Monday, February 06, 2012

ဖေဖော်ဝါရီ မွန်းလွဲချိန်

၎၊ ဖေဖော်ဝါရီ၊ ၂၀၁၂

မနက်စောစော အလုပ်သွားဖို့ အိပ်ရာကထချိန် ထုံးစံအတိုင်း ရာသီဥတု အခြေအနေကို ကွန်ပျူတာမှာကြည့်တော့ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် ဖြစ်နေတယ်။ ဘတ်စ်ကား တတန် ရထားတတန် ကုန်းကြောင်းတတန် သွားရမယ့် ခရီးအတွက် အအေးဒဏ် ခံနိုင်အောင် တကိုယ်လုံးကို ကြပ်စည်းသလို ထုပ်ပိုးပြီး အိမ်ကအထွက် တံခါးကို သော့ခတ်လို့ မရဘူး။ အေးလွန်းလို့ သော့က ဂျမ်းဖြစ်သွားတယ် ထင်ပါရဲ့၊ ကြိုးစားပြီး သော့ခတ်နေတာနဲ့ စီးရမယ့် ဘတ်စ်ကားကြီးက လာနေပါရော။ ဒါနဲ့ တံခါးကို အသာလေးပဲ စေ့ပြီး ကေမန်းကတန်း ကားမှတ်တိုင်ကို ပြေးတော့ မှတ်တိုင်မှာ လူတယောက်ရှိနေတာမို့ ကားကရပ်တယ်။ ဒါဆို မီနိုင်တာမို့ ကျမလဲ ပါးစပ်ကနေ stop, stop လို့ အော်ရင်း ပြေးရင်း ကားကြီးကို မီတော့ မီသွားပါရဲ့ ကားက တံခါးကြီး ပိတ်သွားပြီး ၀ူးဆို ထွက်သွားပါလေရော။


...
တခါတလေ ဘတ်စ်ကားမောင်းသူတွေက အဲဒီလိုပါပဲ။ သိပ်တိကျလွန်းတာလား၊ စိတ်မရှည်တာလား မသိပါဘူး။ ဒါမျိုး တခါမှ မဖြစ်ဖူးတော့ စိတ်ထဲ မခံချိမခံသာ ဖြစ်မိပေမဲ့ ကိုယ်က နောက်ကျတာမို့ ဘယ်တတ်နိုင်မလဲ၊ နောက်တစီး စောင့်ရုံရှိတာပေါ့။ အဲဒီမနက် အေးခဲနေတဲ့ ရာသီဥတုအောက်မှာ နောက်လာမယ့် ဘတ်စ်ကားကို နာရီဝက်လောက် ထပ်စောင့်လိုက်ရတယ်။ အလုပ်ကိုလဲ နာရီဝက် နောက်ကျမှ ရောက်သွားခဲ့တယ်။

အဲဒီနေ့ နေ့လည်ပိုင်းမှာ နှင်းတွေစပြီး ကျလာတယ်။ အလုပ်က နေ့တ၀က်နဲ့ ပြန်လွှတ်တော့ အိမ်အပြန်လမ်းမှာ ခပ်ဖွဲဖွဲ ကျစပြုနေတဲ့ နှင်းတွေအောက် အလုပ်ထဲက သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဘူတာရုံကို လမ်းလျှောက်ကြတယ်။ ပါးပါးလျလျ ကျနေတဲ့ နှင်းတွေကို ကျမတို့တတွေ အားမလို အားမရ ဖြစ်နေကြသေးတယ်။ ဒီနှစ်ဆောင်းအတွက် ဒါက ပထမဆုံး နှင်းတွေမဟုတ်လား။ ရထားစီးနေရင်းနဲ့ တဖြည်းဖြည်း အဖြူရောင်တွေ ခပ်သိပ်သိပ် တစတစ ပြိုကျလာတယ်။ ကျမနေတဲ့ မြို့ကလေးဆီ ရောက်တော့ လမ်းတလျှောက်လုံး နှင်းတွေ ဖုံးနေပြီ။



အိမ်ကိုရောက်ဖို့ ဘတ်စ်ကားတဆင့် စီးရသေးတယ်။ နှင်းရော မြူပါဆိုင်းနေလို့ တလောကလုံး မှုန်မှိုင်းနေတာပဲ။ ဘတ်စ်ကားကြီး စီးနေရင်း မကြာသေးခင်က ဖတ်ဖြစ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို သတိရမိတယ်။ Afternoon in February တဲ့။

