Tuesday, July 13, 2010

အရေပြား … ပါးများ ပါးနေလား

ဇူလိုင် ၅ရက်နေ့က တင်ခဲ့တဲ့ “အမှိုက်များ လွင့်နေသည်” ပို့စ်မှာ ကျမကို ဖတ်စာ ကူညီရှာဖွေ ပြင်ဆင်ပေးတဲ့ ကိုဇော်ဇော်အောင်နဲ့ ဂျီတော့ခ်မှာ တွေ့လို့ ကျေးဇူးစကားပြောရင်း သူ့ဆီကနေ ဘလော့တွေ ၀င်ဖတ်မရတာမို့ အဲဒီဆောင်းပါး သူဖတ်ရအောင် မေးလ်နဲ့ ပို့လိုက်တယ်။ သူက ကျမ ဘလော့စရေးခါစလောက် ကတည်းက ကျမစာတွေကို အမြဲ ဖတ်ရှု ဝေဖန် ပေးခဲ့သူ တယောက်ပါ။ တခါတရံ ကျမ လိုအပ်တဲ့ အချက်အလက်တွေလဲ ကူညီရှာဖွေ ပေးလေ့ရှိတယ်။ ခု ကျမပို့စ်ကို သူ ဖတ်ပြီးတဲ့အခါ ကျမ အမှတ်တမဲ့ မှားသွားတာလေးတွေ ထောက်ပြ ဝေဖန်ပေးပါတယ်။

တကယ်တော့ ဝေဖန်ရေးဆိုတာ ဘယ်နေရာမှာ မဆို လိုအပ်တယ်လို့ ကျမကတော့ မြင်မိတယ်။ အထူးသဖြင့် ကျမတို့လို ၀ါသနာအရ စာရေးနေသူတွေအဖို့ ဝေဖန်ရေးရှိမှ တိုးတက်မယ် မဟုတ်လား။ ဒါပေမဲ့လဲ အပြုသဘော ဖြစ်ဖို့ကတော့ လိုတာပေါ့နော်။ ကျမ ဘလော့ရေးခါစက အမြင်မတူတာလေးတွေ လွဲနေတယ် ထင်တာလေးတွေ ဟိုလူ ဒီလူကို ထောက်ပြ ဝေဖန်မိပါတယ်၊ ကိုယ်သိသလောက် ဆိုပါတော့။ နောက်ပိုင်းတော့ အကြောင်းကြောင်းတွေကြောင့် အရင်လို သိပ်မပြောဖြစ်တော့ဘဲ ခပ်မဆိတ်ဘဲ နေမိတော့တယ်။ မနေနိုင်ရင် သိပ်ခင်တဲ့သူဆို မေးလ်ပို့ပြီး ပြောဖြစ်ပါတယ်။ ကျမ အမြင်တော့ ဘလော့ဂါအများစုဟာ အငြင်းပွါးရမယ့် ကိစ္စမျိုးကို အထူး ရှောင်ကြဉ်ကြတယ် ထင်ပါတယ်။ တချို့ကတော့ (ဥပမာ - ကိုပေါ) ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာ ၀င်ရောက် ပြောဆို ဆွေးနွေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ အင်မတန်နည်းပါတယ်။

