Thursday, February 23, 2012

အမှားများနဲ့ ကဗျာတွေ ...

ခုတလော စိတ်အချဉ်ပေါက်ပေါက်နဲ့ ရေးဖြစ်တဲ့ ကဗျာလေး နှစ်ပုဒ်ပါ။ နှစ်ပုဒ်လုံးမှာ "အမှား"တွေ ပါနေလို့ ... "အမှားများနဲ့ ကဗျာ" လို့ ခေါင်းစဉ်တပ်လိုက်တယ်။ ကိုယ်က မမှားပါလျက်နဲ့ အများမနှစ်သက်တာ မကြာခဏ ခံရတဲ့အခါ စိတ်အချဉ်ပေါက်လာတယ်၊ ဒါပေမဲ့ အမှန်ကိုတော့ နည်းနည်းမှ သံသယမဖြစ်ခဲ့ပါဘူး။ အမှန်တရားအတွက် တစုံတယောက်နဲ့ မိတ်ပျက်ခဲ့ရင်တောင် ၀မ်းနည်းမိမှာ မဟုတ်တဲ့အပြင် အလွန်ကို ၀မ်းသာ ကျေနပ်နေမိမှာပဲ။ ကျမကလဲ အဲဒီလို လူအမြင်ကပ်အောင် နေတတ်တယ်။ ဒီကဗျာလေး နှစ်ပုဒ်လုံး ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့ပေမဲ့ ကြာရင် ပျောက်သွားမှာစိုးလို့ ဘလော့ထဲ ဆွဲခေါ်လာခဲ့တာပါ ... ။ ဘလော့ကမှ ကိုယ့်အိမ် ကိုယ့်ယာလိုပဲ၊ ဖေ့စ်ဘွတ်နံရံပေါ်မှာ ရေးတဲ့စာဆိုတာ သာလာယံဇရပ် နံရံမှာ စာရေးရသလိုမျိုး သိပ်တည်မြဲတာ မဟုတ်ဘူးလေ ... ။ တကယ်တော့လဲ ဘယ်အရာမှ မတည်မြဲပါဘူး၊ မတည်မြဲတဲ့ လောကထဲမှာ မတည်မြဲကြတာချင်း အတူတူ နည်းနည်းလောက် ပိုမြဲလဲ မဆိုးဘူးလို့ အတ္တကြီးကြီးနဲ့ တွေးမိလို့ တင်လိုက်တဲ့ အမှားများနဲ့ ကဗျာတွေပါ ... ဖတ်ကြည့်ကြပါအုံး ... ။
***

"အမှားနဲ့ အမှန်"

အမှားကို မြင်၊
အမှန်ဖြင့် ပြင်ကာပေး။
လက်ခံသူ စိတ်မဆိုးမှ၊
ကျိုးရှိမယ်လေး .. ။ ... ။

အမှားကို ကျော်၊
အမှန်ဖြင့် မဖော်ရဲ။
အများတကာ သံယောင်လိုက်၊
အကုန် "Like" သည်ပဲ။ ... ။

အမှားမှာ ပျော်ဝင်၊
အမှန်ပင် ပျောက်သွား။
ကြာတဲ့ခါ အမှန်တရား၊
ရှိဦးမှာလား ... ။ ... ။
***
၂၂၊ ၂၊ ၁၂
၀၉း၃၁ နာရီ

"အမှားနဲ့ အများ"

အမှားကို ထောက်ပြဖို့
အများကို ကြောက်ရမှာလား???

အမှားကို ညွှန်ပြဖို့
အများကို မလွန်ဆန်နိုင်ကြဘူးလား???

အများကို ငဲ့ပြီး
အမှားကို ချဲ့ကြမှာလား???

အများ မမုန်းအောင်
အမှားကို ဖုံးထားမှာလား???

