Friday, March 02, 2007

ထူးခြားသော ဒီသောကြာ ...

သောကြာနေ့မှာ နိုင်ငံရေးရာ အဖြာဖြာ စာအုပ်ထဲက ကောက်နုတ်ချက်တွေ တင်မယ်လို့ ရည်ရွယ် ကြံစည်ထားပေမဲ့ .. ဒီတပတ်တော့ ရက်ရွှေ့လိုက်ပါမယ်။ ဘာကြောင့်ဆို ဒီသောကြာဟာ ထူးခြားလို့ပါပဲ။ ဒီနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်သလို တောင်သူလယ်သမားနေ့နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် တရက်တည်း ကျရောက်နေပါတယ်။
ဒီတော့ ဘကြီးဘဘေ စာအုပ်ကလေး ခဏဘေးချိတ်ပြီး ဘာကို ဦးစားပေးရမလဲ တွေးမိပါတယ်။
တပေါင်းလပြည့်ဆိုတာ မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့မို့ ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ သက်ဆိုင်တဲ့ နေ့ထူး နေ့မြတ်တရက် ဖြစ်ပြီး တောင်သူလယ်သမားနေ့ကတော့ မြန်မာပြည်သားတိုင်းနဲ့ သက်ဆိုင်တဲ့ နေ့တနေ့ ပါ။
ဒီတော့ ကျမရဲ့ ထုံးစံအရ ဘာသာရေးကိုသာ ဦးစားပေးချင်မိပါတယ်။ ဒါကြောင့် တပေါင်းလပြည့် အကြောင်းကို အဓိကထားပြီး တင်မယ် စိတ်ကူးပါတယ်။ တောင်သူလယ်သမား နေ့အတွက် ကတော့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတပုဒ်နဲ့သာ ကျေနပ်ကြပါလို့ပဲ … ။

***
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့

ဖြစ်စဉ်သမိုင်းအကျဉ်း

မြတ်စွာဘုရားဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေထိုင်ရင်း တရားဓမ္မတွေ ဟောကြားနေကြောင်းကို ခမည်းတော် သုဒ္ဓေါဒန မင်းကြီး ကြားသိတဲ့အခါ ခေါင်းဆောင် အမတ် (၁၀) ဦးကို နောက်ပါ အခြွေအရံ တထောင်စီနဲ့ ၁၀ ကြိမ်ခွဲပြီး ဘုရားကိုပင့်ဖို့ ရာဇဂြိုဟ်ပြည်ကို စေလွှတ်ခဲ့ပါတယ်။ ဒီလို လွှတ်လိုက်တိုင်း အမတ်တွေနဲ့ အခြွေအရံတွေဟာ ဘုရားနဲ့တွေ့ပြီး တရားနာရတဲ့အခါမှာ အားလုံး သာ့သနာဘောင် ၀င်ပြီး ဧဟိဘိက္ခု ရဟန်းတွေဖြစ်ကုန်ကြပါတယ်။

နောက်ဆုံးအမတ်ကတော့ ကာဠုဒါယီ အမတ်ကြီးပါ။ မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားလိုက်ရပြီး ရဟန္တာဖြစ်သွားတဲ့ ကာဠုဒါယီအမတ်ကြီး တဖြစ်လဲ ကာဠုဒါယီမထေရ်ဟာ တပေါင်းလရဲ့ သာယာပုံကို ဂါထာပေါင်း ၆၄ ဂါထာ သီကုံးပြီး မြတ်စွာဘုရားကို ဖွားရာဇာတိ ကပိလ၀တ် နေပြည်တော်ကို ကြွချိန်တန်ပြီ ဖြစ်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ကာဠုဒါယီမထေရ် ရဲ့ လျှောက်ထားချက်အရ မြတ်စွာဘုရားဟာ ရဟန္တာပေါင်း နှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှာ ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆၀ ကွာဝေးတဲ့ ကပိလ၀တ် နေပြည်တော်ကို ရက်ပေါင်း ၆၀ ကြာ (တနေ့လျှင် တယူဇနာခရီးဖြင့်)ဒေသစာရီ ကြွတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားကို ပြည်တော်ဝင်ဖို့ ကာဠုဒါယီမထေရ်ဟာ ဘယ်လိုဂါထာတွေနဲ့များ သီကုံးပြောကြားခဲ့ပါသလဲ … ။
အနည်းငယ် ဖတ်ကြည့်ပါဦး။ ပါဠိလိုတော့ မရေးပြတော့ပါဘူး။ မြန်မာပြန်ကိုသာ ဖော်ပြလိုက်ပါတယ်။