တယောက်နဲ့ တယောက်က အယူအဆချင်း အမြင်ချင်း ရာနှုန်းပြည့် ထပ်တူ မကျနိုင်ပါဘူး။ စာရေးသူ မတွေးမိတဲ့ ရှုထောင့်ကို စာဖတ်သူတွေက တွေးနိုင်ပါတယ်။ တွေးမိတဲ့ အမြင် အတွေးကိုလဲ လွတ်လပ်စွာ ပြောသင့် ဆွေးနွေးသင့်ပါတယ်။ မှားနေရင်လဲ ထောက်ပြ ညွှန်ပြနိုင်ပါတယ်။ ဒါကြောင့် ကျမကတော့ စာဖတ်သူတွေဆီက ပွင့်လင်းတဲ့ ဝေဖန်မှုကို လိုလိုလားလား လက်ခံ ကြိုဆိုပါတယ်၊ ဒီနေရာမှာ တခုရှိတာက အများနဲ့ မသင့်လျော်တဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ မဖြစ်ဖို့တော့ လိုတာပေါ့လေ။ အဲဒါကလွဲလို့ လူတိုင်းဖတ်ရင် အဆင်ပြေမယ့် အကောင်း/အဆိုး မှတ်ချက်များ အားလုံးကို ကြိုဆိုလက်ခံပါတယ်။ တဆက်တည်း စဉ်းစားမိတာက အများသူငါ ဖတ်လို့ရတဲ့ ဘလော့စာမျက်နှာတွေမှာ ရေးနေသူတွေဟာ အရေပြားထူထူတွေ ရှိဖို့လိုအပ်တယ် … လို့ပါ။ ကိုယ်တင်လိုက်တဲ့စာကို လူတန်းစား အမျိုးမျိုးက ဖတ်မှာပဲ။ ဒီနေရာမှာ လူတန်းစားဆိုတာ စာပေ ဗဟုသုတ အဆင့်အတန်းကိုပြောတာပါ။ စာဖတ်သူရဲ့ ၀မ်းစာ အဆင့်အတန်းအလိုက် ကိုယ့်စာကို နားလည်နိုင်စွမ်း လက်ခံနိုင်စွမ်းက မတူညီနိုင်ဘူး မဟုတ်လား။ ပြောချင်တာကတော့ ဘယ်လိုလူမျိုးက ဝေဖန်သည်ဖြစ်စေ ကိုယ်က အရေထူထူနဲ့ ခံနိုင်ရည်ရှိပြီး ချီးကျူးလဲ မမြောက်ဖို့၊ ကဲ့ရဲ့လဲ စိတ်ဓာတ်မကျဖို့ပေါ့။

