Wednesday, March 07, 2012

သွားခါကာလ တန်ပြီတည်း …

တပေါင်းလပြည့်နေ့ … ။
မနက်ခင်းကတည်းက မိုးစက်လေးတွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျနေခဲ့သည်။ ဥရောပ၏ တပေါင်းလက မိုးဖွဲများကြားမှာ အေးမြလို့နေ၏။ အုံ့မှိုင်းမှိုင်း ကောင်းကင်နှင့် စိုစွတ်စွတ် မြေပြင်ကြားမှာ သွားလာလှုပ်ရှားနေကြသော ဤဒေသမှ လူသားများသည် တပေါင်းလပြည့်ကို သတိမူမိလိမ့်မည် မဟုတ်။ သို့သော်လည်း … အလွန်အေးစက်သော ဆောင်းကာလ လွန်မြောက်စမို့ ပန်းကလေးများက မြေကြီးထဲမှ တိုးထွက်ကာ ပွင့်လန်းစပြုနေကြပြီ။ မြက်ခင်းများက စိမ်းစိမ်းစိုစို၊ သစ်ပင်အိုတွေမှာ ရွက်နုသစ်တွေ ထွက်လုလု၊ ချယ်ရီပင်တချို့လည်း အစွမ်းကုန် ဖူးပွင့်ဖို့ တာဆူလို့နေ၏။ တပေါင်းလဟူသည် မည်သည့်ဒေသတွင်မဆို သာယာလှပ နေသည်ပဲလား … ။ ထို့ကြောင့်လည်း တပေါင်းလကို စာဆိုရှင်တို့က အထူးတလည် စာဖွဲ့စပ်ဆိုခဲ့ကြသည်ပင်။

အလွမ်းတဲ့ ဗျာနှောင်။ ။
ဘုံကွန်းညောင်ဗွေက၊ ဖျော်မပြေ ဖော်ကွေဝေးသူတို့၊ ဆွေးရှာတော့အောင်။ ။
ရွှေအမ္ဗုန္ဓာရနှင့်၊ ၀လာက နတ်မောင်၊ ရွာယောင်ပြ ရွှင်မြူး။ ။
ဆွေးတဲ့မေ၊ ဆွတ်သဲကြေ ကြွေစေဖို့၊ မာန်မပြေ ဖန်ဖွေရှာလို့၊ ချုန်းလာသင့်ဘူး။ ။


ဦးကြင်ဥ၏ တပေါင်းလဘွဲ့ ကဗျာတပုဒ်ထဲမှ လေးချိုးသဖြန်လေးကို နှစ်သက်စွာ ရွတ်ဖတ်မိသည်၊ အသံထွက်၍ ရွတ်ဆိုမိသည်။ ဤရာသီနှင့် ဤကဗျာ လိုက်လဲ လိုက်ဖက်ညီပါပေ့ … ။
***
တပေါင်းလ ဟုတွေးမိတော့ ဗုဒ္ဓမြတ်စွာ၏ ပြည်တော်ဝင်သည့်ကာလ အခါသမယ ဟူ၍ စိတ်နှလုံးထဲ ဦးဆုံးရောက်မိသည်။ နှစ်ပေါင်းများစွာ ခွဲခွါခဲ့တဲ့ ကိုယ့်တိုင်းပြည်ကို ပြန်ရတဲ့အချိန်မှာ ဗုဒ္ဓရင်ထဲ ဘယ်လိုများ ခံစားခဲ့ရမလဲ …. ထီးနန်းစည်းစိမ်ကို စွန့်ခွါပြီး ဒုက္ကရစရိယာ ကျင့်ခဲ့တဲ့ ခြောက်နှစ်တာ ကာလမှာ အိမ်ပြန်ချင်စိတ်များ နည်းနည်းပါးပါး ဖြစ်သေးလားဟု သူက ဝေေ၀၀ါးဝါး တွေးမိသည်။ ထီးနန်းစည်းစိမ်အပြင် မိဘ၊ ဆွေမျိုး၊ ချစ်မြတ်နိုးသူများ၊ ဇနီးမယားနှင့် မွေးကင်းစ သားတော်လေး … ထိုအရာများကို စွန့်လွှတ်ကာ စွန့်ခွါခဲ့သည့် သိဒ္ဓတ္ထမင်းသားရင်ထဲ ပူလောင်ခြင်းများ လွမ်းဆွတ်ခြင်းများဖြင့် ပြည့်နှက်နေလေမလား … ။ တွေးမိတော့ သူလည်း လွမ်းချင်ချင် … ။