“ကြည်နူးဖွယ်ကောင်း၊ လတပေါင်း”
ကျေးဇူးတော်ရှင် မြတ်စွာဘုရား၊ ယခုအခါ ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက်လာပါပြီဘုရား။
ဤအချိန်တွင် သစ်ပင်အပေါင်းတို့သည် ရွက်ဟောင်းများကို စွန့်ပစ်၍ နီထွေးသော ရွက်နုသစ်များ၊ အပွင့်အဖူးများဖြင့် ပြည့်စုံကြပါကုန်၏။ ထိုသစ်ပင်အပေါင်းတို့သည် အရောင်တို့ဖြင့် ထွန်းလင်း တောက်ပ ကြပါကုန်၏။
ကြီးမြတ်သော ၀ီရိယ ရှိတော်မူသော မြတ်စွာဘုရား … ။ အစဉ်မပြတ် တလက်လက်ဖြင့် ပြိုးပြက်သော ရောင်ခြည် ရှိတော်မူသော အရှင်မြတ်စွာဘုရား၏ မွေးဖွားရာ ဇာတိ ဖြစ်တော်မူသော် ကပိလ၀တ်ပြည်သို့ ကြွမြန်းရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား … ။


“ဒေါင်းသံသာစွ၊ တပေါင်းလ”
ကျေးဇူးတော်ရှင် မြတ်စွာဘုရား၊ ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော တောင်ထိပ်အပြင်၌ ဥဒေါင်းငှက် အပေါင်းတို့သည် သူတို့၏ ကြင်ဖော် ဥဒေါင်းမတို့နှင့် မောင်နှံအတူ ယှဉ်တွဲကြကာ မြူးရွှင် ကခုန်လျက် ရှိကြကုန်၏။ သာယာသော အသံတို့ဖြင့် အိုးဝေ … အိုးဝေ ဟု ဘာသာဘာဝ တွန်မြူး ကျူးရင့်ကြကုန်၏။
ကြီးမြတ်သော ၀ီရိယ ရှိတော်မူသော မြတ်စွာဘုရား … ။ အစဉ်မပြတ် တလက်လက်ဖြင့် ပြိုးပြက်သော ရောင်ခြည် ရှိတော်မူသော အရှင်မြတ်စွာဘုရား၏ မွေးဖွားရာ ဇာတိ ဖြစ်တော်မူသော် ကပိလ၀တ်ပြည်သို့ ကြွမြန်းရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား … ။


“နောက်ဆုံးဂါထာ”
မုနိတို့၏သခင် ဖြစ်တော်မူသော မြတ်စွာဘုရား … ။ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်းနေပါသည် ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ် နေပြည်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား …. ။
***
ကာဠုဒါယီမထေရ်ရဲ့ ဂါထာတွေကို ပျို့ ကဗျာအဖြစ် ပြန်လည်သီကုံး ရေးဖွဲ့ခဲ့သူကတော့ ပေလေးပင် ရှင်လေးပါး ထဲမှာ တပါးအပါအ၀င်ဖြစ်တဲ့ အင်းဝခေတ် စာဆိုတော် “ရှင်အုန်းညို”ဖြစ်ပါတယ်။ ဂါထာ ခြောက်ဆယ်ပျို့လို့ စာပေနယ်မှာ ထင်ရှားခဲ့ပါတယ်။
ဂါထာခြောက်ဆယ်ပျို့ထဲက တပိုဒ်ကို ဖော်ပြလိုက်ပါတယ်။

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်။ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဥာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား ..။ … ။


[ဆရာတော် မာဂဓီ (သာစည်) ၏ အခါတော်နေ့များ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။]
***
အခုဖော်ပြမယ့် ကဗျာကို ဆရာကြီးမင်းသုဝဏ်က တောင်သူလယ်သမားနေ့ ညီလာခံအတွက် ရေးစပ်ခဲ့တာလို့ သိရပါတယ်။
၁၉၆၇ ခုနှစ် ငွေတာရီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဒီကဗျာကို ကျမက ပျဉ်းမငုတ်တို ဆိုတဲ့ စာအုပ်ကလေးထဲက တွေ့လို့ တောင်သူလယ်သမားနေ့ အမှတ်တရ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


