Monday, March 26, 2007

ကျီးသာချိန် အတွေး ...

မနေ့ည ၁၂ နာရီလောက်က မအိပ်ခင် စာဖတ်နေတုန်း ကျမအခန်း ပြတင်းပေါက်ကနေ ကျီးအာသံ ကြားလိုက်ရပါတယ်။ လေးလေးမှန်မှန်နဲ့ တအာအာ အော်နေတဲ့ ကျီးသံကြောင့် စာဆက်မဖတ်တော့ပဲ ကျီးသံကို နားထောင်နေလိုက်မိတယ်။ ညကြီးမင်းကြီး ကျီးသာတော့ နည်းနည်း ထူးဆန်းသလိုလို အရှိသား။
ဧကန္တတော့ ကံ့ကော်ပင်ကြီးပေါ်မှာ ကျီးအသိုက် ရှိနေပုံရပါတယ်။ ညဘက်ကြီး ဒီကျီးက ဘာလို့ အော်နေရတာပါလိမ့်။

ကျီးသာရင် ဧည့်ကောင်း စောင်ကောင်း လာတတ်တယ်လို့ ငယ်ငယ်ထဲက လူကြီးတွေ ပြောဖူးတာ ကြားခဲ့ဖူးပါတယ်။ ခုလို ညဘက်မှာ ကျီးသာတာ ဧည့်သည် လာမလာတော့ မသိပါဘူး။
ကျမကတော့ စာဖတ်ရင်း ကျီးအာသံကို နားထောင်နေရင်းနဲ့ ငယ်ငယ်တုန်းက ရွတ်ခဲ့ ဆိုခဲ့ဖူးတဲ့ ကဗျာလေးတွေကို အမှတ်ရမိတာနဲ့ ဒီစာလေးကို ရေးဖြစ်သွားပါတယ်။

တိရစ္ဆာန်လေးတွေရဲ့ အမူအကျင့်လေးတွေကို ကလေးတွေ သိရှိနားလည်အောင် ဖွဲ့ထားတဲ့ ကဗျာလေးပါ။ ငယ်ငယ်က အားလုံး ဆိုခဲ့ဖူးကြမှာပါပဲ..။ သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာကလေး၊ ရွတ်နေရင်းနဲ့ မျက်စိထဲမှာ မြင်ယောင်လာစေတဲ့ ကဗျာလေးတပုဒ်ပေါ့။ သံစဉ်လေးနဲ့ သီချင်းလိုလည်း သီဆိုခဲ့ နားထောင်ခဲ့ဖူးပါတယ်။

ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ယောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေတွက်ကာ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို၊
ရွှေကျီးညို သာပါစ
ဧည့်သည်လာပါစ။ … ။


ဒီကဗျာလေးနည်းတူပါပဲ … အဖေက ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါသေးတယ်။ အဲဒီကဗျာကတော့ တိရစ္ဆာန်လေးတွေ အော်တတ်တဲ့ အသံနဲ့ စားတတ်တဲ့အစားစာ လေးတွေကို ကဗျာဖွဲ့ထားတာပါ။ ကဗျာအမည်က
“သားသားပေးတဲ့ အလှူကြီး” တဲ့။

ကျီးကလေး တအာအာ
ထမင်းခဲလေး ပစ်ကျွေးမှာ၊
ကြောင်နက်ပြာ ညောင်သံပေး
နို့ချိုတိုက်မယ်လေး၊
ခွေးကလေး တဟောင်ဟောင်
အမဲရိုးကို ယူပါမောင်၊
နားရွက်ထောင် ငွေရောင်သွေး
ဖိုးရွှေယုန်လေး မြက်နုကျွေး၊
ကြက်တူရွေးလေး သံစာစာ
စကားတီတာ ပြောနေရှာ၊
ယူလှည့်ပါ ငှက်ပျောသီး
သားသားပေးတဲ့ အလှူကြီး။ … ။


ဒီကဗျာကို အဖေရေးတော့ ကျမတို့ ကလေးဘ၀ပဲ ရှိပါသေးတယ်။ အဖေ့မိတ်ဆွေကြီးက ဒီကဗျာကို သံစဉ်သွင်းပေးပြီး ကလေးတွေကို သီဆိုစေကာ ရေဒီယိုက ကလေးကဏ္ဍမှာ အသံလွှင့်ခဲ့ဖူးပါတယ်။ ဓာတ်ပြားရခဲ့ဖူးတဲ့ ကလေးသီချင်း တပုဒ် ဆိုပါတော့။