သို့ပေမယ့် ဘုရားမဖြစ်သေးသည့် သိဒ္ဓတ္ထမင်းသားသည်ပင်လျှင် သာမန်ယောက်ျား မဟုတ်မူကား ယခုသူတွေးသလို ပူလောင်လွမ်းဆွေးခြင်း ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ စိတ်ဓာတ်ခိုင်ကျည်သည့် ယောက်ျားကောင်း ယောက်ျားမြတ်တို့ကား မိမိသွားရမည့် လမ်းခရီးအတွက် နှောင့်နှေးတွန့်ဆုတ်စေမည့် အတွေးမျိုး စိုးစဉ်းမျှရှိမည်မဟုတ်။ မိမိဦးတည်ရာ ပန်းတိုင်သို့ မရောက်မချင်း ခိုင်မာသည့်ဇွဲ၊ မြဲမြံသည့် စိတ်ဓာတ်ဖြင့် ချီတက်နေမည်သာ … ။ သြော် … ဘုန်းရှိသော ယောက်ျား … ဖြည့်ထားသည့် ပါရမီ … ခိုင်ကျည်သည့် ဆန္ဒ … မည်သည့်အရာက လွန်ဆန်နိုင်ပါ့မလဲ … ။

ဒီလိုနှင့် ဆင်းရဲပင်ပန်းစွာ ခြောက်နှစ်တာကာလကို ကျော်ဖြတ်ပြီး အမြင့်ဆုံးပန်းတိုင် (ဗုဒ္ဓအဖြစ်) သို့ ရောက်ရှိခဲ့သော်လည်း အိမ်ကိုမပြန်သေး။ သတ္တ၀ါတွေ အကျိုးအတွက် တရားဒေသနာများ ဟောကြားရင်း မိမိတိုင်းပြည်၏ အဝေးမှာပင် ကျင်လည်ခဲ့ပြန်သည်။ မိဘတွေကို သတိမရလို့လား၊ ဆွေမျိုးတွေကို မကြည့်ရှုတော့ဘူးလား၊ ဇနီးဟောင်းနဲ့ သားငယ်ကို ပစ်ပယ်ရက်တာလား … ။ ဌာနေဟောင်းက ထိုထိုသူအပေါင်းက စိတ်မကောင်း ဖြစ်နေကြပေလိမ့်မည်ထင့်။ တကယ်တမ်း အိမ်ကိုပြန်ချိန်မှာပင် ခမည်းတော်က ယောက်ျားတထောင် ခြံရံသော အမတ်မင်းများကို အကြိမ်ကြိမ် စေလွှတ်၍ ပင့်ဖိတ်ခဲ့ရသည်။ တကြိမ်စေလွှတ်တိုင်း ထိုသူများ ရဟန်းဖြစ်သွားပြီး တိုင်းပြည်ကို ပြန်မလာကြသည့်အဆုံး ကာဠုဒါယီ အမတ်ကြီးကို စေလွှတ်ရပြန်လေ၏။

ဒီအကြောင်းကို ဖတ်ဖြစ်တိုင်း ဘုရားကို ကြည်ညိုစိတ်ဖြင့် အကြိမ်ကြိမ် ဦးချမိသည်။ ကိုယ့်မိဘဆွေမျိုးထက် သတ္တ၀ါတွေ၏ အကျိုးကို ဦးစားပေးသည့် ဗုဒ္ဓ၏ စိတ်ဓာတ်၊ ဘယ်လောက် မြင့်မြတ်ပါသလဲ။ အကယ်၍သာ တကြိမ်တခါ ခေါ်ရုံမျှဖြင့် ပြည်တော်ပြန်ခဲ့ပါလျှင် ယောက်ျားတထောင်စီ ခြံရံ၍ စေလွှတ်ခြင်းခံရသူ အမတ်များနှင့် ထိုအခြံအရံ ယောက်ျားများစွာ တရားရလိမ့်မည် မဟုတ်။ ထိုသူများ အကျိုးငှာ ခမည်းတော် အခေါ်ထောက်သည်ကို ချက်ချင်းမလာခြင်း ဖြစ်မည်ဟု သူက တွေးကြည့်မိပြန်သည်။