အများ အပြစ်ဆိုဆို
အမှားကို မနှစ်လိုသူ ငါ … ။

တရွာနဲ့ တယောက်မို့
ရွာအပြင်သို့ ထုတ်လည်း
မငြင်းဘဲ သွားမယ်။

တယောက်ထဲနဲ့ ငါ့ကမ္ဘာ
အမှားမပါ စကားမဖွာ …
အင်း …
တရားလဲ မနာလိုတော့ပါဘူး။

ရွာဦးက ကျောင်းကန်ဘုရား
လင်းတပဲ နားနား
ထားခဲ့ပါရစေတော့ ...
ခပ်မော့မော့ ရွာပြင်ထွက်
ငါ့ အသက် ငါ့သွေးသား
နှလုံးသားမှာ ဘုရားတည်လျက်။ … ။
***
မေဓာဝီ
၂၃၊ ၂၊ ၂၀၁၂
၁၅း၄၀ နာရီ

17 comments:

ကိုရင် said...

ခပ်မော့မော့ ရွာပြင်ထွက်
ငါ့ အသက် ငါ့သွေးသား
နှလုံးသားမှာ ဘုရားတည်လျက်။

ဂျီအိုအိုအိုဒီ အမ :)

ဟန်ကြည် said...

ဒုတိယကဗျာ ကောင်းလိုက်တာဗျာ...တကယ့်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဖြစ်သွားပါရဲ့...အပျိုးစကားပြေကို ဖတ်ပြီးတော့ ကဗျာရေးရင်ဖြင့် ကပြောင်ပြန်ရေးဦးမှလို့ စိတ်ကူးထားမိတာလေးတောင် လွင့်သွားတယ်...အဟုတ်ဗျာ...ဒါကိုမှ ကပြောင်လုပ်လိုက်မိရင် မိုက်ရာကျတော့မှာကိုး...

ကဗျာကို ကူးယူထားလိုက်တယ်...အော့ဖ်လိုင်းက စာပေ မိတ်ဆွေတွေကိုလည်း ဖတ်ခိုင်းဖို့ စိတ်ကူးထားမိလို့ပါ...

စကားမစပ်...ရွာပြင်မှာ အိမ်ဆောက်နေရတာ ကိုယ်တစ်ယောက်တည်း မှတ်နေတာ...သေချာပြန်ကြည့်မှ မမေက အိမ်နီးနားချင်းလာဖြစ်နေတာကိုး...း)

ကိုအောင်(ပျူနိုင်ငံ) said...

အများတကာ သံယောင်လိုက်၊
အကုန် "Like" သည်ပဲ။ ... ။

... ကောင်းတယ်ဗျာ ...း)

rose said...

I love both poems, sis. Let me share as I'm giving your name as credit.

မောင်သီဟ said...

အမှားတွေက ကြာတော့လည်းအမှန်လိုဖြစ်သွားကြတာ... အမှားတွေက အမှန်လိုဖြစ်နေတာကို အမှားပါလို့သွားပြောမိလိုက်ရင်.....
း)
အထုတ်ဆွဲပြီး ရွာပြင်လိုက်ခဲ့မယ်း)း)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာကောင်းလေးများကို သေချာခံစားဖတ်ရှုသွားပါတယ် ရှင်။

ခင်မင်လေးစားစွာဖြင့်
မြတ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေကတော့ ကဗျာမှာ တကယ့်ကို ပါရမီရှင်ဘဲ
လေးစားမိပါတယ်။
ခုခေတ်မှာ အမှားကို ညွှန်ပြဖို့
အများကို မလွန်ဆန်နိုင်ကြတာတွေ များနေတယ် ထင်ပါတယ် မမေရေ..

seesein said...

ရွာပြင်ထွက်လို့ မှန်ကြေးဆို..
တို့ရွာသားတွေအားလုံး တောထုတ်ပစ်မယ် ကြီးမေ...
ဟဲဟဲ....


ခင်မင်တဲ့
seesein

မြစ်ကျိုးအင်း said...

ဒုတိယကဗျာလေး ပိုကြိုက်တယ်။ အများနဲ့တယောက် နေရဲတဲ့ စိတ်ဓါတ်တွေ ရှားပါကုန်ချိန်မှာ ဒီလိုကဗျာမျိုးက အရသာရှိတယ်။

နေ၀သန် said...

