရီးတော်က အသုပ်ကြိုက်သတဲ့၊ ကိုယ့်ထက်အရင် ရောက်တဲ့ အမက ဦးရီးတော်နဲ့ အတူနေရင် အသုပ်လေး ဘာလေး လုပ်ကျွေးဖို့ မှာပါတယ်။ ဒီတော့ ကျမလည်း တတ်သလောက် မှတ်သလောက် သုပ်ရလေသတည်း ဆိုပါတော့ ... ။ နေ့တိုင်း ထမင်းစားရင် အသုပ်တမျိုးပါအောင် ကြိုးစားပြီး သုပ်ပါတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ဆေးဘဲဥသုပ်၊ ခေါက်ဆွဲသုပ် ... အစပြုလို့ ဘာမှမရှိရင် အာလူးပြုတ် သုပ်တယ်၊ ကြက်ဥ ပြုတ်သုပ်တယ် ... အဲဒီလို သုပ်ရင်းပြုရင်း ကျမလည်း အသုပ်သယ်ဘ၀ ရောက်မှန်းမသိ ရောက်တော့တာပါပဲ။

ဒါကတော့ သုပ်စားဖြစ်တဲ့ အသုပ်တွေထဲက မှတ်မှတ်ရရ ဓာတ်ပုံရိုက်ဖြစ်ခဲ့တဲ့ အသုပ်တွေပါ။

ပန်းသီးသုပ်

cooking apple တွေ လက်ဆောင်ရလာလို့ ခြစ်ပြီး သုပ်ပါတယ်။ ပန်းသီးက ခြစ်ပြီးနည်းနည်းကြာရင် အရောင်မည်းသွားတတ်လို့ ဆားကလေးနဲ့ နယ်ထားရတယ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ငပိ၊ ငရုတ်သီးဆီကြော်လေး ထည့်ပြီး နယ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ အရသာက သရက်သီးသုပ်လိုပဲ ချဉ်ပြုံးပြုံးနဲ့ စားလို့ သိပ်ကောင်းပါတယ်။ ဦးရီးတော်တောင် ပန်းသီးသုပ်နဲ့ စားတာ ထမင်း နှစ်ပန်းကန်ကုန်တယ်။ (ကျမကတော့ တပန်းကန်ထဲပါ)


မြင်းခွါရွက်သုပ်

ဘိလပ်မှာ မြင်းခွါရွက် အစစ်ရဖို့ သိပ်မလွယ်ပါဘူး။ လန်ဒန်မှာတော့ ကုလားဆိုင်တွေမှာ ရောင်းပါတယ်။ ကျမတို့နေတဲ့ တောကတော့ dollar weeds တွေကို မြင်းခွါရွက်လုပ်ပြီး စားနေရတာ။ တလောက လန်ဒန်ရောက်တော့ အကိုတွေ လက်ဆောင်ပေးလိုက်လို့ မြင်းခွါရွက်အစစ်ကလေး ရလာတာနဲ့ သုပ်စားဖြစ်တယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲကလေး မညက်တညက်ထောင်း၊ ဆီချက်ကလေးထည့်ပြီး သုပ်လိုက်ရုံပါပဲ။ မြင်းခွါရွက်က ဆေးဘက်ဝင်တယ် လူနဲ့တည့်တယ်၊ စားလို့လဲ ကောင်းမှကောင်း။

မုန်လာဥသုပ်

မုန်လာဥဖြူ တလုံးဝယ်လိုက်တာ တော်တော်လေးကြီးနေတော့ အကုန်မချက်ဘဲ တ၀က်ကို ချဉ်ရည်ဟင်းချက်၊ တ၀က်ကို သုပ်စားဖြစ်တယ်။ ကျမနဲ့ ဦးရီးတော် နှစ်ယောက်ထဲဆိုတော့ ဟင်းတခါချက်ရင် တပတ်လောက် စားယူရတယ်။ ဟင်းတမျိုးထဲ အများကြီး မချက်ချင်တော့ မုန်လာဥတလုံး ဟင်း ၂ ခွက်ရအောင် လုပ်ရတာပေါ့။ မုန်လာဥကိုလည်း ခြစ်ပြီး သုပ်တာပါပဲ။ ခြစ်ပြီး အရည်တွေညှစ် ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးဆီကြော်၊ ပဲမှုန့်၊ ငံပြာရည်၊ အချဉ်ကြိုက်ရင် သံပုရာသီးလေးညှစ်ပြီး သုပ်ပါတယ်။