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

ရေးသူက အမေရိကန် ကဗျာစာဆိုရှင် Henry Wadsworth Longfellow (1807 – 1882) ပါ။ အင်တာနက်ထဲမှာ ကဗျာတွေ ရှာဖတ်ရင်း အဲဒီကဗျာလေးကို သွားတွေ့လို့ သဘောကျတာနဲ့ ဖေ့စ်ဘွတ်ရဲ့ နံရံပေါ်မှာ တင်လိုက်တော့ အကိုကြီး ဦးဟယ်ရီက ကွန်မန့်ထဲမှာ “ဘာသာလေးပါ ပြန်ပေးလေ” လို့ လာရေးသွားတယ်။ တကယ်တော့ အဲဒီကဗျာလေး စဖတ်ကတည်းက မြန်မာလို ပြန်ကြည့်ချင်နေခဲ့ပေမဲ့ … မပြန်ဝံ့လို့ အသာလေး ငြိမ်နေခဲ့တယ်။ (ကဗျာအစအဆုံး ဖတ်ချင်ရင် ဒီနေရာမှာ ရှိပါတယ်။)

ဘတ်စ်ကားက နာရီဝက်လောက် စီးရတာမို့ အဲဒီကဗျာလေးကို ဖုန်းလေးထဲကနေ ပြန်ဖတ်ရင်း စိတ်ထဲကနေ တိတ်တဆိတ် ဘာသာပြန်နေမိတယ်။ တကယ်တော့ ကျမက ဘာသာမပြန်တတ်ပါဘူး။ အင်္ဂလိပ်စာ ညံ့တာက တကြောင်း၊ ဘာသာပြန်လိုက်ရင် မူရင်းရေးသူရဲ့ အာဘော်နဲ့ ဆိုလိုရင်းတွေ ပျက်သွားမှာ စိုးတာက တကြောင်းတို့ကြောင့်ပဲ ဆိုပါတော့။ ဒါပေမဲ့ ဒီကဗျာလေးကိုတော့ ဆိုလိုရင်း ပျက်ကာမှ ပျက်ရော မတောက်တခေါက်တော့ ပြန်ကြည့်ချင်နေမိတယ်။

အိမ်ရောက်တော့ ကော်ဖီတခွက်သောက်ပြီး ဟင်းချက်တယ်။ နောက်တနေ့ (တနင်္ဂနွေနေ့) မှာ ဦးရီးတော်က ဘာမင်ဂန် ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းသွားပို့မယ်လို့ ပြောထားလို့ တချို့ဟင်းတွေ သောကြာနေ့ကတည်းက ကြိုတင်ချက်ထားပေမဲ့ နောက်ထပ် ချက်ချင်သေးတဲ့ ဟင်း နှစ်ခွက်ကို လတ်လတ်ဆတ်ဆတ် ဖြစ်အောင် စနေညနေခင်းမှ ချက်ပါတယ်။ ချက်ချင်တာက သီးစုံပဲကုလားဟင်းနဲ့ ရုံးပတီသီး အချိုနှပ် ဆိုတော့ အိမ်ထဲမှာချက်ရင် အနံ့တွေ လှိုင်နေမှာ စိုးတာနဲ့ ဂိုထောင်ထဲမှာ ချက်တော့ အေးလိုက်တာ ခိုက်ခိုက်တုန်။ တံခါးဖွင့်ထားတော့ နှင်းတွေကလဲ လာလာပက်သေးတယ်။ ဟင်းချက်ရတာလဲ အင်္ကျီအထပ်ထပ်ဝတ်၊ လည်ရှည်ဖိနပ်စီး၊ ဦးထုပ်ဆောင်းပြီး ချမ်းချမ်းစီးစီး ချက်ရတာပါ။ အဲဒီလို ချက်ထားတဲ့ ဆွမ်းဟင်းတွေကို ဆရာတော်တွေ နှစ်သက်စွာ ဘုဉ်းပေးမယ်ဆိုရင်တော့ အချမ်းခံရကျိုး နပ်တာပါပဲ။


ရေခဲမုန့် မဟုတ်ပါဘူး၊ ကျမအိမ်နောက်ဘေးက ပန်းစိုက်တဲ့အိုးမှာ တင်နေတဲ့နှင်းတွေပါ။ ဒီဘက်ပုံက ဘုန်းကြီးကျောင်းအတွက် ချက်ထားတဲ့ ဟင်းလျာများ

ဟင်းချက်လို့ပြီးတော့ ညစာစားချိန်ရောက်သွားပြီ။ ထမင်းပြင်ပြီး တူဝရီးနှစ်ယောက် ညစာစား၊ ခဏနား ရေမိုးချိုးပြီး ကွန်ပျူတာရှေ့ရောက်မှ ကဗျာလေးဆီ စိတ်က ပြန်ရောက်သွားတယ်။