ကျမလား … အင်း … ကျမ အရေထူသလား ပါးသလားဆိုတာ သူနဲ့ ကျမ အပြန်အလှန် ပြောဖြစ်တာလေးတွေကို ဖတ်ကြည့်ရင် သိမယ်ထင်တာပဲ။ ကျမဆောင်းပါး ဖတ်အပြီးမှာ သူက ကျမမှားနေတာကို တန်းမြင်တယ်၊ [ကျမက ဆောင်းပါးထဲမှာ “နွေအကုန် ဆောင်းအကူး”လို့ ရေးထားမိတာ။] ဒီလိုနဲ့ သူနဲ့ကျမ ခုလို ပြောဖြစ်ကြတယ်။ ဖတ်ကြည့်ပါအုံး။
***
he: အီးးးးး နွေကုန် ရင် မိုးနော်၊ ဆောင်းရောက်သေးဘူး ဟီး
me: ဟားဟား ဟုတ်ပ ရာသီဥတုတောင် မေ့ကုန်ပီ
မိုးအကုန် ဆောင်းအကူး ဖြစ်မယ်
he: ဒါပေမဲ့ တောင်လေတိုက်တာ မိုးရာသီ၊ ဆောင်းရာသီမှာ မြောက်လေနော်
me: ကျမမှတ်မိသလောက် အမှိုက်မီးရှို့တာ ဆောင်းဝင်စပဲ
he: ဟုတ်တယ် ဒါပေမဲ့ တောင်လေ က မိုးဝင်စ မှာတိုက်တာ
me: ပထမတုန်းက လေပွေတိုက်သည် နဲ့ လုပ်ထားတာ အကြာကြီးပဲ
ကိုဇော်ဇော်အောင်ပြောမှ ပြင်လိုက်တာ
he: ဟားး ကျနော်က တော့ ပြောပြီနော် ဟဲ
me: ပြောပါရှင် ပြောမှ သိမှာလေ ကျေးဇူးစကား ထပ်ရေးရမလိုဖြစ်နေပြီ
he: ဟာ နေအုံး သေချာ ဖတ်လိုက်အုံးမယ်
me: ဟုတ်
he: စာရေးတာ power ကျသွားသလိုဘဲ
me: အင်း ဟုတ်လား
ကိုယ့်ဟာကိုယ်တော့ သတိမထားမိဘူး ဘေးလူပြောမှသိမှာ
he: ဟုတ်တယ်
(10 minutes later)
he: မီးဘေးစိုးရိမ်ရတယ်လေ
me: :)
he: ဒီကဗျာက အဲဒါ ရေးထားတာလို့ တော့ ထင်မိတယ်
me: အင်း ဟုတ်မယ်
he: ဆောင်းတွင်းအတွက် ရေးထားတာမဟုတ်ဘူးနော်
me: ကျမဆိုလိုချင်တာ ရာသီက အဓိက မဟုတ်ဖူးလေ
he: ကျနော် နားလည်မိတာကို ပြောတာနော်
ဟုတ်ပါတယ်
me: အင်း ဟုတ်ပါတယ်
he: ဒါပေမဲ့ မီးရှို့တာပါတော့
me: ကျမက ကိုယ်လိုချင်တာ ဆွဲရေးလိုက်တာ
he: မဆီလျော်သလိုဖြစ်နေသလားလို့
me: မီးရှို့တာက တကယ်လုပ်ခဲ့တာကို ရေးတာ
he: ဝေဖန် တာကတော့ ရတယ်နော်။ ကိုယ်တိုင်သာမရေးတတ်တာ....
ဟုတ်တယ် ကိုယ်တိုင်လုပ်တာဘဲ လေ
me: ဝေဖန်ပါရှင် ရပါတယ် ဝေဖန်မှ ကိုယ့်အပြစ်အနာဆာ သိမှာလေ
he: အချိန်ကာလ က မဆီလျော်ဘူးလေ
me: အင်း ပေါ့နော်
he: ကဗျာရဲ့ စေတနာက - နွေ အကုန် မိုး အကူး
me: အင်း
he: နွေရာသီမှာတုန်းက တချိန်လုံးထားခဲ့တဲ့ သတိ
တောင်လေလာပြီ မိုးရွာတော့မယ်ဆိုပြီး မပေါ့ဘို့ပြောတာ
me: သြော် … ကျမအဲလောက်ထိ မတွေးမိဘူး ဖတ်စာကို
he: ဟာ... ဆရာမ ကလဲ
me: :)
he: အမှိုက် က သစ်ရွက်လို့ ပြောတာ မဟုတ်ဘူးလေ
me: အမှိုက်မှာ အများစုကတော့ သစ်ရွက်ပဲလေ
စက္ကူစုတ်တို့ ပလပ်စတစ် ကျွတ်ကျွတ်အိတ်တို့ကို ဆိုလိုတာတော့ မဖြစ်နိုင်ဘူး မို့လား
လေတိုက်ရင် သစ်ရွက်ကြွေမယ် သစ်ရွက်မှိုက်လွင့်မယ်လေ
ဟုတ်တယ်မို့လား
he: အမှိုက်က စ ပြဿဒ် မီးလောင်ဆိုတာရှိတယ် လေ
me: အင်းလေ
ကျမအခုဆောင်းပါးမှာ ဆိုလိုတာကတော့ အမှိုက်က သစ်ရွက်ပဲလေ
he: အင်း မှန်တော့မှန်တယ် ဒါပေမဲ့
အမှိုက်ဆို တာ သစ်ရွက် တမျိုးထဲမဟုတ်ဘူးလေ
me: ပီးတော့ ငယ်ငယ်က အမှိုက်ကောက်ခဲ့တယ် မီးရှို့ဖူးတယ် အဲဒီဖတ်စာကို သတိရရင်း ငယ်ငယ်ကဟာကို ပြန်တွေးမိတယ် အဲဒါကနေ ဆက်ပြီးတွေးမိတာ
အင်း လေ
ကျမဆိုလိုတာကတော့ သစ်ရွက်ပဲ
he: ပြန်ရေးလေ ဒီလိုလဲ တွေးလို့ရတယ် ဆိုတာ ဟဲ
me: :)
he: ဝေဖန်တာနော် အပြစ်ဆိုတာမဟုတ်ဘူး
me: အင်းပါ ဝေဖန်ပါရှင် ဘယ်လိုမှ မနေပါဘူး
he: ကော့မန့်တွေက ဘာတွေ ရေးထားသေးလဲ
me: ခဏလေး ပြန်ကြည့်အုံးမယ်