အသုပ်က ခံတွင်းလိုက်တယ်၊ ထမင်းမြိန်စေတယ်။ အသုပ်မကြိုက်တဲ့သူရယ်လို့ မရှိသလောက် ရှားမယ် ထင်ပါတယ်။ အသုပ်လုပ်စားတိုင်းလဲ ဓာတ်ပုံ မရိုက်ဖြစ်ပါဘူး။ ဒီနေ့တော့ ပန်းသီးသုပ်ကလေး သုပ်စားပြီး ဓာတ်ပုံရိုက်ဖြစ်ရင်း စဉ်းစားမိတယ်။ မြန်မာပြည်ပြန်ရင် အသုပ်ရောင်းစားရ ကောင်းမလား လို့ပါ။ ကျမကလဲ မေဓာဝီဆိုတော့ ဒေါ်မေ အသုပ်ဆိုပြီး ဆိုင်ဖွင့်မယ်ပေါ့လေ။

ဘလော့ဖတ်သူ လာလည်သူများ ဒေါ်မေ အသုပ်ကို အားပေးကြပါအုံး ... လောလောဆယ်တော့ ပိုက်ဆံမပေးရပါဘူး။ ဆိုင်ဖွင့်မှပဲ တောင်းတော့မယ်။ :)
***
မေဓာဝီ
၃၊ စက်တင်ဘာ၊ ၂၀၁၀
၁၃း၃၃ နာရီ

23 comments:

khin oo may said...

တို့လဲ လသာ ၂ ကဘဲ။
အသုပ်သည်ဘဝရောက်တယ်ဆိုတော့ရယ်မိတယ်
တို့လဲ အသုပ်ကြိုက်တယ် နဲနဲလောက်ကျွေးပါ။
ပန်းသီးသုပ်တစ်ခါမှ မစားဘူးဘူး ဒေါ်မေ့သမီးရယ်။ ရှိသမျှ အကုန်သုပ်တော့တာဘဲ။
ဆိုင်ဖွင့်လဲ ပိုက်ဆံမပေးပါဘူး နာမည်ပြောပြီးစားမှာဘဲ.တို့လေ တို့ပေါ့သိတယ်မဟုတ်လား မမကွန်လေး. မှတ်မိလား. ဘလော့ရေးတယ်လေ မေဓါဝီရေးတာလေးတွေ သိတ်ကြိုက်တာပေါ့ မှတ်မိတယ်မဟုတ်လား လာလာပြီးကွန်မက်ပေးတာလေ. ဟင်းဟငးဟင်း ဆိုပြီးနစ်ပွေဲလောက်ကတော့အသာလေးစားသွားမှာဘဲ မပေးပေါင်း.ပေးစရာလား ဟင်း. ။

Anonymous said...

အသုပ်သယ်ကြီးမေရေ
အသုပ်သုံးပွဲပေးပါ တခါတည်း အ၀ဆွဲသွားပြီ ဗိုက်တောင်ဆာလာပြီ
အသုပ် စားတော့ခဏလေး လုပ်ရတာ ဗာဟီရ အရမ်းများတယ် ခဏခဏမသုပ်စားဖြစ်ပါ
အခုတော့ သခွပ်ပွင့်ခြောက်တွေ ကြောင်ရှာပွင့်ခြောက်တွေ ရှိသေးတာ သတိရလို့ သုပ်စားအုံးမှ

ဘာသုပ်သုပ်ကြိုက်စ်
ခင်တဲ့
seesein

ကြည်ဖြူပိုင် said...

အသုပ်ဆိုတာမြင်တာနဲ့အပြေးလာခဲ့တာ
ဒီရောက်တော့ ပန်းသီးသုပ်တဲ့စိတ်ဝင်စားစရာကြီး။
ဘာသုပ်ပဲဖြစ်ဖြစ်အကုန်ကြိုက်တယ်
ခုလိုမသိသေးတဲ့အသုပ်အကြောင်းရေးပေးတာလဲ
ကျေးဇူးနော်...
မမခင်ဦးမေရေးသွားတာလေးလဲရီမိလောက်အောင်
သဘောကျတယ်။
အသုပ်ကလေးတွေကိုလဲလာငမ်းသွားတယ်။
မုန်လာဥသုပ်နဲ့မြင်းခွာရွက်သုပ်လဲ တအားကြိုက်တာပဲ။
ဗိုက်ကားအောင်စားသွားတယ် :D

သက်ဝေ said...

မေရေ... စားချင်စရာ အသုပ်တွေကြည့်ပြီး ထမင်းစားပြီးသားတောင် ဗိုက်ပြန်ဆာသွားသလိုပဲ...