အမှားနှင့် အမှန်ဟူ၍ ရှိသည်။

တခါတရံ အဆိုပါ အမှားဆိုတာကို
အမှားမှန်းသိလျက်နှင့်
အမှန်ဟန်ဆောင်ပြီး လုပ်တတ်ကြပြန်ရော...

အမှန်ကို မသိပဲနှင့်
အမှားချည်းပဲ ဇွတ်လုပ်တတ်ကြသေးသည်။

အမှားကို အမှားလို့ ထောက်ပြပြန်ရင်တော့
စိတ်ဆိုးတတ်ကြရော....

အဲ.. အမှားကို အမှန်လို့ ပြောပြန်ရင်တော့လည်း..
ဒီလူကို သတိထားပေါင်းတဲ့ဗျား....

အဟီး.. အမှန်ကို အမှန်အတိုင်း ပြောရင်တော့
သေချာတယ်..လူမုန်းများလိမ့်မယ်...

အမှန်ကို အမှားလို့ စွပ်စွဲရင်တော့..
တခွီးခွီးနဲ့ ဒေါသထွက်မှာပဲနော်....

ပိုဆိုးတာကတော့..
အမှားလုပ်တုန်း မှန်တယ်ပြောပြီးတော့..
အမှန်လုပ်တုန်း မှားတယ်လို့
မှားပြောရင်တော့...
ဘ၀ပြတ်ရော.....

ကဲ..နောက်ဆုံးတစ်ချက်..
အမှားလုပ်တုန်းက အမှားလို့ပြောတတ်ပြီးတော့
အမှန်လုပ်တုန်း အမှန်လို့..
မှန်မှန်ကန်ကန်ပြောတတ်တယ်ဆိုရင်တော့..
ခင်ဗျားကိုမေးလိမ့်မယ်..
မင်းက ဆရာကြီးမို့လို့လားတဲ့....


ဘာရယ်တော့မဟုတ်ပါဘူး.. အစ်မရဲ့ အမှန်နဲ့ အမှားကိုဖတ်ပြီး ရေးခဲ့ဖူးတဲ့ မတောက်တခေါက်ဟာလေးကို သွားသတိရတာနဲ့..း))

ခင်မင်လျက်
နေ၀သန်

San San Htun said...

ကဗျာလေးတွေက ကောင်းလိုက်တာ မမေရေ..ရဲရဲတောက် စိတ်ဓာတ်လေးကို အားကျတယ်..

မင်းနေဝေး said...

ကဗျာနှစ်ပုဒ်လုံးညိသွားတယ် ...
တော်တော်ခွာယူရအုံးမယ်ထင်တယ် :)

Angelhlaing(May everybody be happy and healthy! said...

စိတ်ပေါက်ပေါက်နဲ့ ရေးတဲ့ ကဗျာမို့ပဲ စိတ်ပါလက်ပါဆိုရင် ဖတ်နေရင်းပစ်လဲကျမယ် ထင်တယ်မမ...:):)

အိမ့်ချမ်းမြေ့ said...

မမေ...

မလေးလည်း ရွာစပ်နား ရောက်လာပြီ ထင်တယ်
:D

Prince said...

တကယ်တော့လဲ ဘယ်အရာမှ မတည်မြဲပါဘူး၊ မတည်မြဲတဲ့ လောကထဲမှာ မတည်မြဲကြတာချင်း အတူတူ နည်းနည်းလောက် ပိုမြဲလဲ မဆိုးဘူး

As saying goes " Comfortable with uncertainty"

:P

Prince said...

တကယ်တော့လဲ ဘယ်အရာမှ မတည်မြဲပါဘူး၊ မတည်မြဲတဲ့ လောကထဲမှာ မတည်မြဲကြတာချင်း အတူတူ နည်းနည်းလောက် ပိုမြဲလဲ မဆိုးဘူး

As saying goes " Comfortable with uncertainty"

:P

သိ င်္ဂါ ရ said...

အများညီရင် ဤ ကို ကျွဲ ဖတ်ကြတယ် ဆိုတော့လည်း ...