Wednesday, March 28, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၁)

သို့
ကိုပြူးကျယ်

အပိုင်း (၁၁)ရောက်လာပြန်ပြီပေါ့ … ။ စာအုပ်ကတော့ ခုမှ တ၀က်ကျိုးပါတယ်။ ဒီစာအုပ်နှယ် ပြီးမပြီးနိုင်ပါလား .. လို့တော့ မညည်းလိုက်ပါနဲ့နော်။ ရှေးဟောင်း ကဗျာ ချစ်မြတ်နိုးသူများအတွက် ကျမ ဘယ်လောက် အပင်ပန်းခံရသလဲ ဆိုတာ ပြောပြရအုံးမယ်။
ဒီနေ့တင်မယ့် တေးထပ်အပိုင်းမှာက ပုံလေးတွေပါတာမို့ စကန်တင်ဖို့ လိုပါတယ်။ ဒီစာအုပ်ကို စကန်တင် ကြည့်လိုက်တော့ စာအုပ်ကထူထူထဲထဲနဲ့ ခပ်ရွဲရွဲဖြစ်နေပြီမို့ စကန်တင်ဖို့က မလွယ်ပါဘူး။ ကျမ အသုံးမကျတာလဲ ပါတာပေါ့လေ။ တင်လိုက်တိုင်း အဆင်မပြေတာနဲ့ နောက်ဆုံးတော့ မိတ္တူဆွဲပြီးမှ စာရွက်ကို ပြန်ပြီး စကန်ဖတ်လိုက်ရပါတယ်။ မိတ္တူဆွဲရတာလည်း သိပ်မလွယ်လှပါဘူး။ အတွင်းသားတွေ မည်းမနေအောင် စာရွက်တွေထိုး ဟိုခု ဒီခံနဲ့ …နောက်ဆုံးတော့ အခုမြင်ရမယ့်ပုံအတိုင်းပါပဲ၊ မပြေမပြစ်စွာနဲ့သာ ကျေနပ်လိုက်ရ ပါတော့တယ်။ စကန်တင်ပြီးချိန်က ည ၁၂ နာရီကျော်နေပြီ။ အခု .. စာစရိုက်တော့ ၁၂နာရီ ၁၅ မိနစ်ပေါ့။
အဲဒီလောက် ပင်ပန်းခံတယ် ဆိုပြီး ပြောနေတာ အကြောင်းမဲ့တော့ မဟုတ်ပေါင်၊ ဖတ်သူတွေများ သနားမလားလို့ပါ။
ကဲ … ကဲ … နိဒါန်းပျိုးတာတွေ ခဏရပ်ပြီး တေးထပ်အကြောင်း ဆက်ရေးလိုက်ပါအုံးမယ်။
***
ဟိုတပတ်က ပုလဲသွယ်တေးထပ် ပြီးတဲ့နောက် အခုပြမယ့်တေးထပ်နည်းက ပဒေသာ တေးထပ် ဖြစ်ပါတယ်။
အောက်ပါ ပုံကိုကြည့်ပါ။

ဒီပုံကိုကြည့်ရင် ဘာကြီးလဲ .. ဘယ်လိုဖတ်ရမှာလဲ … လို့ အူကြောင်ကြောင်တွေ ဖြစ်ကုန်မှာပဲ။ ဒီလို ဖတ်ရပါသတဲ့။

လေးတဖေ-ဆွေးပွေခ၊ လေးမေလှ-တွက်တာ၊
ကွဲလေရ-မသက်သာတယ်၊ ကွဲရတာ-အမြဲ၊
ပါပနှင့်-မာနထန်၊ ပါပကံ-စိတ်မှတ်လို့စွဲ။
စမ်းမက-သီတာရေ၊ စမ်းဖြာဝေ-တနဲ၊
မူရာဉာဏ်-ပိုကဲလို့၊ မူမလွဲ-မူရှာ၊
တော်ကညာ-တော်ရှာ၍၊ တော်ပါပေ့-ခင်ပျို့သက်လျာ။
လှဲ့ကျလို့-နွဲ့ရတာကို၊ လှဲ့ပြကာ-ခင်ခင်နွဲ့တော့၊
မြင်ချင်တဲ့-တဖေနော်၊ မြင်လို၍-မျှော်၊
မြင်စမ်းပ-ခင်နွဲ့ဖော်ရယ်၊ မြင်လှဲ့တော်မူစမ်းပါကွဲ့လေး။ … ။