နောက်ထပ် သတိရမိတဲ့ ကဗျာတပုဒ်ကတော့ …
“ကျီးဖြူ ကျီးမဲ” ကဗျာလေးပါ။

ကျီးဖြူ ကျီးမဲ တကောင်ထဲ
ကျီးမဲ ဒီမှာနေ ..
ကျီးဖြူအိမ် ဘယ်မှာဆောက်
ဟောဒီမှာ ဆောက် …
အာလောက်လောက် .. အာလောက်လောက်

ကလေးလေးတွေကို ဒီကဗျာလေးဆိုပြရင် သိပ်သဘောကျကြပါတယ်။ သူတို့လက်ကလေးတွေကို ယူပြီး လက်ဖျားလေးကစလို့ လက်ညှိုးနဲ့ ထောက်ထောက်ပြီး ဆိုရင်း အာလောက်လောက် နေရာလဲရောက် .. သူတို့ချိုင်းကလေးကို ကလိထိုးရင် တခစ်ခစ်နဲ့ ရယ်ကြပါလေရော။

ဒီကဗျာလေးတွေကို ကြည့်ပြီး ကလေးတွေအတွက် ကဗျာရေးဖွဲ့ကြတဲ့ အခါမှာ တိရစ္ဆာန်လေးတွေကို သနားကြင်နာတတ်အောင် ချစ်တတ်အောင် နှစ်သက်စဖွယ် ရေးဖွဲ့ကြတာကို သတိထားမိပါတယ်။ ကြောက်ဖို့ကောင်းတဲ့ တောက်တဲ့ တို့ ပုတ်သင်ညို တို့ကိုတောင် ချစ်ဖို့ကောင်းအောင် ရေးခဲ့ကြတာပဲ။

တကယ်တော့ ကျီးကို အပြင်မှာဆို ကျမ မနှစ်သက်ပါဘူး။ အရောင်အဆင်းက မွဲမွဲ၊ အော်သံက ခြောက်ကပ် အက်ကွဲကွဲ၊ နှုတ်သီးကကောက်ကောက်၊ မျက်လုံးက ဂနာမငြိမ် ကျီးကန်းတောင်းမှောက်။ ပြီးရင် လိုက်လိုက် ထိုးတတ်သေးတယ်။ သူတို့သားပေါက်ချိန်မှာ အသိုက်ရှိတဲ့ သစ်ပင်အောက်က ဖြတ်ရင် ခေါင်းကို လိုက်ထိုးတာ ခံရတယ်၊ ပြီးတော့ လူပေါ်တည့်တည့် အညစ်အကြေး စွန့်လား စွန့်ရဲ့။ အဲဒီလို သူ့အမူအကျင့်တွေ မကောင်းပေမဲ့ ကလေး ကဗျာတွေထဲမှာတော့ ကျီးကလေးတွေက ချစ်စရာ ကောင်းနေပါတယ်။

ကဗျာထဲက ကျီးကလေးတွေကို တွေးနေမိရင်း အမေပြောခဲ့ဖူးတဲ့စကားကို သတိရမိပါတယ်။

“အမေ့ အဘွားတို့ အမေတို့က ကျီးကို ကျီးကန်း ဆိုပြီး မခေါ်ကြဘူး၊ ရွှေကျီးတို့ ကျီးညိုတို့ ဆိုပြီးပဲ ပြောကြတယ်။ ကျီးဟာ နဂိုကလည်း အရောင်အဆင်းကမလှ တဲ့အပြင် အမူအကျင့်ကလည်း အလစ်ချောင်းပြီး ခိုးစားတာတို့ အမှိုက်ပုံက စွန့်ပစ်တာတွေ နှိုက်တာတို့ လုပ်တတ်သေးတယ်၊ ဒါပေမဲ့ ဒါဟာ သူ့သဘာဝပဲ၊ ဒီလို သူ့သဘာဝ အလျောက်ဖြစ်နေတာကို လူတွေက ပစ်ပယ်ကြ မုန်းတီးကြတယ်၊ ကျီးကန်း ဆိုပြီး နှိမ်နှိမ်ချိုးချိုး ခေါ်ဝေါ်ကြတယ်၊ တကယ်တော့ သူတို့မှာလည်း ကောင်းကွက်လေးတွေ ရှိပါတယ်။ အမျိုးကို ထိရင် မခံဘူး၊ ကိုယ့်အမျိုးကို စောင့်ရှောက်တယ် မဟုတ်လား။ ဘယ်တော့မဆို တယောက်ရဲ့ ဆိုးကွက် ဟာကွက် အားနည်းချက်ကိုပဲ မကြည့်ရဘူး၊ မထောက်ရဘူး၊ ကောင်းတဲ့အချက်ကလေးကို ကြံဖန်ရှာပြီး တွေးတတ်ရတယ်”