(ကွန်မန့်တွေ ကော်ပီကူး ပြလိုက်ပါတယ်။)

he: ဩ တော်သေးတာပေါ့နော် စိတ်အကြောင်းတွေဘဲ ရေးလို့
me: :) အင်း ဟုတ်တယ်
he: ရာသီဥတုက အရေးမကြီးလို့ မပြောတာနေမှာပါ
ပြီးတော့ အင်္ဂလန်မှာက နွေပြီးရင် ဆောင်းဘဲလေ
spring, summer, autumn, winter ဟုတ်တယ် ဟုတ်
me: ခုပြောင်းလိုက်ပီ ကျမရေးတာက မြန်မာရာသီကို ရေးတာလေ
he: မပြောင်းနဲ့တော့လေ ဒီအတိုင်းဘဲ ထားလိုက်ပေါ့
me: ပြောင်းပီးသွားပြီ
he: အာာ ဘယ် လိုပြောင်းလိုက်လဲ ပြောပြအုံးလေ
me: မိုးအကုန် ဆောင်းအကူးပေါ့
he: အဲဒါဆို
me: အိမ်မှာမီးရှို့တုန်းက မိုးအကုန် ဆောင်းအကူးပဲကို
he: တောင်လေဆိုတာ မှားသွားလိမ့်မယ်
me: ကျမက တောင်လေက အဓိက မဟုတ်ဘူးလေ
he: နွေကုန်ခါနီး မိုးအကူးလို့ဘဲ ရေးလိုက်ပါလား မီးရှို့တာက ဘယ်အချိန်ဘဲ ဖြစ်ဖြစ်လေ
me: ဟင့်အင်း
တောင်လေတိုက်လာပြီဆိုတာက ဖတ်စာအနေနဲ့ အစမို့ ထည့်ထားတာ
ကျမ အဓိက ဆိုလိုချင်တာက …
စိတ်နဲ့ တူတဲ့ အမှိုက်များလွင့်နေတာကို လိုက်ပြီးသိမ်းဆည်းရမှာ
မောဟနဲ့တူတဲ့ ငိုက်မျည်းခြင်း မဖြစ်အောင် သတိနဲ့ထိမ်းသိမ်းရမယ်
အဲဒါ လိုရင်းပဲ
တောင်လေဆိုတာတွေ မီးရှို့တာတွေက အရံ အဖြည့်ခံတွေပဲ ကိစ္စ မရှိဘူး
he: ဟုတ်ပါပြီ သဘောပါဘဲ
me: :)
he: :)
me: ငြင်းတာဟုတ်ဖူးနော်
he:
me: ကျမဆိုလိုရင်းကို ပြောပြတာပါ
he: နားလည်ပါတယ် ကျနော် က ဝေဖန်ပြတာလေ
me: အင်း ကျမလက်ခံပါတယ်
he: မေ့စာတွေကို ပြင်ပေးတာမဟုတ်ဘူးလေ ဟဲ
me: ဟုတ်ကဲ့ပါ
he: မနေ့ က ကမ္ဘာ ဖလားက အချိန်ပိုနဲ့ဆိုတော့
အတော်ကို ညဉ့်နက်မှာဘဲ နော်
me: ဒီမှာတော့ နက်ဖူးလေ
၉ ခွဲ လား ၁၀ မတ်တင်းလားပဲ
he:
ဒီမှာက တော့မနက်ထိအောင်ဖြစ်သွားတယ်လေ
me: :) အင်းပေါ့
he: အဲဒါနဲ့ဘဲ အိပ်လိုက်တာ ၉ နာရီမှဘဲ နိုးတယ် ဟဲ
me: အဖေလဲ အိပ်နေတာတဲ့ ခုနက စကားတောင် ထမပြောနိုင်ဘူး
he: ဟုတ်လား ကျနော်တော့ အောက်တော့မယ်
me: ဟုတ် တာ့တာ ဂွတ်နိုက်
he: တာ့တာ
***
သူကတော့ ကျမနဲ့ မငြင်းချင်တော့လို့ ထင်ပါရဲ့ စကားစဖြတ်ပြီး လော့အောက်လုပ်သွားတယ်။ ကျမလဲ ခုမှ ကိုယ်ပြောတာ ကိုယ်ပြန်ဖတ်ပြီး ကိုယ့်အရေပြားကိုယ် ခပ်ပါးပါးပဲ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ကိုယ့်ကိုယ်ကိုယ် အတင်းကာပြီး ဇွတ်ငြင်းနေတာကိုး။ ပြီးတော့ ငြင်းတာမဟုတ်ဘူးလို့ ကမန်းကတန်း အတည်ပြုချက် ယူလိုက်ရသေးတယ်။ ချက်လစ်တွေ ပြန်ဖတ်ပြီး ကျမ တယောက်ထဲ ရယ်နေမိတယ် (လူကြီးရှက်တော့)။ ဝေဖန်ထောက်ပြပေးတဲ့ သူ့ကိုလဲ ကျေးဇူးအထူး တင်မိပါတယ်။ ဒါနဲ့ပဲ သူ့ခွင့်ပြုချက်တောင်းပြီး အရေပြားထူစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ ဘလော့မှာ တင်လိုက်ပါတယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၁၀
၁၆း၃၀ နာရီ