မမကွန်ရေးသွားတာဖတ်ပြီး အားရပါးရရယ်မိတယ်...
အသုပ်သည်လုပ်တော့မယ်ဆို ပြောပါ မေ...
မမကွန်လိုပဲ လာမိတ်ဆက်ပြီး စားပါ့မယ်...

:P said...

cooking apple ဆိုတာ မသိဘူးတော့...၊ စားကောင်းမှာပဲ..
ကောင်းကောင်းစားဖူးတဲ့ အောက်က နှစ်သုပ်တော့ လျှာရည်သိမ်းရင်း ကြည့်သွားပါတယ်.......။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမှာလည်း ပန်းသီးအစိမ်းတွေပေါတယ်
တစ်ခါမှတော့ မသုပ်စားဖူးသေးဘူး
စားကြည့်ဦးမယ်
စားကောင်းရင် မမေဓာဝီကို သတိရလိုက်မယ် နော်။

အသုပ်ဆိုင်ဖွင့်မယ်ဆိုရင် လာအားပေးမယ် သိလား
ဈေးတော့လျှော့ပေးနော်..း)

Anonymous said...

စားချင်စရာ အသုပ်တွေကြည့်ပြီး ထမင်းစားပြီးသားတောင် ဗိုက်ပြန်ဆာသွားသလိုပဲ...

Agree ma thet wai's saying

kay said...

ဒေါ်ကေ ဆိုလို့.. အမျိုးလား လို့..အမြန်ပြေးလာ ကြည့်တာ..။

ကျမတို့ ပြောလေ့ ရှိသလို.. ဆီချက်ရယ်..ပုဇွန်ခြောက်မှုန့်ရယ်..ပဲမှုန့်ရယ်..သံပုရာသီးရယ်..ငံပြာရည် ရယ် ထိလိုက်တဲ့ အနံ့ လေး က..ဘာနဲ့ မှ မတူ.. တစ်သျှုး စက္ကု သုပ်စားတောင် အရသာ ရှိမှာလို့...း)

Anonymous said...

အမ..စားချင်စရာလေး...စားမယ်စားမယ်..
လုပ်စားဦးမယ် အိမ်မက်ထဲမှာ..

ညီမ

ညိမ်းနိုင် said...

ပန်းသီးသုပ်လေး သုပ်စားကြည့်ဦးမှ

ကိုအောင် said...

မခင်ဦးမေ ရေးထားတဲ့ ကော်မန့်ကို ဖတ်ပြီး
ရယ်ရတယ်၊ ကျနော် အခြေခံ ကျောင်းသား
ဘ၀က မုန့်ဈေးတန်းက မုန့်ဟင်းခါးဆိုင်မှာ
ဆိုရင် ဟင်းရည်အဆစ်တောင်းတာ
ဝါသနာပါတယ်၊ မုန်လာဥသုပ်တော့ စမ်းကြည့်
အုံးမယ်ဗျို့။

သူကြီးမင်း (တုံးဖလား) said...

ဘိလပ် ၀နာ
တောမြိုင်ရွာမှ
မေဓာ သုပ်နည်း
နိဿျည်းတဲ့။

ပန်းသီးခွံနွှာ
ဆေးမြင်းခွါနှင့်
မုန်လာဥဖြူ
မငြီးငြူဘဲ
ကြည်ဖြူစွာသုပ်
ထိုလက်သုပ်ကား
သုပ်လေ သုပ်လေ
သုပ်မပြေတည်း။

မမေလက်ရာ
သုပ်စုံစွာကို
ခါခါစားမိ
ထိုပုရိမှာ
(ခါခါစားမိ၊ ထိုဣတ္ထိမှာ)
ဂွိဂွိ ဂွမ်းဂွမ်း
လွန်ပင်ပန်း၍
အဆန်းမြည်သံ
ဝမ်းတွင်းညံလျက်
သွားပြန်အိမ်သာ
ထပ်ခါခါတည့်
မှန်စွာမှတ်ရှု
သတိပြုလော့။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

ဒေါ်ကြီးမေရေ .. ကျနော့်ကို ပဲမှုန့်များများလေးနဲ့ ဆီချက်များများလေး ထည့်သုပ်ပေးပါ။
အသုပ်ဆိုရင် စိုရွှဲရွှဲ မကြိုက်ဘူးခင်ဗျ။

Sonata Cantata said...

မုံလာဥနီ (Carrot - မန်းလေး အခေါ် ခါကြက်ဥ) ကိုလည်း ခြစ်ပြီးသုတ်စား...
အာလူး၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ရုံးပတေသီး (ကုလားဟင်းချက်တဲ့ သီးရွက်စုံ)ကို မန်ကျည်းမှည့်လေးနဲ့ ပြုတ် ပြီးမှ ဆီချက်၊ နှမ်း၊ မြေပဲထောင်းနဲ့ သုတ်စား...
ကောင်းမှကောင်း

T T Sweet said...

