Monday, July 05, 2010

အမှိုက်များ လွင့်နေသည် …

အိမ်ပြန်ရောက်၍ ကားပေါ်မှအဆင်း အိမ်အ၀င်လမ်းတလျှောက် သစ်ရွက်မှိုက်တွေ ဟိုတစ ဒီတစ လွင့်နေသည်ကို တွေ့ရ၏။ တနေ့လုံး လေတော်တော် တိုက်သွားပုံရသည်၊ ခုထိလည်း လေပွေက ခပ်ဝေ့ဝေ့ တိုက်နေဆဲ။ လေချွေချသဖြင့် ရွက်ခြောက်တွေအပြင် ရွက်စိမ်းတွေပါ ကြွေကျကာ အမှိုက်အဖြစ် စုပုံလျက်ရှိသည်။ ရွက်ကြွေရာသီ မဟုတ်ပေမဲ့ လေအရမ်းတိုက်ရင် အညှာမခိုင်တဲ့ သစ်ရွက်တွေ ကြွေကြတာ ဓမ္မတာပဲ … ။


ထိုသစ်ရွက်တွေကို နင်းဖြတ်၍ အိမ်တံခါးဖွင့်ဝင်ရင်း ငယ်ငယ်က ရွတ်ဆို ကျက်မှတ်ခဲ့ဖူးသည့် စာအပိုင်းအစက အတွေးထဲ ရောက်လာသည်။

တောင်လေတိုက်လာပြီ။*
အမှိုက်များ လွင့်နေသည်။
လိုက်၍သိမ်းဆည်းပါ။
ငိုက်မနေပါနှင့်။
***
ငယ်စဉ်က မိုးအကုန် ဆောင်းအကူး*ရာသီမျိုး ခြံထဲမှာ သစ်ရွက်တွေ ကြွေပြီဆိုလျှင် အဘိုးက သစ်ရွက်ခြောက် အမှိုက်တွေ လိုက်ကောက်ခိုင်းသည်။ လူကြီးတွေက အုန်းတံမြက်စည်း အရှည်တွေဖြင့် တဂျွမ်းဂျွမ်း တံမြက်လှည်း၊ ကလေးတွေက အမှိုက်ကောက်၊ တခါတလေ အုန်းတံမြက်စည်း တုတ်တံကလေးဖြင့် သစ်ရွက်ခြောက်တွေကို ထိုးသီပြီး ကောက်ခဲ့ကြသည်။ သစ်ရွက်တွေကလည်း အမျိုးမျိုး အစားစား။ သရက်ရွက်, ပိန္နဲရွက်, ပိတောက်ရွက်တို့လို နည်းနည်းကြီးတဲ့ အရွက်တွေရော၊ ကံ့ကော်ရွက်, ဆီးရွက်တို့လို ခပ်သေးသေး အရွက်တွေရော၊ မန်ကျည်းရွက်, တမာရွက်လို အလွန်သေးတဲ့ အရွက်ကလေးတွေရော စုံလှ၏။

လှည်းကျင်းပြီး စုပုံထားတဲ့ သစ်ရွက်မှိုက်တွေကို နေ၀င်ရီတရော အချိန်လောက်မှာ မီးပုံရှို့လေ့ရှိသည်။ တဖျစ်ဖျစ်မြည်ပြီး မီးစွဲလောင်သွားတဲ့ သစ်ရွက်ခြောက်တွေကို မီးအတက်ညီအောင် တုတ်ချောင်းလေးဖြင့် ဆွပေးရင်း မီးရှို့သည့် အနားမှာ ရေပုံးတပုံးဖြင့် စောင့်နေရသည်။ မီးရှိန်ပြင်းကာ မျက်နှာကို အပူလာဟပ်လျှင်တော့ တုတ်ချောင်းပစ်ချပြီး နောက်ဆုတ်ပြေးကြသည်။ အမှိုက်တွေထဲမှာ သစ်ရွက်စိမ်း တချို့တလေ ပါလာပြီး မီးခိုးအူထွက်လာလျှင် ကိုယ့်ဘက် မလာအောင် ယပ်ခပ်ထုတ်ရင်း …
“မီးခိုးရေ ကြက်သားစားချင် ဟိုဘက်သွား၊ မီးခိုးရေ အာလူးစားချင် ဒီဘက်လာ” ဟု အော်ကြသေးသည်။ တကယ်တမ်း မီးခိုးက ဘာမှ သိတာမဟုတ်၊ လေသင့်ရာ ဝေ့၍ သွားနေသည်သာ။

