Monday, April 14, 2008

တမ်းတဖွဲ့ (ပိုဒ်စုံရတု)

ရတုပိုဒ်စုံကို တခါမှ မရေးဖူးတာနဲ့ စမ်းပြီး ရေးကြည့်ထားပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကဗျာမရေးနိုင်သော အတာသင်္ကြန်

အတာရေအေး
သွန်းလောင်းပေးချင်၊ ဝေးရပ်ခွင်မှ
ကြင်နာရသူ၊ မေ့ချစ်သူကို
တူရူတမ်းတ၊ လွမ်းပါရရှင့်
မေနှင့်သူက၊ ဌာနချင်းကွာ
ကာလချင်းခြား၊ ပင်လယ်တားဆီး
ခရီးဝေးလွန်း၊ တကျွန်းစီမို့
ပို့သမေတ္တာ၊ မာပါစေကြောင်း
မေဆုတောင်းပြီး၊ နီးရမည့်ရက်
ရေကာတွက်လည်း၊ ဝေးလျက်ဝေးသာ
ဝေးကာကွာသည် ...
အတာရေ မအေးနိုင်ပြီတကား ... ။

နံ့သာတွေမွှေး
မေကသွေးလျက်၊ ပါးပြင်ထက်မှာ
လိမ်းကာခြယ်သ၊ အေးမြပါးပြင်
မွှေးစေချင်လည်း၊ သူလျှင်ဘယ်မှာ
ဘယ်ခါလာနိုး၊ မျှော်ကာကိုးရင်း
သက်ပြင်းကိုချ၊ လွမ်းနေရပေါ့
အားလျော့တလှည့်၊ အားနွဲ့တချီ
မရီ(ရယ်) မပြုံး၊ နှလုံးပူဆွေး
ငိုကြွေးခါခါ၊ ကြာများကြာလျှင်
ချစ်ကြင်သူတွက်၊ ပါးပြင်ထက်မှာ
နံ့သာလည်းကင်း၊ ရနံ့သင်းတွေ
ပျယ်ပျောက်လေပြီ ...
နံ့သာတွေ မမွှေးနိုင်ပြီတကား ... ။

ကဗျာတွေရေး
စာတွေရေးရင်း၊ အတွေးနယ်ချဲ့
ဒီလိုတဲ့လေ ...
သူ့ရဲ့ရင်ခွင်၊ ခိုနွဲ့ဝင်ရင်း
တေးသီချင်းကို၊ ပြိုင်တူဆိုညည်း
နီးနီးဝေးဝေး၊ အေးအေးပူပူ
အတူတကွ၊ လက်တွဲကြစို့
တို့ရဲ့ပန်းတိုင်၊ လှမ်းနိုင်ဖို့အရေး
ခရီးဝေးလမ်း၊ မကြောက်တမ်းပေါ့
လျှောက်လှမ်းကြမယ်၊ အားတက်ဖွယ်လေ
ကွယ် ... ဒါပေမဲ့၊ တကယ့်ဘဝ
လက်တွေ့ကျတော့၊ ဝေးဝေးကသာ
ဆွေးရပါသည် ...
ကဗျာတွေ မရေးနိုင်ပြီတကား ... ။ ... ။
***
မေဓာဝီ
၁၃၊ ဧပြီ၊ ၂၀၀၈
၁၄း၄၀ နာရီ

9 comments:

ထွန်း said...

ကဗျာလေးကို သဘောကျတယ်

Anonymous said...

ကဗျာရေးနိုင်ပါတယ်.. ခေါင်းစဉ်မှားနေသလိုပဲနော်..

Anonymous said...

i like that poem.
i wanna write like this.u r good author.

urs nyima.

ama, can i ask one Q ?

နတ္ထိ said...

ရွှေဝါရောင် ပိတောက်တွေ....

တန်ခူး said...

မေရေ...တော်ရုံလူမရေးနိုင်တဲ့ ပိုဒ်စုံရတုလေးကို ရွတ်ဆိုခံစားရင်း မြန်မာစာရေးဆရာကောင်းမေ့ကို ပိုလေးစားမိပါတယ်။ ရတုလေးက တကယ့်ခံစားချက်ဆိုရင် ချစ်သူနဲ့အမြန်ဆုံးနီးဖို့ ဆုတောင်းပေးလိုက်တယ်နော်။

philtre said...