The day is ending,
The night is descending;
The marsh is frozen,
The river dead.
***
ဒီလိုနဲ့ ကဗျာတပုဒ် ဖြစ်လာခဲ့ပါတယ်။ ဘာသာပြန်တယ်လို့ ဆိုရအောင်လဲ အတိအကျတော့ မဟုတ်ပါဘူး။ ကိုယ်နားလည်သလိုသာ ရေးလိုက်မိတာပါပဲ။ မူရင်းကဗျာ အရသာပျက်သွားခဲ့ရင်တော့ ဘာသာပြန်သူ ကျမကို ခွင့်လွှတ်ကြပါတော့ … ။

ဖေဖော်ဝါရီ မွန်းလွဲချိန်

တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ
အို … မြစ်သေ … ။

တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေ၀င်ဆည်းဆာ
အာကာပြင်ထက်
မှိန်ပြိုးပြက် … ။

ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ
နှင်းမွေ့ယာ … ။

မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား
မသာ ရထား … ။

ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး
ခေါင်းလောင်းထိုး … ။

ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန်
ခေါင်းလောင်းသံ … ။
***
၎၊ ဖေဖော်ဝါရီ ၂၀၁၂
၂၁း၄၃ နာရီ



နောက်တနေ့ အလုပ်သွားတော့ အလုပ်နားက ရေကန်ကြီးတခုလုံး ရေခဲနေတယ်။ ခါတိုင်း စိမ်းလန်းနေတဲ့ မြက်ခင်းပေါ်မှာ နှင်းတွေနဲ့ ဖြူဖြူဖွေးလို့။ စာဆို Henry က သူ့ကဗျာထဲမှာ The river dead လို့ ရေးခဲ့တယ်။ ခုမြင်ရတာတော့ The lake dead ပေါ့။ ကြည့်လေ … ရေကန်ကြီး ထဲမှာ အမြဲတမ်း လှုပ်ရှား လွန့်လူးနေတတ်တဲ့ လှိုင်းကလေးတွေတောင် မလှုပ်မယှက် တိတ်တဆိတ် အေးခဲလို့ … ။ ဖေဖော်ဝါရီ မွန်းလွဲချိန်ရဲ့ ရာသီဆိုးက ကျမကို တကယ်ပဲ ဖမ်းစားနိုင်လွန်းတယ်။
***
မေဓာဝီ
၆၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၃း၀၀ နာရီ

21 comments:

Nyi Linn Thit said...

မှုန်မှိုင်းမှိုင်း ဖေဖော်ဝါရီ ရှုခင်းနဲ့ ဖေဖော်ဝါရီ မွန်းလွဲချိန် ကဗျာလေးက တကယ့်ကို ကွက်တိပါပဲ မမေရေ..၊ မူရင်း ကဗျာကို မဖတ်ဖူးသေးဘူး၊ နောက်တစ်ခေါက်မှ ပြန်လာပြီး ပေးထားတဲ့ လင့်ခ်မှာ သွားဖတ်ဦးမယ်၊ လောလောဆယ်တော့ မမေရဲ့ ဘာသာပြန်ကိုပဲ ခံစား ကြည့်သွားတယ်၊ ဟုတ်တော့ ဟုတ်ပါတယ်၊ ကဗျာကို ဘာသာပြန်ရတာလောက် အန္တရာယ်များတာ မရှိပါဘူး၊ ဒါပေမယ့် မမေရဲ့ ဘာသာပြန် (ပဲဆိုဆို) တဆင့်ခံ ခံစားမှု မှာတော့ စီးဆင်းမှု တစ်ခု တွေ့ရပါတယ်၊

နှင်းမှုန်တွေ တအိအိ ကျဆင်းလာတဲ့ ဖေဖော်ဝါရီ နေ့လယ်ခင်း တစ်ခုက ပေးနိုင်တဲ့ ခြောက်ခြားမှု၊ ဖိစီးမှု၊ အထီးကျန်မှု၊ အေးစက် တိတ်ဆိတ်မှု၊ မရေရာမှု.. ဒါတွေ အားလုံးကို ခံစားရတယ်၊ စကားမစပ် ကိုယ့်မျက်စိအောက်မှာ ကိုယ့်ကို မထီမဲ့မြင် လုပ်ပြီး ထွက်သွားတဲ့ ဘတ်စ်ကား တစ်စင်းရဲ့ နောက်မြီးကို ကြည့်ပြီး ဖြစ်ရတဲ့ မချိတင်ကဲ ခံစားမှုကို ကျနော်လည်း ခံစားဖူးလို့ အပြည့်အဝ နားလည်လို့ ရပါကြောင်း...။း)

mstint said...