အမေပြောတာ ဟုတ်ပါရဲ့။
ကျမတို့ဟာ တစုံတယောက်ရဲ့ အားနည်းချက်၊ ဆိုးတဲ့အချက်တွေကိုသာ မြင်ကြ တွေ့ကြ အပြစ်တင်ကြပြီး သူ့ရဲ့ ကောင်းတဲ့ အချက်ကလေးတွေကိုတော့ လစ်လျူရှုတတ်ကြပါတယ်။ တကယ်တမ်း … လူတိုင်းဟာ ခြောက်ပစ်ကင်းမှ မဟုတ်ဘဲလေ။ အကောင်းအဆိုး ဒွန်တွဲနေတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် လူ့ဘ၀သက်တမ်း တိုတိုလေး တလျှောက်မှာ အဆိုးတွေ အများကြီး မလုပ်မိဖို့က အရေးကြီးတယ်လို့ ထင်တာပါပဲ။ တော်ကြာ ကြံဖန် နှစ်သိမ့်ဖြေတွေးစရာ ကောင်းတဲ့အချက် တခုတလေလောက်ကို ရှာမတွေ့မှာ စိုးလို့ပါ။

ကျီးသာသံ ကြားရင်းနဲ့ တွေးမိတွေးရာတွေ တွေးရင်း ရေးလိုက်မိတာမို့ … ကျီးသာချိန် အတွေး လို့ အမည်ပေးလိုက်ပါတယ်။ ကျီးသာချိန် အတွေးဆိုတော့လည်း … ကံ့ကော်ပင်ထက်က အော်နေတဲ့ ကျီးသံလိုပဲ ခပ်လေးလေးဆိုပါတော့။
***
မေဓာဝီ
26.3.07
12:15 pm

3 comments:

ကလူသစ် said...

bar ma myin ya buu...

ကလိုစေးထူး said...

ကျီးကန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ ဖတ်ရတော့ ကွယ်လွန်သူ အဆိုကျော်ကြီး တွံတေးသိန်းတန် ရဲ့ `မနက်လာမှာလားဆို.. နေ့လည် ရောက်မှာလားဆို.. ညနေချိန် သာမှာလားလို့ ဗျာများနေစရာမလို´ ဆိုတဲ့ သာပါလိမ့်မယ် ရွှေကျီးညို သီချင်းကို ကြားယောင်မိတယ်။
ကျီးကန်းကို အသံစူးစူးအာအာကြောင့်နဲ့ အုပ်စုဖွဲ့ ၀ိုင်းအာတတ်တဲ့ အကျင့်ကြောင့် အရင်ကတော့ အမြင်ကပ်ဖူးတယ်ဗျ။ တချို့ လူကြီးသူမတွေ အပြောကကျတော့ ကျီးကန်းရှိတဲ့ အရပ်မှာ ငှက်ဖျားရောဂါ မရှိဘူးတဲ့။ ဟုတ်မဟုတ်တော့ မသိနိုင်ဘူး။

ကျီးသာချိန်အတွေး ခပ်လေးလေးမှာ ကျီးကန်းကွန်မန့် ခပ်ညံ့ညံ့ကို ရေးလိုက်ပါရဲ့။ :)

Anonymous said...

ကျွန်တော့် သမီးအတွက် `ယုန်ကလေးက နားရွက်ထောင်´ ကဗျာကို ပထမနှစ်ပိုဒ်ပဲ ရပြီး မေ့နေလို့.... အခုမှ အဆင်ပြေတော့တယ်။