ဒါက နောက်တပုဒ်ပါ။

ခုလို ဖတ်ရပါမယ်။

လေးဒီသာ-ဌာန၊ လေးပါယ-ကင်းစေ၊
ပွင့်သမျှ-ပန်းအနေ၊ ပွင့်ပါစေ-မျက်ထား၊
ပန်းရနံ့-တလှိုင်လှိုင်၊ ပန်းခိုင်ခိုင်-သင်းပျံ့အလား။
အောင်နမော-အောင်ဗုဒ္ဓါ၊ အောင်သြဘာ-ဆင့်ပွါး၊
ပြေပေါ်မှာ-ကျော်ကြားလို့၊ ပြေသူများ-ကြည်ဖြူ၊
သပြေဆို-ညိုညိုလန်းရယ်နှင့်၊ သပြေပန်း-ဗုဒ္ဓတင်လှူ၊
အောင်ဇေတု-အောင်ဆုကူတယ်၊ အောင်မှုဟူ-အောင်ဟိတ်နှင့်၊
အောင်နိမိတ်-အောင်ဘိသေ၊ အောင်စေ့-အောင်စေ၊အောင်သမှု-အောင်ဆုချွေတယ်၊ အောင်သပြေ-အောင်ပန်းပွင့်လေး။ … ။

နောက်တနည်းက စကြာတေးထပ်ပါ။
အခုဖော်ပြမယ့်ကဗျာက နှစ်ထပ်ကျော့ စကြာတေးထပ် ဖြစ်ပါတယ်။

အခုလို ဖတ်နိုင်ပါတယ်။

လွမ်းစပွေ-လွမ်းလေတော့၊ လွမ်းခွေပျော့-ညှိုးမှိုင်၊
လွမ်းငွေဖော့-တိုးလှိုင်တယ်၊ လွမ်းအိုးဒိုင်-ပေါက်ကွဲ၊
လွမ်းတဖေ့-လွမ်း၍နေတယ်၊ လွမ်းလေ့လေ-လွမ်းရအမြဲ။
လွမ်းတတ-လွမ်းရရှာ၊ လွမ်းကသာ-လွန်ကဲ၊
လွမ်းကြွကာ-ချွန်သဲ၍၊ လွမ်းစွန်ပွဲ-ပြိုင်ကာ၊
လွမ်းညှိုးပွေ-လွမ်းဝေလျက်၊ လွမ်းခွေလျက်-လွမ်းရခါခါ။
လွမ်းတွက်ကြောင့်-လွမ်းခက်ဖြာတယ်၊ လွမ်းစက်ပါ-ပျော်ဘဲမို့၊
လွမ်းသော်လဲ-လွမ်းပြေပေါင်၊ လွမ်းစတွေ-ထောင်။
လွမ်းမီးက-လွမ်းပြီးလောင်းတယ်၊ လွမ်းသည်းခေါင်-ကျွမ်းလှုပေါ့လေး။ … ။

ဒီတပုဒ်ကတော့ လေးထပ်ကြော့ စကြာတေးထပ်ပါ။

ဒီလိုဖတ်ပါ။

ချစ်အာရုံ-ချစ်ဇောနှင့်၊ ချစ်အပြော-ချစ်ဆို၊
ချစ်မနော-ချစ်ကိုယ်ငယ်၊ ချစ်အပို-ချစ်ဆဲ၊
ချစ်ဆန္ဒ-ချစ်အာသာ၊ ချစ်ခါခါ-ချစ်ကပိုကဲ။
ချစ်မ၀-ချစ်စစ်ပါတယ်၊ ချစ်မေတ္တာ-ချစ်စွဲ၊
ချစ်သစ္စာ-ချစ်မြဲလို့၊ ချစ်အသဲ-ချစ်ပုံ၊
ချစ်ရာထောင်-ချစ်သိန်းသန်း၊ ချစ်ကိန်းခန်း-ချစ်လို့မကုန်။
ချစ်ပြီးရင်း-ချစ်အဟုန်ငယ်၊ ချစ်နှစ်စုံ-ချစ်ပေါင်းလို့၊
ချစ်အဟောင်း-ချစ်သစ်တွေ၊ ချစ်စို့-ချစ်ကေ၊
ချစ်သမို့-ချစ်မသွေတယ်၊ ချစ်တမေ-ချစ်အုံးဗျလေး။ … ။