နှင်းတွေဖွေးဖွေးကျနေတဲ့ပုံလေးတွေ နှင်းထုကြီး
ဖုံးလွှမ်းနေတဲ့ပုံလေးတွေမြင်ရတော့ အလည်သဘော
သွားချင်သား။ မမေတို့လိုအလုပ်သွားအလုပ်ပြန်
ကျောင်းသွားကျောင်းပြန်နေရသူတွေအဘို့တော့
တာရှည်မှာပျော်ရွှင်ပါ့မလားမသိဘူးနော်း)
ဘာသာပြန်ကဗျာလေးဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

မမမေရေ ဒီမှာလဲ ဘတ်စ်ကားသမားတွေအဲလိုဘဲ တချို့ကစိတ်ရှည်တယ်စောင့်ခေါ်တယ် တချို့က မြင်ရက်နဲ့မစောင့်ဘူး ..
အဲလိုနှင်းတွေနဲ့ရာသီဥတုမျိုးအခွင့်ကြုံရင်တခါလောက်တော့ရောက်ဖူးချင်သေးပါရဲ့ မမမေရယ် ...

စာရေးအရမ်းအကောင်းလို့ ကိုယ်တိုင်တောင်စီးမျောသွားတယ်

ချစ်တဲ့

မဒိုးကန်

san htun said...

ကဗျာလေးက တကယ်ကောင်းတယ် မမမေရေ..အဲဒီလို ၄လုံးစပ်ကဗျာလေးတွေကို သိပ်ကြိုက်တယ်..

နေ၀သန် said...

သေမင်းတမံခေါင်းလောင်းသံတဲ့လား.. အဲဒီဟာနဲ့ ဖေဖော်ဝါရီမြင်ကွင်းလေးကို တွဲကြည့်တဲ့အခါ တစ်မျိုးလေး ခံစားလိုက်ရတယ်...

ခင်မင်လျက်
နေ၀သန်

မြသွေးနီ said...

ကဗျာလေးဖတ်ရင်း စိတ်ကူးထဲမှာတောင် နှင်းတွေတအိအိကျလာတယ်..။

Angelhlaing(May everybody be happy and healthy! said...

နှင်းဖွေးဖွေးဖေဖော်ဝါရီလလေးက ချစ်စရာ ကဗျာလေးနဲ့ လိုက်ဖက်လှပါဘိ မမရေ...။

seesein said...

ကြီးမေ ရေ ခံစားသွားပါတယ်

များများရေးပေးဖို့တောင်းဆိုပါတယ်......
အရသာကတော့ အလွန်ကောင်းတယ်ဗျို့.....



ခင်မင်လျှက်
seesein

မောင်မျိုး said...

နှင်းလမ်း လေးက ဖြူလွလွ

Harry said...

Henry Wadsworth ရဲ့ မူရင်းထက်တောင် ပိုကြိုက်သေး ...
ဒါနဲ့များ မပြန်တတ်ဘူးတဲ့ ... ဟွန်း

sosegado said...

ကြုံဘူးပါတယ်၊ ဒီလိုပဲ နောက်တကား စောင့်ရတာပေါ့၊
ကဗျာလေး ဘာသာပြန်လိုက်တာလည်း ကောင်းပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ
နေကောင်းကျန်းမာရှိပါစ
မမေအလုပ်သွားချိန်က မီးတွေတောင် မမှိတ်သေးဘူး .. အစောကြီးဘဲနော်.. အေးကအေး ၊ စောကလဲ အစောကြီးသွားရတာ ပင်ပန်းလိုက်တာ။ မမေဘာသာပြန်ထားတဲ့ ကဗျာလေးဟာ
ဖြူဖွေးနေတဲ့ နှင်းတွေနဲ့လိုက်ဖက်လိုက်တာ..
ပြီးတော့လည်း သိပ်ကောင်းတဲ့ ကဗျာလေးဘဲ..
အနှစ်သာရအပြည့်ရှိတယ်
သဘောကျလို့ ကူးထားလိုက်တယ် မမေရေ
နှင်းပွင့်လေးတွေကို ကိုင်ကြည့်ချင်သားရယ်။

အဖြူရောင်နတ်သမီး said...