9 comments:

ကိုအောင် said...

ကျနော်လည်း အငြင်းပွားရမယ့် ကိစ္စမျိုးကို အထူး
ရှောင်ကြဉ်လာတယ်၊ အမြင်တစ်ခု အမှန်တရားတစ်ခု
ဟာ အချိန်ကာလတွေ၊ ဒေသတွေအပေါ် မူတည်ပြီး
ပြောင်းလဲလာတယ်လို့ ထင်ပါတယ်၊ တခါတလေတော့
လည်း ရှောင်ရင် ရှောင်ရန်နဲ့ လမ်းနဲ့ဝေးရာ ရောက်
မှန်းမသိ ရောက်ကြပါတယ်၊ ဒါတွေက အခုမှ မဟုတ်
ပါဘူး၊ ဝေဖန်ရေးကို အလွယ်တကူ လက်မခံနိုင်တဲ့
အခါ ဝေဖန်ရေး သေဆုံးသွားတယ်လို့ပဲ ခေါ်ရမလားပဲ။

Anonymous said...

ကြီးမေ
စည်းစိမ် စာတော်ဖတ်ပြီး ဇိမ်ကျနေတယ်

စာရေးသူ မတွေးမိတဲ့ ရှုထောင့်ကို စာဖတ်သူတွေက တွေးနိုင်ပါတယ်။

အပြည့်အ၀ထောက်ခံပါတယ် ကြီးမေရေ

ကြီးမေရေ ၀မ်းစာ အဆင့်အတန်းအလိုက်
မှန်ပါ၏။

ခင်မင်စွာဖြင့်
seesein

သူကြီးမင်း (တုံးဖလား) said...

အရေပြားကတော့ မထူမပါးပါဘဲဗျာ။ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတွေကိုတော့ လက်ခံဖို့အဆင်သင့်ပါ။

ဒါပေမဲ့ လူတိုင်းကိုတော့ မဝေဖန်ရဲပါဘူး။ အမှန်အတိုင်းပြောတာပါ။

Anonymous said...