ဖော်ပြခဲ့ပြီးတဲ့ တေးထပ်ဆန်း၊ တေးထပ်ကြီး၊ ပိုဒ်စုံ၊ ပုလဲသွယ်၊ ပဒေသာ၊ စကြာ .. စတဲ့ တေးထပ်တွေဟာ ကဗျာစည်းကမ်း နိုင်နင်းကျွမ်းကျင်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာဉာဏ် ကွန့်မြူးဆန်းကြယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကဗျာစည်းကမ်းနဲ့ မဆန့်ကျင်ရင် ဒီ့ထက်ပို ကွန့်မြူး ဆန်းကြယ်နိုင်ခွင့် ရှိတယ်လို့လည်း ရေးထားပါသေးတယ်။
ဒီတပတ် တေးထပ်အခန်းကိုတော့ ကျမ်းပြုသူ ဓမ္မာစရိယ ဦးထွန်းရွှေရဲ့ ဆုတောင်းစကားနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေရှင်…။

“ကဗျာဉာဏ် ကွန့်မြူး၍ အထူးအဆန်း စီကုံးလိုကုန်သော သူတို့သည် ကဗျာစည်းကမ်းကိုလည်း မဆန့်ကျင်စေမူ၍ အဓိပ္ပါယ်လည်းပါ, ကာရန်လည်းမိ,ငြိသည်ထက်ငြိ, ထိသည်ထက် ထိ၍ အကောင်းဆုံး ကဗျာ ဖြစ်စေရန် အထူးဂရုစိုက်၍ ကဗျာဉာဏ် အညွန့်အဖူးတို့ကို တလွန့်လွန့်ဖြင့် ခူးခူးပြီး ကွန့်မြူး ဆန်းကြယ် နန်းမပြယ်အောင် မှန်းရွယ် စီကုံးနိုင်ကြပါစေ ကုန်သတည်း။”
***
မေတ္တာဖြင့် …
မေဓာဝီ
28.3.07
10:45 am

10 comments:

ကလိုစေးထူး said...

စကြာတေးတပ် ရေးဟန်ကို တော်တော်လေး သဘောကျတယ်ဗျာ။ ဒါနဲ့ အဲဒီ စကြာတေးထပ်မှာ စာကြောင်းရေ ဘယ်လောက် ဖြစ်ရမယ်လို့ သတ်မှတ်ထားတာမျိုး ရှိသေးလား။ အချိန်အားရင် စကြာတေးထပ်ပုံစံ စမ်းရေးကြည့်မှပဲ။ ပေါက်ကရတွေ ထွက်လာမလားတော့ မသိ။ :D

နတ္ထိ said...

တေးထပ်ကို မရေးတတ်ပါ။ ဒါပေမယ့် အလွန်နှစ်သက်ပါသည်။ ဆရာတွေကတော့ ပြောကြ ပါတယ်။ စမ်းကြည့်သင့်တယ်တဲ့။ မလုပ်ဖြစ်ပါ။ ပါဠိဂါထာများကိုတော့ “စကြာလည်” ရေးတတ်ပါသည်။ ကြုံတဲ့အခါ အားပေးပါဦး။ (တစ်ခါထဲ ad ပါပြီးသွားအောင်ပါ)

နတ္ထိ said...

တေးထပ်ကို မရေးတတ်ပါ။ ဒါပေမယ့် အလွန်နှစ်သက်ပါသည်။ ဆရာတွေကတော့ ပြောကြ ပါတယ်။ စမ်းကြည့်သင့်တယ်တဲ့။ မလုပ်ဖြစ်ပါ။ ပါဠိဂါထာများကိုတော့ “စကြာလည်” ရေးတတ်ပါသည်။ ကြုံတဲ့အခါ အားပေးပါဦး။ (တစ်ခါထဲ ad ပါပြီးသွားအောင်ပါ)

နတ္ထိ said...

တေးထပ်ဆိုလို့လားမသိဘူး။ နှစ်ခါထပ်သွားတယ်။ (မတော်လို့ပါနော်)၂

TZA said...

nothing.. ထပ်သွားတာလေးရီရတယ်.. အဟိ..
ကျနော်ကတော့ ဖတ်ဖို့ပဲတတ်တယ်ဗျာ.. ဒါတောင် မနည်းဖတ်ယူနေရတာ။ ဒါတွေ အချိန်ကုန်ခံပြီး တင်ထားပေးတာ ကျေးဇူးပါခင်ဗျား။

Anonymous said...