“လယ်သမားနှင့် သမားတော်”

လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
ရွာကတက်ကာ၊ မြို့သို့လာသည်
လဟာပြင်က လယ်ဦးကြီး။

ထွန်မည် ယက်မည်၊ စိုက်ပျိုးမည်နှင့်
ရိတ်မည် နယ်မည်၊ လှေ့သိမ်းမည်ဟု
တိုင်းပြည်အကျိုး၊ သူမျှော်ကိုး၍
အားကြိုးမာန်တက်၊ သူနှုတ်သွက်သည်
သူ့အသက်နှင့် မမျှတည်း။

သို့ပါသော်လည်း
မြို့ပေါ်လူမှု၊ မြို့ဥတုကို
ဂရုမထား၊ နေ့ညမှားလျက်
စိတ်သွားကိုယ်ပါ၊ ဆောင်ရွက်ရာတွင်
ဖျားနာ ၀င်ခဲ့ပါလေသည်။

တသက်လုံးမှာ၊ သည်တခါလျှင်
ဖျားနာဝင်ဘူး၊ ဘယ်ညာလူး၍
မမြူးမရွှင်၊ အိပ်ဆောင်ခွင်၌
ကောက်ပင်လဲ့ဝင်း၊ ရွှေအဆင်းကို
စိတ်တွင်းမြင်ယောင်၊ လွှမ်းမိုးမှောင်စဉ်
သည်တောင် ကျော်နိုင်ပါမည်လား။

သတင်းရသော်၊ သမားတော်သည်
အခေါ်မစောင့်၊ ကြာမနှောင့်ဘဲ
ဖြောင့်ဖြောင့်ရောက်လာ၊ စစ်ဆေးကာလျှင်
မေးကာ မြန်းကာ၊ အားပေးကာဖြင့်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးက
ကျေးဇူးတင်သည့် သူ့အပြုံး။

နောက်နေ့နံနက်၊ အရုဏ်တက်၌
ကိုယ်လက်ပေါ့ပါး၊ လယ်သမားသည်
စိတ်သွားကိုယ်ပါ၊ ကျန်းမာလာ၍
လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
မမျှအသက်၊ အားမာန်တက်လျက်
ထွန်ယက်စိုက်မည်၊ နယ်လှေ့မည်နှင့်
တိုင်းပြည်တွက်တာ၊ စဉ်းစားရာတွင်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးသည့်
စိတ်အေးရွှင်ပျော်၊ သမားတော်ကို
ရည်မျှော်စိတ်တွင်၊ ကျေးဇူးတင်သည်
မိခင်အသစ် ရသည်သို့ ။ … ။

***
သာယာချမ်းမြေ့ တပေါင်းလပြည့်နေ့မှာ စိတ်လက်ကြည်သာ ရွှင်လန်းကြပါစေကြောင်း … ဆုတောင်းလိုက်ပါတယ် …။

မေတ္တာဖြင့်

မေဓာဝီ
2.3.07
9:30 am

2 comments:

ကလိုစေးထူး said...

မနေ့က http://www.first-11.com/weekly/21-2/20.htm မှာ တပေါင်းလပြည့်နေ့ အကြောင်းကို အရှင်သံတရာလင်္ကာရ (ဓမ္မပိယဆရာတော်) က ရေးထားတာကို ဖတ်လိုက်ရတယ်။ အခု မမေဓာဝီကလဲ တင်ထားတော့ နှစ်ထပ်ရှိသွားတာပေါ့။ တောင်သူလယ်သမားနေ့အတွက် ဆရာကြီး ဦးဝန် ရေးထားတဲ့ကဗျာကိုလဲ ကြိုက်တယ်..

Anonymous said...

I know today is fullmoon day of Dapaung, i try to think what religious even happend in this fullmoon day,I remember only Tapaung pwe of Shwedagon, but i can't remember of the pome of Sin One Nyo, so i come online hopping to read your new post to know what religious even happened in this day. Now when i read your post the pome of Ga Thar 60 pyo come into my mind and recall the sight of tapaung. How beautiful it is? it has its beuty. let's welcome summer with warmely .. May all being be cool and happy in this fulmoon day..