အမရေ..

စာဖတ်သူရဲ့ ၀မ်းစာ အဆင့်အတန်းအလိုက် ကိုယ့်စာကို နားလည်နိုင်စွမ်း လက်ခံနိုင်စွမ်းက မတူညီနိုင်ဘူး မဟုတ်လား။
အဟုတ်ပဲ..။ ညီမကတော့ တချို့ စာသိပ်လေးရင် ဖတ်ဘူးဆိုတာ..အမသိတယ်ဟုတ်..ဟီးး

မြတ်နိုး

Anonymous said...

မမေဓါဝီ ရေ

ဟုတ်ပနော် စာရေးတဲ့ သူတွေ အရေထူ ဘို့လိုတယ်

ဒါပေမဲ့ တချို့ အတွေးအခေါ်တွေ အယူအဆ တွေကြ တော့လည်း တယောက် နဲ့ တယောက် တူချင်မှ တူမှာပါ

ဒါပေမဲ့ ကိုယ်နဲ့ အတွေးမတူလေတိုင်း သူများကို ဝေဖန်ဘို့ မသင့်ပါဘူး ဒါပေမဲ့ ဝေဖန်ဘို့ရာလည်း သူ့အခွင့်အရေးဘဲ

လူတိုင်းမှာ ကိုယ်ခံယူထား တဲ့ အတိုင်း ဘဝကို လျှောက်ခွင့် ရှိပါတယ် ဒါ လူတိုင်းရဲ့ အခွင့်အရေးပါ...

ဖြစ်လာတဲ့ ပြသာနာ တွေကိုလည်း ကိုယ့်တာဝန်ကိုယ်ယူရမှာ ပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နေ၀သန် said...

ရှောင်ကြဉ်ကြတာပေါ့... ဘာလို့လဲဆိုတော့ ပါးစပ်ကသာ ဝေဖန်မှ တိုးတက်မယ်..ဝေဖန်ပါ ဘာညာနဲ့ တကယ်တမ်း ဝေဖန်တဲ့သူနဲ့လည်းတွေ့ရော ပထမဆုံး စိတ်ထဲက ဘ၀င်မကျဘူး.. နောက်တဆင့် အဲဒီလူကို မကျေနပ်တော့ဘူး... ဒီ့ထက်ပိုဆိုးလာရင် ရန်ထဖြစ်ကြတော့တယ်... ဒါကြောင့်လည်း ကျွန်တော်အပါအ၀င် အားလုံးက ဝေဖန်ခြင်းကို ရှောင်ကြဉ်ကြတယ်နေမှာပါ...


ခင်မင်တဲ့
နေ၀သန်
(ကိုယ်တိုင် မကြုံဖူးပေမယ့် ဖြစ်နေတာတွေကို မြင်နေရလို့ ပါ..၊ :D)

ကိုပေါ said...

သူလည်းလေ လောကီသားပေမို့
ပါးချင်လှ ရှာရော့မယ်။ (အရေပြား)

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအထိကတော့ ကျနော်လည်း စကားနည်း ရန်စဲ သမား။ သဘောမတူလည်း သိပ်အတိုက်အခံမပြောဘဲ ငြိမ်နေတတ်တယ်။ လူတကာနဲ့ သင့်မြတ်တယ်ဆိုတဲ့ အစားထဲကပေါ့။

ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစလို့ အွန်လိုင်းပေါ်မှာ အတိုက်အခံလုပ်တဲ့ ကွန်မင့်တွေ၊ စာတွေ ရေးဖြစ်တယ်။ ဆန့်ကျင်ဖက် အမြင်တွေကို တမင်တကာ ပြောထုတ်တယ်။