နောက်ဆုံး ကာဠုဒါယီအမတ်ကြီးက သက္ကရာဇ် ၁၀၃ ခု၊ တပေါင်းလပြည့် ကြာသပတေးနေ့မှာ “အင်္ဂါရိနော ဒါနိ” အစချီသည့် ဂါထာပေါင်း ၆၀ ဖြင့် လျှောက်ထားပင့်ဖိတ် ခဲ့ရသည်။ ရာသီရဲ့ သာယာခြင်းကြောင့်လား၊ ဒါယီရဲ့ ဂါထာသီချင်းကြောင့်လား … သို့တည်းမဟုတ် ဗုဒ္ဓကိုယ်တော်တိုင်က တိုင်းပြည်ကို ပြန်ဖို့ အချိန်တန်ပြီဟု ယူဆခြင်းကြောင့်လား … ထိုနေ့ထိုရက်မှာ ဗုဒ္ဓမြတ်စွာ ပြည်တော်သို့ ပြန်ဝင်ခဲ့လေတော့သည်။

ကြည်နူးစရာ ကောင်းလိုက်ပါဘိတော့။ ဗုဒ္ဓ၏ ပြည်တော်ပြန်ခရီးက သာတောင့်သာယာ၊ ပန်းမာန်များကလည်း သင်းပျံ့သော ရနံ့များဖြင့် အစွမ်းကုန် ဖူးပွင့်လို့၊ ငှက်ကျေးသာရကာများကလည်း တီတီတာတာ ကျူးရင့်လို့၊ ခရီးတလျှောက် အင်းအိုင် ရေကန် များဖြင့်လည်း အေးမြသာယာ ထူးတင့်လို့ … ။ ကိလေသာ ကင်းစင်သော ဗုဒ္ဓ၏ ပြည်တော်ပြန် ခရီးက ငြိမ်းချမ်းလွန်းလှပါသည်။

ကာဠုဒါယီအမတ်ကြီး၏ ဂါထာ ၆၀ ကို ပေလေးပင် ရှင်လေးပါးတွင် တပါးအပါအ၀င် ဖြစ်သော ရှင်အုန်းညိုက ဂါထာ ၆၀ ပျို့ အဖြစ် ရေးဖွဲ့သီကုံးခဲ့ခြင်းဖြင့် မြန်မာစာပေတွင် စံတင်လောက်သည့် ပျို့ကဗျာတစောင် ဖြစ်လာခဲ့သည်။ ဘာကြောင့်ရယ်မသိ … ထို ဂါထာ ၆၀ ပျို့ကို ဖတ်သည့် အခါတိုင်း တပေါင်းလသာယာပုံကို ဖွဲ့ဆိုသည့် အခန်းကို အဓိကထားကာ မကြာခဏ ဖတ်ဖြစ်ခဲ့သည်။ ဘယ်နှစ်ခေါက် ဖတ်ဖတ် နှစ်သက်နေဆဲ၊ စာဆို၏ ဖွဲ့ဆိုချက်များကို မျက်စိထဲ မြင်သည်အထိ စွဲလမ်းနေမိဆဲ။

“ … ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်တောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ … ။ သွားခါကာလ တန်ပြီတည်း။

ဤစာပိုဒ်ကို ဖတ်ပြီး မျက်စိကို မှိတ်လိုက်ကာ “သွားခါကာလ တန်ပြီတည်း” ဟူသော စာလုံးလေး ၇-လုံးအား အထပ်ထပ် ရေရွတ်နေမိလေ၏။ အချိန်အခါ မသင့်သေးသမျှ မည်သို့မျှ မသွားနိုင်၊ အချိန်အခါသင့်ပြီ ဆိုပါကလည်း မည်သူမျှ မတားနိုင်ပါချေ။

“ … သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊ နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊ မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊ ရှိပန်ဆင်လျက်၊ ထိုတွင်ပြည်သူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ … ။ ချမ်းဆောင်းဟေမန် လွန်ပြီတည်း။”

အေးစက်လွန်းသော ဟေမာန်ဆောင်းကာလ လွန်မြောက်သည့် အခါသမယမှာ ဗုဒ္ဓက ပြည်တော်ပြန်ခဲ့သည်။ အဆွေအမျိုးများ၏ ထုံကျင် အေးခဲနေသော နှလုံးသားများကို တရားအမြိုက်ဆေးဖြင့် နွေးထွေးစေခဲ့သည်။ ထိုသို့ဖြင့် ခမည်းတော်အပါအ၀င် သူ့ပြည်သားများကို ကျေးဇူးပြုခဲ့လေ၏။
***
ညက တစတစ နက်၍ လာလေပြီ။ အခန်းကျဉ်းလေးထဲမှာ အအေးဓာတ်က ခပ်ပါးပါး လွှမ်းခြုံထား၏။ မနက်ခင်းက မိုးရွာပေမယ့် နေ့ခင်းက မိုင် ၁၀၀ ကျော်ဝေးသော ခရီးကို သွားစဉ် ကားထဲမှာ အတော်လေး နေပူခံခဲ့ရသေးသည်။ ခုတော့လည်း အေးပြန်ပြီ။ “နေ့ပူလို့ ည-ချမ်း … တပေါင်းလ သရမ်း” ဟု လူကြီးများ ပြောကြတာ ဒီဒေသမှာပင် မှန်နေသယောင်ယောင်။ တွေးသမျှ … ငေးသမျှ … ရေးသမျှ … တပေါင်းလနဲ့ကို မလွတ်ပါလား။ လပြည့်နေ့ လပြည့်ညများသည် စိတ်ကို ညွတ်နူး ပျော့ပြောင်းစေသလား … လရောင်ဟာ ဒီရေကို ဆွဲငင်သလို နှလုံးသွေးတွေ ပူနွေး တက်ကြွအောင် ဆွဲဆောင်သလား … အတွေးများစွာဖြင့် ငြိမ်သက်ရင်း လှုပ်ရှားနေမိသည်။

သြော် … မနက်ဖြန်ဆို … … … ။
***
မေဓာဝီ
၇၊ မတ်၊ ၂၀၁၂
တပေါင်းလပြည့်ည
၂၃း၃၀ နာရီ

12 comments:

မဒမ်ကိုး said...

လပြည့်ညတိုင်းမှာ လရဲ့ဆွဲငင်အားကြောင့်လူတွေရဲ့စိတ်ဟာ ပုံမှန်မဟုတ်ဘဲလှုပ်ရှားနေသလို တပေါင်းလရဲ့မြင်မြင်သမျှ ပတ်ဝန်းကျင်ဟာလဲလူကိုလွမ်းမောစေတာဘဲ မမမေရေ.
တကယ်တော့ ပူတာကိုသာမကြိုက်ပေမယ့် တပေါင်းလမှာ ပန်းတွေပွင့်ကြတာကိုဖြင့်အင်မတန်သဘောကျမိပါရဲ့

ချစ်တဲ့

ဒိုးကန်

ကိုကိုမောင်(ပန်းရနံ့) said...

ကျန်သေးတယ်။ စကားပုံ။
ပုဏ္ဏားနွားရောင်း၊ လတပေါင်း တဲ့။း)

မသိရင် မင်းဂန်ရွာဦးကျောင်းကို သွားမေး။
ဓါတ်ပုံပညာရှင်တစ်ယောက် မိန့်ခဲ့တာ။

Have a nice and safe trip!

နေ၀သန် said...

ငယ်ငယ်ကဆို ဒီလိုတပေါင်းလဆို စာမေးပွဲတွေပြီးပြီလေ.... နွေဦး.. လေရူးကလည်း တသုန်သုန်... စာမေးပွဲပြိးလို့ ပျော်တာတစ်မျိုး.. သူငယ်ချင်းတွေနဲ့ ခွဲရတာကို လွမ်းတာတဖုံ.. အိမ်ဘေးက ၀ါးရုံပင်ကလည်း လေရူးကြောင့် တရှူးရှူးအသံတွေ မြည်လို့.... အိမ်ရှေ့က လက်ပံပွင့်ကလည်း ရင့်နေပြီ... မကြာခင် ကြွေတော့မယ်... အိုး.. အစ်မရယ်.. တပေါင်းလဟာ..တကယ်ကို လူ့စိတ်ကို ဖမ်းစားနိုင်လွန်းတယ်.... အစ်မရဲ့စာလေးကို ဖတ်ပြီး... လွမ်းမိတယ်ဗျာ...

ခင်မင်လျက်
နေ၀သန်

mstint said...

တန်ဖိုးရှိတဲ့ ပို့စ်လေးတစ်ပုဒ်
ဖတ်ခွင့်ရလို့ ကျေးဇူးပါ မေရေ။
တန်ပေါင်းလပြည့်နေ့ ဖွဲ့နွဲ့ပုံအမျိုးမျိုးကိုဖတ်ရတာ
စိတ်ကြည်နူးစရာကောင်းတယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မောင်မျိုး said...

နေ့ပူလို့ ညချမ်း ဒီမှာဖြစ်နေတာကို မြန်မာလတွေနဲ့လည်း ဝေးတော့ အမှတ်မထားမိတော့ ရာသီဥတုကလည်းဖောက်ပြန်လိုက်တာလို့ဖြစ်နေတယ် အစ်မပို့စ်လေးဖတ်မှ အေ...ဟုတ်သားပဲ ဖြစ်နေတယ် ။

ညက လသာတာ တအားလှတာတော့ သတိထားလိုက်မိတယ်ဗျ ။

Anonymous said...

ချစ်သော မမေ

စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံတဲ့ ပြည်တော်ပြန် ခရီးလေး ဖြစ်ပါစေကြောင်း

ခင်မင်တဲ့
ရွှေစင်ဦး

san htun said...

မမေပို့ စ်လေးဖတ်ရတော့ မြန်မာပြည်ကို လွမ်းလိုက်တာ..ဒီအချိန်ဆို ဘုရားပွဲတော်တွေ၊ မြူခိုးတွေ ဝေနေမှာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ
လတပေါင်းဆိုတာ ရာသီတွေထဲမှာ အလှဆုံး ချိန်ကာလို့ ရှေးစာဆိုကြီးတွေက ပြောကြတယ်နော်
ဟုတ်လည်း ဟုတ်လောက်ပါရဲ့
ဆောင်းအကုန်နွေဦးကာလဟာ မြန်မာပြည်မှာတော့ လေရူးတွေလည်း မြူးတဲ့ လ၊ ရော်ဝါရွက်တွေလည်း ကြွေတဲ့လ၊ ကြည့်လေရာ မြူခြေဆိုင်းဆိုင်းနဲ့ လွမ်းဖို့ကောင်းနေတာဘဲနော်

ဟန်ကြည် said...

ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ကို မဖတ်ဖူးသေးဘူး မမေရေ...အနှီစာတွေကလည်း ဒီဘက်ခေတ်မှာကျ ရှားပါးပစ္စည်းဖြစ်နေပြီ...ဒီမှာ ကဗျာစာအုပ်ကလေးဘာလေးဖတ်ချင်ရင်တောင် စာအုပ်ဆိုင်ကို တကူးတက မှာခိုင်းရတယ်...ဒါတောင်မှ ဆရာမောင်စိန်ဝင်းရဲ့ သောကခြေရာကို အခုထိ ရှာလို့မရသေးဘူး...

တပေါင်းလအကြောင်းကိုဖွဲ့ထားတဲ့ စာတွေထဲမှာ “ ရသေ့သူတော်တိုင်မှ၊ ဥာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင် စာညီပြောပေပ၊ ကြော၍သာမြဲ ” ဆိုတဲ့ စာသားကို အကြိုက်ဆုံးပေါ့...

ကြည့်ရတာ မမေလည်း တပေါင်းလကြောင့် ဈာန်လျှောချင်ပြီထင်ပါ့...ဟုတ်စ...

စကားမစပ်...ဒီပို့စ်က စကားပြေအရေးအသား ညက်လိုက်တာဗျာ...မဂ္ဂဇင်းတစ်ခုခုကို ပို့သင့်တယ်လို့ ခံစားမိတယ်...

seesein said...

ကြီးမေ

အခုမှ ဖတ်သွားတယ်ဗျို့...အစစအရာရာ အဆင်ပြေပါစေကြောင်း ...

ခင်မင်တဲ့
seesein

ညိမ်းနိုင် said...

မမေ....တပေါင်းလမှာ ညန်မာပြည်လွမ်းလို့ပြန်လေသ
လားဗျာ....၊သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေဗျာ...။
ဒီပို့စ်လေးကတော့ ဆြာကြည်ပြောသလိုပါပဲ...ညက်
ညောလှတာမို့ ဘာသာရေးစာပေတိုက်တစ်ခုခုကိုပို့သင့်
ပါရဲ့ဗျာ....။

:P said...

ပျော်ရွှင်ဖွယ် အိမ်အပြန်..ဖြစ်ပါစေ...