နှင်းလေးတွေက တဖွေးဖွေးနဲ့..
မမေကဗျာလေးကလည်း ဖတ်လို့ကောင်းမှကောင်း..
စိတ်ကူးထဲမှာ ပုံဖော်ကြည့်တာ.. သိပ်လှတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာလှလှလေးကို ဘာသာပြန်ပေးတာကျေးဇူးပါဗျာ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာလှလှလေးကို ဘာသာပြန်ပေးတာကျေးဇူးပါဗျာ

မေဓာဝီ said...

ကျမရဲ့ မတောက်တခေါက် ကဗျာလေးကို အားပေးကြတာ ကျေးဇူးအထူးပါပဲရှင်။ မူရင်းအပြည့်အစုံကို ဒီမှာပဲ ဖော်ပြပေးလိုက်ပါမယ်။ လင့်ခ်ကို သွားဖတ်နေရမှာစိုးလို့ပါ။

"Afternoon in February"

The day is ending,
The night is descending;
The marsh is frozen,
The river dead.

Through clouds like ashes
The red sun flashes
On village windows
That glimmer red.

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

While through the meadows,
Like fearful shadows,
Slowly passes
A funeral train.

The bell is pealing,
And every feeling
Within me responds
To the dismal knell;

Shadows are trailing,
My heart is bewailing
And tolling within
Like a funeral bell.

(Henry Wadsworth Longfellow)

အိမ့်ချမ်းမြေ့ said...

စနိုးတွေလည်း လှတယ်။
ချက်ထားတဲ့ ဟင်းလျာတွေလည်း စိတ်ဝင်စားဖို့ကောင်းတယ် မမေး)

ဟန်ကြည် said...

ရှစ်ခွင်တိုင်း
မှုန်မှိုင်းလို့ ဝေကာသီ
မေဓာဝီ အိပ်ပုပ်ကြီးလို့
ကားနောက်ကျသည်...

လရာသီ
ပြာဝေသီ နှင်းရည်သွေး...

ဂိုထောင်တွင်းမှာလ
ချက်ရင်းသာ အသာကွေးချင်မင့်
ကျေးဇူးရှင် ဒီဘကြီးကိုလ
ချက်ပြီးရင် အတွင်ဖားရမယ်
အားပေါင်ကွဲ့လေး...


အိမ်ရှင်မ ပြန်ရောက်လာပြီမို့ ဘလော့ဂင်းနိုင်ပြီဖြစ်ကြောင်း သတင်းဆိုးပါးလိုက်ပါရဲ့ဗျား...

seesein said...

မသာ ရထား ဆိုတော့ လန့်သွားတာဘဲ
နိဗ္ဗာန်ယဉ်ဆိုတော့ သေရမှာတောင် မကြောက်တော့သလိုပေါ့နော
တိုးတိတ်ဖြတ်သွား မသာ ရထား....
သေမင်းတမန် ခေါင်းလောင်းသံကတော့ အမြဲတမ်း ကပ်ထိုးနေပါတယ်.....
ကြီးမေရေ နောက်ဆို ဒီထက်ပိုပြီး များများ ဘာသာပြန်နိုင်ပါစေ....

ခင်မင်တဲ့
seesein

မေဓာဝီ said...

မလေးရေ ... နှင်းတွေက လှပေမဲ့ အေးတယ်။
ဟင်းတွေကလဲ စိတ်ဝင်စားစရာပေမဲ့ ချက်ရတာ အင်း .. အေးတာပဲ :))

ဦးဟန်ကြည် ကဗျာလေးက ကောင်းလိုက်တာ။ ရယ်ရတယ်။ ကဗျာကွန်မန့်အတွက် ကျေးဇူးပါ ဦးဟန်ကြည်ရေ ... ။ အိမ်ရှင်မ ပြန်လာပြီဆိုတော့ ပို့စ်အသစ်တွေ ဖတ်ရတော့မှာပေါ့။

အရီးလေးစည်းစိမ် ... အစတုန်းက funeral train ကို နိဗ္ဗာန်ယာဉ်လို့ ပြန်မလို့ဘဲ။
"တိုးတိတ်မောင်းနှင်
နိဗ္ဗာန်ယာဉ်"
.... ဆိုပြီး စဉ်းစားထားသေးတာ။
ဒါပေမဲ့ နိဗ္ဗာန်ယာဉ်ဆိုတော့ နည်းနည်း ပျော့နေမလားလို့။ မသာရထားလို့ပဲ တိုက်ရိုက်ပြန်လိုက်တယ်။ ခပ်ပြင်းပြင်းပဲပေါ့။

blackroze said...

ကဗျာလာဖတ်ရင်းနဲ့ချမ်းလိုက်တာ
အမရယ်..