Friday, July 09, 2010

နိုးထချိန်

သူဟာ …
ဒီရေမှာ စီးမျောရင်း
ချောင်းငယ်ရဲ့ တေးသီချင်းနဲ့
ကြီးပြင်းလာခဲ့တယ်။

ကောင်းကင်ကို မော့ကြည့်ပြီး
မြေကြီးကို မေ့လျော့ကာ
ဒဏ်ရာတွေ အခါခါရခဲ့ဖူးတယ်။

ဒီလိုနဲ့ …
ရေစီးသံ တညံညံ
မြစ်ယံရဲ့ ရင်ခွင်ထဲ
မရဲတရဲ တိုးဝင်ခဲ့တယ်။

ကြယ်ရောင်တောက်ပ
ညနက်နက်တွေကို
အိပ်မက်လို စိတ်ကူး
ရင်ခုန်ရင်း ရူးခဲ့ဖူးတယ်။

နောက်ဆုံး …
လှိုင်းပုတ်သံ တ၀ုန်းဝုန်းအောက်
လက်မြှောက်ရင်း ကျဆုံး
အရှုံးလည်း ပေးခဲ့ရတယ်။

တွယ်တာစရာ
ဘယ်အရာမှမရှိတဲ့ ဘ၀အရိုင်းပါကွယ် …
ညတိုင်းမှာ အိပ်မက်ဆိုးတွေက
မရိုးနိုင်အောင် နှိပ်စက်ကြလို့
အိပ်ပျက်ညတွေနဲ့ ယဉ်ပါးခဲ့ရတယ်။

ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း
ဘာတခုမှ မလွမ်းလောက်တော့တဲ့အခါ …
ရင်မှာနာကျင်ခြင်း ကင်း …
ဟင်းလင်းပြင် သက်သက်
မအိပ်စက်ပါဘဲလျက်
မက်မက်နေတဲ့ အိပ်မက်တွေက
နိုးထလာခဲ့ပါတယ် … ။
***

၉၊ ဇူလိုင်၊ ၂၀၁၀
၂၂း၃၂ နာရီ

9 comments:

ကိုအောင်(ပျူနိုင်ငံ) said...

“မအိပ်စက်ပါဘဲလျက်
မက်မက်နေတဲ့ အိပ်မက်တွေက”
အဲဒီစာသားက မိုက်တယ်ဗျာ ....
တချို့က အိပ်နေတာတောင်
အိမ်မက် မမက်တော့ဘူး၊ နိုးထဖို့ဆိုတာ ...
ဖြစ်လာပါစေပေါ့ဗျာ၊ ကဗျာက ကောင်းပါတယ်။

နေ၀သန် said...

အိပ်မက်ထဲက နိုးထလာတာ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့တော်တော်များများက မနိုးလာပဲနဲ့ အိပ်မက်ထဲမှာကိုပဲ ကြေကွဲနေကြရတာ....


ခင်မင်တဲ့
နေ၀သန်

Anonymous said...

မအိပ်ဘဲ မက်တဲ့ အိမ်မက် ကို မက်ကြည့်ပြီး လွင့်မျော နေတာ ကြာပေါ့

အရာအားလုံး အဆင်ပြေပါစေ

proxy တွေက ခဏခဏဘန်းနေတော့ ကျော်ခွ နေရတာတွေ များလွန်းလို့ သိပ်တောင်မရောက်ဖြစ်ဘူး

ကြီးမေ နေကောင်းတယ်ဟုတ် ဘောပွဲ ကြည့်ဖို့ အားမွေးထားနော
ခင်မင်စွာဖြင့်
seesein

Anonymous said...

မအိပ်စက် ပါဘဲ မက်မက် နေတဲ့ အိမ်မက် တွေ တဲ့..

အင်းဟုတ်ပ မမေဓါဝီ ရေ

အိမ်မက် တွေက မက်နိုင်လွန်းတယ် ဘယ်တော့များမှ အိမ်မက် တွေက တကယ်ဖြစ်လာမယ်မသိ ...

ကဗျာလေးတွေ ရေးတတ်လိုက်တာ

ကျန်းမာချမ်းသာ စေရန် ဆုတောင်းမေတ္တာ ပို့သလျှက်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Crystal said...

ကဗျာလေး လာဖတ်ပါတယ်။

kokomaung.uk said...

အိပ်စက်ခြင်းတို့တွင် မျက်လုံးဖွင့်ပြီးအိပ်စက်ခြင်းသည် နှလုံးသားနုသူတို့အတွက် ကျိန်စာတစ်ခုဖြစ်၏။

အိပ်မက်မက်ခြင်းတို့တွင် မအိပ်စက်ဘဲ မက်သောအိပ်မက်သည် အိပ်မရသူတို့အား ကတောက်ကဆဖြစ်ေ၏။

ဘာမှမဟုတ်ဘူး။ ၀င်ပွါးကြည့်တာ။းဝ)

လင့်ခ်ကလေးကို တစ်ပါတည်းယူသွားပါတယ်။ အသစ်တက်လာရင် ဖတ်လို့ရတာပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေရတုမှတ်တမ်း said...

နိုးထချိန်သာဆိုတယ်..ပဲပြုတ်းးးးးးးးးးးးးးးလို့ အော်သံလဲ မကြားရပါလား..
ဒေါ်လေးမေ..နေကောင်းရဲ့လား

တန်ခူး said...

ဒီကဗျာလေးထဲမှာ နာကျင်ခြင်းတွေ တွေ့ ရတယ်... ခပ်ပါးပါး အလွမ်းတွေက မိန်းခလေးတယောက်ရဲ့မာနတွေအောက် ရောက်သွားတာလဲလှတယ်... အိပ်မက်ချိုချိုတွေက နိုးထချိန်ဆိုတာ တနေ့ ရောက်လာမှာပါ မေရယ်...

ညလင်းအိမ် said...

ကဗျာလေး စီစဉ်ထားပုံ တော်တော် လှတယ်ဗျာ ...