ကိုသံလွင် …. စကြာတေးထပ်မှာ ရှိရမယ့် စာကြောင်းရေက ဟိုးအရှေ့မှာ ဖော်ပြခဲ့တဲ့ တခြားတေးထပ်များ နည်းတူ အပိုဒ် ၁၈ ပိုဒ် ရှိရပါမယ်။ စပ်နည်းကတော့ မြင်လွယ်ပြီမို့ စာအုပ်မှာလည်း ဖော်ပြမထားပါ။
ကိုနတ္ထိ … ဘလော့ကို သွားကြည့်ပြီးပါပြီ။ ပါဠိဂါထာတွေ ရေးဖွဲ့ထားတာ ဖတ်ရပါတယ်။ ကျမစက် အယ်ရာတက်နေလို့လားမသိဘူး အစအဆုံးဖတ်မရပါဘူး။ ကွန်မန့်လည်း ရေးမရပါ။
ကိုနတ္ထိများ ဖတ်ချင်မလားလို့ … ကျမ ရိုက်ဖို့လည်းပျင်း, နားလည်း မလည်တာနဲ့ ချန်ခဲ့တဲ့ ပါဠိတေးထပ်ကို ဒီကွန်မန့်ထဲမှာပဲ ရေးထည့်လိုက်ပါတယ်။ (အဓိပ္ပါယ်သိလို့ ရှင်းပြမယ်ဆိုရင် အလွန်ဝမ်းသာ မိမှာပါပဲ)
ဘာဘုကော-ဘောမိတ္တ၊ သြသိဉ္စ-နိစ္စာ၊
သြဒိဿ-မေတ္တာငယ်၊ အာနုဘာဝေန၊
ကနိ႒-ေသာအဟံ၊ သီတလံ-အဘိရမာ မ်။
ဆန၀ု-အႏၱရာ၊ ၀ိမုတၱာ-ဒူရ၊
တသၼာ-ေယာစ၊ ဣစၦိတ-သဗၺံ၊
ပိဋကံ-ယံသိပၸ၊ ပဂုဏ-ပုနပၸဳနံ။
မႏၱေလး-နဂရံမွာ၊ ၀သနံ-ရမာမိစ၊
ခမာနိ-ေဘာဇေန၊ ရိယ ပေထ၊
ရောစေမိ-ယံပဏ္ဏေကို၊ ဘဒ္ဒန္တေ-မိတ္တ ပေဿး။ … ။
ကိုသန့်ဇင်အောင် … လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။
လာဖတ်ပြီး နှစ်သက်ကြမယ်ဆိုရင် ကျမ အချိန်ကုန် ခံရကျိုးနပ်ပါပြီ။

Anonymous said...

thanks , i never see like that .

နတ္ထိ said...

ဘာတုကော-အစ်ကို။ဘော မိတ္တ- အို မိတ်ဆွေ။ သြသိဉ္စ-သွန်းလောင်း။ နိစ္စာ-အမြဲ။ သြဒိဿ-ရည်စူးသော။ အာနုဘာဝေန- အာနုဘော်ကြောင့်။ ကနိဋ္ဌ-ညီငယ်။ သောအဟံ- ထို..ကျွနုပ်။ သီတလံ-အေးအေးချမ်းချမ်း။ အဘိရမာမျ-မွေ့လျော်ပါ၏။ ဆန၀- ၉၆ပါး။ အန္တရာ-ဘေးအန္တရယ်။ ဒူရ- အဝေး။ ၀ိမုတ္တာ-လွတ်မြောက်။ တသ္မာ-ယောစ-ထို့ကြောင့်သာလျှင်။ ဣစ္ဆိတံ-အလိုရှိအပ်သော။ သဗ္ဗံ-အာလုံး။ ပိဋကံ- ပိဋကတ်။ ယံသိပ္ပ-အတတ်ပညာ။ ပုနပ္ပုနံ-ထပ်ခါထပ်ခါ။ ပဂုဏ-ကျွမ်းကျင်။ မန္တလေး-နဂရံမှာ-မန္တလေးမြို့။ ၀သနံ-နေထိုင်။ ရမာမိစ-မွေ့ပျော်။ ခမာနိ-အဆင်ပြေ။ ဘောဇနေ-စားစရာ ။ရိယပထေ-အနေအထိုင်။ ရောစေမိ-နှစ်သက်၏။ ယံပဏ္ဏေကို- ယင်း စာလွှာကို။ ဘဒ္ဒန္တေ-အရှင်မြတ်တို့။ မိတ္တ-မိတ်ဆွေ။ ပေဿး-ဖတ်ကြည့်ကြပါ။

အဆင်ပြေနိုင်လောက်ပါတယ်နော်။

နတ္ထိ said...

သြဒိဿ-ရည်စူးသော။(မေတ္တာငယ်-မေတ္တာ)။ အာနုဘာဝေန- အာနုဘော်ကြောင့်။
မေ့သွားလို့ဗျို့။

Anonymous said...

ခုလို အဓိပ္ပါယ်ပြောပြပေးတဲ့ ကိုနတ္ထိကို ကျေးဇူးအများကြီးတင်ပါတယ်။