ဒေါ်မေအသုတ်စုံ အစုံပလုံလာစားသွား ... အဲလေ လာငမ်းသွားပါတယ်။ အိမ်မှာလဲ မုန်လာဥဖြူသုတ်စားလေ့ရှိတယ်။ ပန်းသီးတော့ တစ်ခါမှ မသုတ်ဖူးဘူး။ စမ်းကြည့်ဦးမယ်။

အသုတ်တွေထဲကဆို အမေသုတ်ကျွေးတဲ့ မလွှပွင့်သုတ်လေးကို သတိရတယ်။

PAUK said...

မသီတာပြောတာတွေ သုတ်စား..ဟီးး
နောက်ပြိး ပဲတောင့်ရှည်ရရင်ပြုပ်သုတ်
အဆိမ့်နော်...ဆီကျက် မြေပဲ..ပဲမှုန့်
ခါဂျက်ဥသုတ်လည်း တကယ်ကောင်းတယ်။
သံပုရာသီး..မြေပဲ..နံနံပင် ဆီ ကျက်..
ငန်ပြာရည် နဲ့..။

ရွှေရတုမှတ်တမ်း said...

စားတော့ စားချင်တယ်..မလုပ်တတ်တာက ခက်တယ်..
ငယ်ငယ်ကတော့ သုတ်ဖူးတယ် နှပ်ချေးကို တတောင်ဆစ်နဲ့ ရွှတ်ခနဲပဲ...

PhyoPhyo said...

ပန်းသီးသုတ်တဲ့ စားချင်စရာလေး၊ တစ်ခါမှ မစားဖူးဘူး၊ ပုဇွန်ခြောက်မှုန့်က မရတော့ ဘာခြောက်မှုန့်ထည့်ရင်ကောင်းမလဲပဲ၊
သူငယ်ချင်းတစ်ယောက်က ဆရာတော်ဦးဇောတိက တရားနာချင်တယ်ဆိုလို့ ဘယ်မှာရမလဲမေးတာ၊
ဘယ်မှာရှာရမယ်မသိတော့၊ မမေဓာဝီဘလော့လေးကိုပြေးလာတာ၊ Buddha FM လေး လင့်ပေးလိုက်တယ်၊ သူငယ်ချင်းက ကျေးဇူးတွေတင်လို့၊
ခဏခဏရောက်ဖြစ်ပါတယ်၊ ကွန်မန့်မပေးမိတာ၊
Buddha FM လင့်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်
ကျန်းမာရွှင်လန်းပါစေ

Anonymous said...

နောက်ကြမှ ရောက်လာလို့ အသုတ် တွေ ကျန်ပါအုန်းမလားလို့ စိတ်ပူပူ နဲ့လာရတယ် မမေဓါ ရေ

တော်သေးတယ် ကျန်လို့

ပန်းသီးသုတ် ကလေး အဝစားသွားတယ် နော်

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ထမင်းစားရင်
ဟင်းနဲ့ စားရတာထက်
အသုပ်နဲ့ စားရတာ
ပိုကြိုက်တယ် ...

မုန့်ညင်းသုပ်
ဂေါ်ဖီသုပ်
တော်တော်များများကို
အသုပ်အနေနဲ့ပဲ စားဖြစ်တယ် ...း))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ချစ်ကြည်အေး said...

ပန်းသီးသုတ် စားကြည့်ဦးမယ်၊ ပန်းသီးစိမ်းကို တို့စရာလုပ် စားဖူးတယ်၊ မေရေ မျှစ်အဝါ နုနုလေးတွေ ပြုတ်၊ သံပုရာသီးလေးနဲ့ ဆီချက် ပုဇွန်ခြောက်နဲ့ သုတ်စားကြည့် အရမ်းကောင်း၊ စကားမစပ် တို့ညီမလေးလည်း လသာ၂ ကပဲ...

~ဏီလင်းညို~ said...

မမေရေ့......

အနော်တော့ မြင်းခွာရွက်သုပ်ပဲ စားဖူးတယ်......။
ပန်းသီးသုပ် မစားဖူးဘူး.....။
နည်းနည်းကျွေး......။
(ငတ်သွားပါသည်......။)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

khin oo may said...

ဒီနေ့ပေါက် pauk မြင်းခွာရွက်သုပ်တယ်သိလား ဖဘ မှာ တင်ပေးထားတယ် အစ်မကြည့်ချင်တယ်ဆိုလို့။