တောင်လေတိုက်လာပြီ။
အမှိုက်များ လွင့်နေသည်။

သစ်ရွက်တွေက လေတိုက်၍ ကြွေကြသည်၊ အမှိုက်တွေက လေတိုက်၍ လွင့်ကြသည်၊ သို့သော် စိတ်တွေကတော့ လေမတိုက်ပါဘဲနှင့် လွင့်လည်း လွင့်သည်၊ ကြွေလည်း ကြွေသည်။ တနေရာထဲမှာ ငြိမ်သက်စွာ ထိုင်နေလျက် မိုင်ထောင်ချီဝေးသော ဒေသသို့ ရောက်ချင် ရောက်သွားတတ်သည်။ လူတဦးနှင့် စကားပြောနေပါလျက် တခြားတဦးအကြောင်း တွေးချင် တွေးမိတတ်သည်။ အထပ်ပေါင်းများစွာ မြင့်မားသော အဆောက်အဦးထက်မှာ နေပါလျက် စိတ်ဓာတ်တွေက ဟိုးမြေကြီးအောက် ရောက်ချင် ရောက်နေတတ်သည်။ မြေကြီးပေါ်မှာ လျှောက်နေလျက်လည်း စိတ်တွေက ကောင်းကင်ထက်သို့ တက်လှမ်းချင် လှမ်းနေတတ်သေးသည်။

မတည်ငြိမ်သော စိတ်တွေဖြင့် လူက အသားကျလို့နေပြီ။ လွင့်ပျံ့တတ်သောစိတ်၊ လှုပ်ရှားလွယ်သောစိတ်၊ ပြောင်းလဲတတ်သော ထိုထိုစိတ်တွေကို ထိမ်းချုပ်ရန် မကြာခဏ ကြိုးစားကြည့်မိသော်လည်း သိပ်တော့ မလွယ်လှ။ လှုပ်ရှားခြင်းဖြင့်သာ နေသားကျနေပြီမို့ တည်ငြိမ်အောင် ထိမ်းချုပ်ဖို့ရာ ခက်လှသည်။ ရံဖန် ရံခါ ပြုလုပ်မိသော စိတ်လေ့ကျင့်ခန်းဖြင့် မိမိစိတ်ကို ဖြည်းဖြည်းချင်း ပြုပြင်ယူရသည်။ သို့တိုင်လျက် … ခက်ခဲ ပင်ပန်းလွန်း၍ လက်လျှော့မိသည်သာ။

လိုက်၍ သိမ်းဆည်းပါ။
လွင့်နေသော အမှိုက်များကို လိုက်၍ သိမ်းဆည်းရသလို မတည်မငြိမ် လှုပ်ရှားနေသော ပျံ့လွင့်နေသော မိမိစိတ်ကိုလည်း တည်ငြိမ်အောင် လိုက်၍ သိမ်းဆည်းရမည် မဟုတ်လား။ ငယ်ငယ်တုန်းက သစ်ရွက်ခြောက်တွေကို တရွက်ချင်း လိုက်ကောက်သလိုမျိုး မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်အညစ်အကြေးတွေကို သတိဖြင့် စောင့်ကြည့် ကောက်သိမ်းရပေဦးမည်။ ထပ်ခါထပ်ခါ လေတိုက်၍ ထပ်ခါထပ်ခါ ပျံ့လွင့်လျှင် ထပ်ခါထပ်ခါ လိုက်၍ သိမ်းဆည်းရမည်။ ဒီလိုနှင့် တဖြည်းဖြည်း အမှိုက်သရိုက်တွေ ကင်းစင်သွားသလို စိတ်အညစ်အကြေးတွေလည်း တစတစ လျော့ပါးသွားမည်လားဟု တွေးမိသည်။
***
ရာသီက အုံ့ပျနေလျှင် စိတ်က ထိုင်းမှိုင်းတတ်သည်။
ရာသီက သာယာသော်လည်း စိတ်က တွေဝေမိန်းမော တတ်သေးသည်။
တခါတခါ အဘိုးအမိန့်ကြောင့်သာ အမှိုက်ကောက်ရသော်လည်း မကောက်ချင်၊ စိတ်မပါ၊ ပျင်းသည်။ များသောအားဖြင့် သစ်ရွက်ကြွေချိန်က နွေအကုန် ဆောင်းအကူးမို့ လေရူးကဝေ့ဝေ့၊ ရာသီက သွေ့သွေ့။ လူကလည်း ထိုင်းမှိုင်းကာ တက်ကြွမှု မရှိ၊ တသမ်းသမ်း တဝေေ၀ဖြင့် အိပ်ရာထဲမှာပဲ ပျင်းရိစွာ ခွေနေချင်သည်။ ဆောင်းတွင်းရာသီ နေ့ခင်းဘက်အိပ်လျှင် သွေးလေးပြီး တော်တော်နှင့် မထချင်။ အိပ်ပြီးရင်းသာ အိပ်ချင်နေ၏။ ဒါကြောင့်လည်း ငယ်ငယ်က ဖတ်စာထဲမှာ “ငိုက်မနေပါနှင့်” ဟုရေးထားတာ ဖြစ်မည်။