အတာရေမအေး…
နံသာတွေမမွှေးပေမဲ့…
ကဗျာတွေရေးနေတဲ့…
မေသင်္ကြန်။ ။
တနှစ်ကူးပြန်တော့…
အချစ်ပလူးရန် ကြင်ဖက်မရှိသည်မို့…
ကုတင်ထက် အတွေးနယ်ချဲ့ရန်…
ညည်း.. ပက်လက်လှန်။ ။
အတိတ်က ခြေရာတွေကိုလ…
စိတ္တဇ ဝေဒနာ.. အဖြစ်ပြောင်းပါလို့…
အချစ်ဟောင်းရဲ့ အယုအယဟန်…
အခုရရန် စိတ်မှာစွဲ။ ။
သမုကညာရယ်က…
ရတုကဗျာ ရေးဖွဲ့အုံးမယ်လို့…
ရှေးရဲ့ထုံး နှလုံးမူသော်လည်း…
ဘုန်းလူမော်ရဲ့ သရုပ်သကန်ပေါ်အောင်…
လုပ်ကြံကာ ဖြစ်ညှစ်တီးရတယ်…
(မေသင်္ကြန်..ရယ်..) ညည်း… ဟာကကွဲ… အဲ..ဟုတ်ပါဝူး… လွဲ…။ ။ … :P
(ကာရန်အယူအဆ ကွဲလွဲပုံကိုဆိုလိုသည်.. ဥပမာ.. ၍..ဤ..၌..သည်..နှင့်..ကို.. စသည်တို့ကို ရှေးသူဟောင်းတို့က
ကာရန်အဖြစ်ယူမစပ်ရဟု မှတ်သားဖူးပါသည်… ဦးကျော့က `၍-ဤ-၌-သည်-ကို မှာ.. သဒ္ဒါကိုမှတ်စွဲ..အဓိပ္ပါယ်တယ်မလွဲစေနှင့်..
ကြံခဲ၍စပ်ပါ` ဟုဆိုခဲ့သလို.. အချုပ်တန်းဆရာဖေကလည်း `သည်-နှင့်-ကို သဒ္ဒါနည်းသာပ.. ကွာမလှည်း ပုဒ်ဗျည်းမျှသာ` ဟုဆိုခဲ့လေသည်… စာရေးဆရာမကိုပြောရတာ.. နွားရှေ့ထွန်ကျူးသလိုဖြစ်နေပီ.. အနော်က.. `ထွန်` နော်.. ဟဲဟဲ.. :P )
စကားချပ်။ ။ ယခုကဲ့သို့ ရှေးနည်းအတိုင်း ရတုကဗျာ.. ပျို့လင်္ကာ ဖွဲ့ဆိုသူများမှာ ဒီကနေ့ခေတ်၌ မရှိသလောက်ပင်ရှား၏။
နည်းနာ..ဥပဒေသ..စည်းမျဉ်းအတိုင်း လိုက်နာစပ်ဆိုရသောကြောင့်.. တင်းကြပ်လွန်းသည်ဟုဆိုကာ လေ့လာရမှာ ပျင်းကြောထူလှသဖြင့် ဒီကနေ့ခေတ်လူငယ်များမှာ.. ဘာကာရန်စည်းမျဉ်းမှ မလိုသော မော်ဒန်စတိုင်နောက်သို့
တကောက်ကောက်လိုက်နေကြလေသည်… မြန်မာ့မူဟန် စာပေဟန်ကိုမပျောက်ပျက်အောင် ကျနော်တို့လူငယ်မျိုးဆက်သစ်များမှလည်း လေ့လာဆည်းပူးထိမ်းသိမ်းသင့်ပေကြောင်း… ယခုမေကဲ့သို့..
စာပေ၀ါသနာအိုးမျိုးမှာ မရှိသလောက်ရှားလှပါသဖြင့်… မေ့..အားချီုးကျူး၏။ လေးစား၏။ ဆက်လက်ကြိုးစားသွားရန် အစဉ်သဖြင့်တိုက်တွန်းအားပေး၏။ ရတုကဗျာ..ပျို့လင်္ကာနှင့်..သာသည်သီချင်း..အဲစောင်းညှင်းကို.. မပြတ်လေ့ကျက်.. တီးမှုတ်လျက်သာ.. နေကောင်းစွာ………. ၀န်ကြီးပဒေသရာဇာ..။

Anonymous said...

အရမ်းကြိုက်ပါတယ် မမေ .. ထပ်ရေးဖို့လည်း တိုက်တွန်းပါတယ်။ အားပေးလျက်ပါခင်ဗျာ .. ဒီလိုရေးတဲ့လူမှ မရှိရင် မြန်မာ့စာပေ ယဉ်ကျေးမှု အမွေအနှစ်စစ်စစ်ဖြစ်တဲ့ ဂန္တ၀င်ကဗျာရေးနည်းပုံစံတွေ ဟာ တဖြည်းဖြည်းနဲ့ တိမ်ကောသွားပါလိမ့်မယ် ..
philtre ရေးထားတဲ့ လေးချိုးလေးကလည်း ကောင်းပါဘိသနဲ့ .. ချီးကျူးလေးစားပါတယ်ဗျာ

kohtet(Chasing Technology) said...

တကယ့်ကို သဘောကျ မိပါတယ်...

သူကြီးမင်း (တုံးဖလား) said...

ရတုပိုဒ်စုံ
ရင်လှိုက်ခုန်၍
တုန်တုန်လက်ဖြင့် ရေးသတည်း။

အခုမိုက်ပုံ
စိတ်တွေကုန်၍
မှုန်မှုန်သက်ဖြင့် တွေးသတည်း။

သမုလိုက်စုံ
ချစ်တွေပုံ၍
ဖုံဖုံခက်ဖြင့် ဆွေးသတည်း။ :D


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)