Sunday, March 04, 2007

အဖေ့ကဗျာ (၆)

ဒီနေ့အဖို့ အလုပ်တော်တော်များလို့ စာမရေးဖြစ်ပါဘူး။ ညကလဲ အိပ်ရာဝင်နောက်ကျ၊ မနက်ကစပြီး အခုအချိန်ထိ မပြီးပြတ်နိုင်တဲ့ အလုပ်တွေကြောင့် လူလည်း ခပ်ညစ်ညစ်ဖြစ်နေပါတယ်။
ဘလော့မှာ တင်ဖို့ စဉ်းစားထားတဲ့ စာတွေလည်း ချမရေးဖြစ်၊ ဘကြီးဘဘေ စာအုပ်လေးလည်း ဆက်ရိုက်မယ် ရိုက်မယ်နဲ့ မရိုက်ဖြစ်၊ နောက်ဆုံးတော့ အကြံပါးတဲ့အဆုံး နဂါးဆားချက်ပါတော့မယ်။
“တင်စရာမရှိရင် သူ့အဖေကဗျာ တွေချည်း တင်နေတာပဲ၊ တော်တော်လူလည်ကျတယ် …” လို့ တယောက်က ပြောဖူးတယ်။
အဲလိုလည်း လူလည်ကျပေးဦးမှ၊ မဟုတ်ရင် အလုပ်ရှုပ်တဲ့အချိန် စာရေးတဲ့အခါ စိတ်က မကြည်လင်တော့ ညစ်ထေးထေး အတွေးတွေပဲ ထွက်တော့မှာ။
ဒါကြောင့် ဒီနေ့အဖို့တော့ ကျမ အဖေ့ကဗျာလေးသာ တင်ပါရစေတော့ရှင် … ။
***
ဒီကဗျာလေးကို အဖေ ဘယ်အချိန်က ရေးခဲ့သလဲတော့ ကျမ မသိပါဘူး။ ဖြစ်နိုင်တာကတော့ အမေနဲ့ အိမ်ထောင်မကျခင် ဖြစ်မှာပါပဲ။
ဒီကဗျာလေးကို ဖတ်တိုင်း သိင်္ဂါရ ရသကို ခံစားရပါတယ်။ ချစ်သူနှစ်ဦးရဲ့ မေတ္တာနဲ့ သစ္စာကိုလည်း အသိအမှတ်ပြုမိတယ်။
အမှောင်ထုပဲ ကြီးစိုးနေပါစေ …ရေတွေပဲလွှမ်းမိုး နေပါစေ … သူတို့ရဲ့သစ္စာကြောင့် အခက်အခဲ အားလုံး ကျော်လွှားပြီး အောင်မြင်ခြင်းကို ရောက်ရှိနိုင်ခဲ့ပြီလေ …။

သစ္စာ ဆိုတာ အမှန်တရားပါပဲ … ။ တယောက်နဲ့တယောက် သစ္စာရှိတယ်ဆိုတာဟာ တယောက်နဲ့တယောက် မလိမ်ညာ ဟန်မဆောင် မဖုံးကွယ်ဘဲ အမှန်အတိုင်း ဆက်ဆံကြခြင်းပဲ မဟုတ်လား။ ချစ်သူချင်းပဲ ဖြစ်ဖြစ် … လင်မယားချင်းပဲဖြစ်ဖြစ် မိတ်ဆွေချင်းပဲဖြစ်ဖြစ် … တယောက်နဲ့တယောက် ဆက်ဆံရေးမှာ သစ္စာရှိကြမယ် ဆိုရင် ….

ကဲ … အချီး နိဒါန်း အင်ထရိုပျိုးတာတွေ ခဏရပ်ပြီး အဖေ့ကဗျာလေး ဖတ်ကြည့်ကြပါဦး …။
***
စာဆို့စိတ်ကူး အိပ်မက်ထူး

ညဥ့်ဦးကလေ
ချစ်သူမေနဲ့
သဲမြေသောင်ကမ်း
အတူမြန်းလို့
ချစ်တမ်းကစား
နှစ်ဦးသား … တဲ့။

သန်းခေါင်ရောက်လျှင်
ကမ်းသောင်ပြင်ဝယ်
လွှမ်းတင်ရေများ
ဖုံးကာသွားလို့
နှစ်ပါးကိုယ်တို့
အနေချို့သတဲ့ … ။

မိုးသောက်ရောက်သော်
ထွန်းတောက်နေမင်း
အရောင်လင်း၍
မြစ်တွင်းရေများ
ကျကာသွားသည် …
နှစ်ပါးတို့မှာ
မြဲသစ္စာကြောင့်
မှောင်တာမကြောက်
ရေရောက်မထိတ်
အောင်ဘိသိက်ဖြင့်
တစိတ် နှစ်ကိုယ်
မေတ္တာပိုသည် …
စာဆို့စိတ်ကူး …. အိပ်မက်ထူး … တဲ့။

***

2 comments:

ကလိုစေးထူး said...

ကဗျာက အတော်ကောင်းပါ၏။ သို့သော် မမေဓာဝီ လူလည်ကျသည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ :P ကဗျာက သင်္ဂါရ ရသအပြင် သန္တရသကိုလဲ ပေးပါသည်။ ဒါနဲ့.... ဦးရေးတဲ့ ကဗျာတွေ မကုန်သေးဘူးလားဗျ။ :D

Anonymous said...

So lovely, so beautiful and so deep meaning in it, it touches deep in my heart. Please give my regards to your Dad and thanks Ma May..