ဘ၀တလျှောက်လုံး နာရီပေါင်းများစွာ အိပ်စက်ခဲ့ပြီးပြီ။ တွေဝေမိန်းမောမှုများဖြင့် အချိန်တွေ ကုန်လွန်ခဲ့ပြီးပြီ။ နေ့ရက် ရာသီတွေကို ရယ်မော ပေါ့ပါးစွာလည်း ဖြတ်သန်းခဲ့ပြီးပြီ။ အမှိုက်တွေ လိုက်သိမ်းချိန်မှာတော့ ငိုက်မျဉ်းနေ၍ မဖြစ်ချေတော့။ ဘ၀အတွက် ရှင်သန်ရမည့် အချိန်က သိပ်မကျန်တော့ပြီမို့ တွေဝေစိတ်၊ ပျံ့လွင့်စိတ်၊ ထိုင်းမှိုင်းစိတ်တွေကို သတိဖြင့် ကြိုးစား အားတင်း၍ သိမ်းဆည်းရဦးမည်တည့်။
***
မေဓာဝီ
၅၊ ဇူလိုင်၊ ၂၀၁၀
၁၂း၁၁ နာရီ

မှတ်ချက်။ ... ။ * ကျမ မှားနေသော ဖတ်စာကို ကူညီရှာဖွေပေးပြီး လွဲနေသော ရာသီဥတုကို ဝေဖန် ထောက်ပြ ပြင်ဆင်ပေးသော ကိုဇော်ဇော်အောင်အား ကျေးဇူးအထူး တင်ပါကြောင်း။

ရေးခဲ့ဖူးသော ဖတ်စာ အပိုင်းအစများ

10 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဘ၀မှာ နောက်ထပ် နာရီပေါင်းများစွာ ပျော်ရွှင်ပါစေ။

နေ၀သန် said...

ဆက်စပ်ပုံတော်လိုက်တာ...း))).... တကယ်တမ်းစိတ်ကတော့ သိမ်းဆည်းလို့ခက်တယ်နော်....

ခင်မင်တဲ့
နေ၀သန်

sosegado said...

မိမိစိတ်ကိုတည်ငြိမ်အောင် လိုက်၍ သိမ်းဆည်းရခြင်းသည် မလွယ်ပါကြောင်း…….

SHWE ZIN U said...

မမေဓါဝီ ရေ

စာလေးဖတ်သွားတယ်နော် စိတ် တွေ မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်အညစ်အကြေးတွေကို သတိဖြင့် စောင့်ကြည့် ကောက်သိမ်းရပေဦးမည်။

အဲဒါ မှန်တယ်နော် စိတ်က အမြဲတန်းဖောက်ပြန်နေတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မ အတွးလေးက ကောင်းလိုက်တာ
သတိပြုစရာလေးပါဘဲ.. သေသေချာချာကို ဖတ်သွားပါတယ်..

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ..
ခုမှ လာနိုင်တော့တယ်..
ဒါတောင် ဂျိုင်းထောက်ကူရသေး..

Anonymous said...

as usual you have unbelievable talent in writing and I rally like your thoughts and ideas.... my "sate" is also "lwint" all the time. it's very difficult to keep it steady but got to try, we don't have a choice, do we....

တန်ခူး said...

မေရေ... မျောချင်တိုင်းမျောနေတဲ့ စိတ်တွေကို ထိန်းချုပ်ဖို့ သတိပေးလိုက်တဲ့ ပို့ စ်လေးပါ...မောဟတွေနဲ့ ငိုက်မြည်းနေတဲ့အချိန်တွေကို မေက လှုပ်နိုးပေးလိုက်လို့ ကျေးဇူးပါ... ဘာကြောင့်မှန်းမသိ... ငယ်က ဖတ်စာလေးတွေကို အမလဲ သံယောဇဉ်တွယ်မိတယ်... မေ့စိတ်ကူးလေးကလှလိုက်တာ...

ရေတမာ said...

ဖတ်လို့ကောင်းလိုက်တာအမရေ ငိုက်နေလို့မဖြစ်သေးပါဘူး

sonata-cantata said...

မသီတာကြီး ငိုက်နေလို့ ဒီပို့စ်ကို ဟိုတကွက် ဒီတကွက်ဖတ်သွား...
အမယ်... ငယ်ငယ်က ဖတ်စာထဲက ပျင်းရိခြင်း ခြောက်ပါး ပုံလေးတွေနဲ့ သရုပ်ဖော်ထားတာကိုတော့ ကွက်ကနဲ မြင်လိုက်မိသလိုလို...

အရေပြား ပါးများ ပါးနေလား ကိုတော့ အစအဆုံး သေသေချာချာ ဖတ်သွားပါတယ်