ဒါတောင် အပြင်လောကမှာဆို နှုတ်မရဲသေးလို့ စကားလုံးအားဖြင့်တော့ သိပ်မပြောဖြစ်၊ အတိုက်အခံ မလုပ်ဖြစ်သေးဘူး။ (ထအရိုက်ခံရမှာ ကြောက်တာလည်း ပါတယ်။း-)

ပြောသာပြောရတာပါ။ မြန်မာအသိုင်းအဝိုင်းမှာသာ ဒါမျိုးကို ထူးဆန်းနေတာပါ။ တခြား အင်္ဂလိပ်ဘာသာနဲ့ အွန်လိုင်းတွေမှာ၊ ဘလော့ဂ်တွေမှာတော့ ဒါမျိုးတွေ ရိုးနေပြီလို့ ဆိုရမှာပါ။

အရေပြားအထူအပါးနဲ့ ပတ်သက်လို့တော့ ဘလော့ဂ်မှာ အွန်လိုင်းပေါ်မှာ ကိုယ့်ကို လာဝေဖန်တာတွေနဲ့ ပတ်သက်လို့ တော်တော်လေး အရေထူလာပြီလို့ ကိုယ့်ကိုယ်ကို ထင်မိတယ်။ တော်ရုံတန်ရုံဆို အရင်ကလို စိတ်ခံစားမှုမပြင်းထန်ဘဲ လက်ခံနိုင်လာပြီ။

မြှောက်ပြောတာနဲ့ ပတ်သက်ရင်တော့ အရေပါးသေးတယ်ထင်တယ်။ နည်းနည်းမြှောက်တာကို များများမြောက်ချင်တယ်ခင်ဗျ... ဟဲ... ဟဲ။ သူမှန်တဲ့အတိုင်းပြောတာပဲလေ... ပြောပါစေပေါ့။း-)

ရွှေရတုမှတ်တမ်း said...

အများစုကတော့ သိတ်ဝေဖန်ကြတာ မတွေ့တော့ဘူး ဒေါ်လေးမေရေ့.. ရေးတုန်းလေးခန သင့်သင့်မြတ်မြတ်နေချင်ကြထင်ပါရဲ့..
ကျနော်ကတော့ ကိုယ်တိုင်က ဟေးလားဝါးလား အပျော်စာပဲ ရေးချင်တော့ သူများတွေ ဒဿနကို ဟာသသွားလုပ်ရင် လှောင်သလိုဖြစ်မှာစိုးလို့ ဆင်ချင်နေရတယ်..ကျနော့ကိုတော့ ဘယ်သူလာပြီး ပြောင်ပြောင်နောက်နောက် သရော်သရော် ကြိုက်တယ်..အဲဒါတွေဖတ်ပြီးရီရတာအရသာရှိတယ်..

~ဏီလင်းညို~ said...

မမေရေ့......

အဟုတ်ပါဗျာ......။
သွားထောက်မိရင်တော့.......ဟက်ထိသွားပြီဆိုရင် ကိုယ့်ကို အမှန်အကန်တင်းသွားမှာပါပဲ......။
တစ်ခါတစ်လေ........ကော်မန့်တွေမှာ အပြန်အလှန်ရန်ဖြစ်တာတွေတွေ့ရရင် စိတ်မကောင်းဘူး......။
စကားထဲက.......ဇာတိပြဆိုသလိုမျိုးလေးတွေတွေ့လိုက်ရတာမို့ပါပဲ.....။ အမှတ်မထင်ပေါ့နော့်....။
အမုန်းမခံချင်လို့ (ကျွန်တော်အပါအ၀င်) တော်တော်များများက မပြောကြတော့တာနဲ့တူပါတယ်လေ.....။
ကိုယ့်အတွေးနဲ့ မကိုက်ညီတာတွေရှိရင်တော့ ဘာမှထွေထွေထူးထူးမပြောတော့ပဲ...လှည့်ပြန်လာလိုက်တာများတယ်ခုတော့......း))
ကျွန်တော်ကတော့....နောက်ဆို......စောင်ထူထူခြုံပြီးရေးမလားလို့.....း))

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို