Sunday, February 19, 2012

ဒဏ်ရာများနဲ့ လမ်းပြကြယ် ...

ဒီကနေ့ အလုပ်ကပြန်လာတော့ ဘူတာရုံကနေ အိမ်ကို လမ်းလျှောက်ရင်း ကောင်းကင်ဆီ မော့ကြည့်မိတော့ ကြယ်ကလေးတလုံး မှိတ်တုတ် မှိတ်တုတ် လင်းလက်လို့ ဟိုးအမြင့်ထက်မှာ … ။ ကျမသွားတဲ့ လမ်းတလျှောက် သူအနောက်က လိုက်လာတယ်။ အေးလွန်းလှတဲ့ ရာသီမို့ ညဥ့်ဦးပိုင်းပေမဲ့ အသွားအလာ ကျဲပါးတဲ့ လမ်းတလျှောက် တယောက်ထဲ လျှောက်နေရတဲ့ ကျမမှာ သူ့ရဲ့ မပီမပြင် အလင်းလေးကိုပဲ နှစ်ခြိုက်ခုံမင်စွာ မော့ကြည့်ရင်း ရင်ထဲမှာ နွေးထွေးလို့လာတယ်။ တဆက်ထဲမှာပဲ … ကြေကွဲ ၀မ်းနည်းလို့လာတယ်။ အိမ်ရောက်တော့ ကျမက ထမင်းမစားတော့ဘဲ ဦးရီးတော်ကိုသာ ထမင်းပြင်ကျွေးပြီး ရေချိုး ခေါင်းလျှော်နေရင်း ကြယ်ကလေးအကြောင်း တွေးနေမိတယ်။ တွေးရင်းနဲ့ ရင်ထဲရောက်လာတဲ့ စာသားတချို့ကို မေ့မသွားအောင် ရေချိုးရင်း ခပ်တိုးတိုး ရွတ်နေမိတယ်။ ပြီးတော့ ချရေးဖြစ်တယ် … ။
***
“ဒဏ်ရာများနဲ့ လမ်းပြကြယ်”



ဒဏ်ရာတွေ အလူးလူးနဲ့
ညဥ့်ဦးယံ ကောင်းကင်ထက်မှာ
ကြယ်လေးတစင်း လင်းလက်နေခဲ့တယ်။

ကိုယ်သွားရာ နောက်
တကောက်ကောက် လိုက်ပါရင်း
မှိန်ပျပျ အလင်းတွေ ခင်းကျင်းလို့ … ။

သူဟာ …
ရောင်စဉ်တွေ မဖြာ
သိပ်လဲ မထည်ဝါလှပါဘူး …
တမိုးလုံး တောက်ပ
လင်းလက်လှတာလဲ မဟုတ်ပါဘူး …
ကြယ်တာရာ နတ်သမီးလို
ထိန်ထိန်လဲ မငြီးလှပါဘူး … ။

ဒါပေမဲ့ …
ခပ်ကျဉ်းကျဉ်း ကိုယ့်ကမ္ဘာမှာ
သူ့အလင်းတွေ ဝေဖြာခဲ့တယ် …
အမှာင်သမ်းတဲ့ လမ်းတွေထက်
သူ့အလင်း ဖြန့်ကြက်ပေးခဲ့တယ် …
စမ်းတ၀ါးဝါး
သွားခဲ့တဲ့ ခရီးတလျှောက်
သူ … နောက်က ဖေးမခဲ့တယ် …
သူ့အစွမ်း သူ့ အစနဲ့
ကိုယ်တို့ဘ၀တွေ တောက်ပအောင်
ရှေ့ဆောင်လဲ ပေးခဲ့တယ် … ။

ခုတော့လေ …
ကြယ်တပွင့်လို
တင့်တယ်တဲ့ သူ့ကိုယ်မှာ
ဒဏ်ရာတွေနဲ့ … တဲ့ … ။

ကံကြမ္မာရဲ့ ဒဏ်ရာလား …
သံသရာရဲ့ ဒဏ်ရာလား …
ရန်ရှာမယ့် ဒဏ်ရာလား …
မခံသာတဲ့ ဒဏ်ရာလား …
……………………………….
မကြားရက်တော့ပြီ တကယ် … ။

ကောင်းကင်ကြီးရယ် …
ကိုယ်တို့အတွက်
လင်းလက်နေတဲ့ ကြယ်တပွင့်ကို
တိမ်ညိုတွေနဲ့ မဖုံးလိုက်ပါနဲ့ … ….
မဖုံးလိုက်ပါနဲ့ … ... ... ... ... ...
မဖုံးလိုက်ပါနဲ့ … တောင်းပန်တယ် …. ။

***
မေဓာဝီ
၁၉၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၁း၅၅ နာရီ

(To my beloved sister, who is going to take Chemotherapy treatment tomorrow.)

15 comments:

Anonymous said...

Wishing your guiding star beloved sis get well soon and all the best.
Gyidaw

မဒမ်ကိုး said...

ကောင်းလိုက်တဲ့ကဗျာလေး မမမေရယ် ..
ကြယ်လေးတွေကို ကျနော်လဲချစ်တယ်


ချစ်တဲ့

ဒိုးကန်

ဟန်ကြည် said...

ခေါင်းစဉ်ကိုဖတ်ပြီး လန့်သွားတာပဲ မမေဓာဝီရယ်...ဦးဟန်ကြည်ဖွင့်ထားတဲ့ သင်တန်းနံမည်က “ လမ်းပြကြယ် ” ဖြစ်နေတာကိုးး)

မှိန်ပျပျ အလင်းတွေ ခင်းကျင်းလို့...ဆိုတဲ့ စာသားက ရင်ထဲကို ရောက်သွားတာပဲ...အလင်းဆိုတဲ့နာမ်ကို ခင်းကျင်းတယ်ဆိုတဲ့ ကြိယာနဲ့တွဲရင် ဒီလောက်လှမှန်း တစ်ခါမှကို မတွေးမိတာ...

နှစ်လိုဖွယ်ကောင်းလွန်းလို့ သုံးခေါက်တောင်ပြန်ဖတ်မိသွားတယ်...မမေဓာဝီပြောချင်တဲ့ လမ်းပြကြယ်ကိုလည်း မြင်ယောင်လာတယ်...

အားလုံးရဲ့ လမ်းပြကြယ်တစ်စင်း
မြူတိမ်ကင်းတဲ့ ချစ်ခြင်းကောင်းကင်မှာ
ထာဝရ လင်းနိုင်ပါစေဗျာ...

ဟန်ကြည် said...

ကဗျာကို နောက်တစ်ခါပြန်ဖတ်မှပဲ မမေဓာဝီရဲ့ sister တစ်ယောက် Chemo ၀င်ရမယ်ဆိုတာ တွေ့သွားတယ်...အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...နည်းပညာ ဆေးပညာ အစစတိုးတက်နေတဲ့ ခေတ်ကြီးမို့လည်း ရောဂါအမြန်သက်သာလိမ့်မယ်လို့ ယုံကြည်မိပါတယ်...

မမေဓာဝီက အဲဒီတစ်ယောက်ကို ရည်စူးပြီး ရေးတာဆိုပေမယ့် မျက်စိထဲမှာ တခြားတစ်ယောက်ကို သွားမြင်နေမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ပြုံးလိုက်မိပါရဲ့...

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Anonymous said...

မမေဓါ ရေ

ကဗျာလေး က ချစ်စရာ .. နာကြင်စရာ ဘဲ
လမ်းပြကြယ် လေး ဒဏ်ရာတွေ ပျောက်ပါစေဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

တိုက်ဆိုင်မှုတွေရှိလာရင်
မောင်ဘကြိုင်လည်း တဦးတစ်ယောက်ကိုလွမ်းမိတယ်
လမင်းကြီးကိုပိုင်ဆိုင်ခွင့်မရှိပေမယ့်
ဘဝလမ်းမှာ ကြယ်လေးတွေက လမ်းပြအလင်းမဟုတ်လား

မမိုး said...

လမ်းပြကြယ်လေး တိမ်ညိုမဖုံးပဲ လင်းမြဲလင်းနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်ကွယ်.။။။

နေ၀သန် said...

ဘာမြင်မြင် ကဗျာလေးဖြစ်နေတာပဲနော့.. ကဗျာဥာဏ်ကတော့ အတော်ကို ထက်မြက်ပါပေတယ်ဗျာ..

ခင်မင်လျက်
နေ၀သန်

san htun said...

လမ်းပြကြယ်လေး တိမ်ညိုတွေ မဖုံးဘဲ အမြန်ဆုံး လင်းလက်ပါစေလို့  ဆုတောင်းလိုက်ပါတယ်..

သားသားသန့် said...

မမမေမေ..သားလာလည်သွားပါတယ်...သတိရလျှက်ပါနော်...ကျန်းမာရေးလည်းဂရုစိုက်အုံး...ကျန်းမာပျော်ရွှင်စွာနဲ့ စာကောင်းပေကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်....

သားသားသန့်

သိင်္ဂါကျော် said...

မှိန်ပြပြ အလင်းတွေ နဲ့ပဲ တစ်ယောက်တလေကို အလင်းပေးနိုင်တဲ့ ကြယ်ကလေး ဖြစ်ချင်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးဖတ်ပြီး စိတ်မကောင်းသလို ခံစားမိတယ်
တစ်ပွင့်တည်းသော ကြယ်ပွင့်လေးကို တိမ်ညိုတွေ မဖုံးစေချင်ပါဘူး..
အမြဲလင်းလက်စေချင်ပါတယ်။

မြစ်ကျိုးအင်း said...

အစ်မဖြစ်သူလည်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးရင်း အားလုံးအတွက် လမ်းပြကြယ်ကိုလည်း တိမ်မဲတွေ မဖုံးဖို့ တထိတ်ထိတ်နဲ့ ဆုတောင်း မျှော်လင့်နေမိတယ်။

အိမ့်ချမ်းမြေ့ said...

မမေ

မမေရဲ့ အစ်မ
အမြန်ဆုံး ကျန်းမာလာပါစေ...

ချစ်တဲ့
မလေး