Friday, February 10, 2012

ဦးဝဏ္ဏနဲ့ မေဓာဝီ

ပြီးခဲ့တဲ့ အပတ်က အမေနဲ့ skype မှာ စကားပြောရင်း အမေက တရားနာဖို့ , သတင်းဖတ်ဖို့ ၀က်ဘ်ဆိုက်တွေ မေးတာနဲ့ ပြောပြရတယ်။ တကယ်တမ်း အမေက ကွန်ပျူတာ သိပ်သုံးတတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေ မြန်မာပြည်မှာကတည်းက သူ့အတွက် လက်ပ်တော့လေးတခု သပ်သပ် ပေးထားပြီး ပြည်ပရောက် သားသမီးတွေနဲ့ အွန်လိုင်းကနေ စကားပြောလို့ ရလောက်ရုံ သုံးတတ်အောင် သင်ပေးထားတယ်။ တခါတလေ ကျမနဲ့ ပြောရင်းဆိုရင်း တခုခု ဖြစ်သွားရင် တဖက်ကနေ ကျမက အမေနားလည်အောင် … “အမေ ခလုတ် အနီလေးနှိပ်၊ အစိမ်းလေးနှိပ်၊ ဘယ်နေရာကို ကလစ် တချက်နှိပ်၊ အန်းတားခေါက် စသဖြင့် ပြောပြရတယ်။ အဝေးကနေ ပြောရတာဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ ဒါပေမဲ့ အမေက တခြားနေရာမှာသာ စိတ်မရှည်တာ၊ သားသမီးတွေနဲ့ ပြောချင်တော့ သူ့ခမျာ ကြိုးစားပြီး လုပ်ရရှာတယ်။


မွေးသမိခင်နှင့် ကွန်ပျူတာများ (၂၀၀၂ ခုနှစ်ကပုံပါ ဒီဘလော့မှာ တခါတုန်းက တင်ဖူးသေးတယ်)

အဖေကျတော့ အဲဒီလိုမဟုတ်ပြန်ဘူး၊ တခြားနေရာမှာ စိတ်ရှည်ပေမဲ့ ကွန်ပျူတာနဲ့ ပတ်သက်ရင် သင်ပေးလို့ကို မရတာ။ ကျမ မြန်မာပြည်မှာရှိတုန်းကတည်းက အဖေ့စာအုပ်တွေ စာရိုက်ပေးရတော့ အဖေ့ကို ကွန်ပျူတာနဲ့ ကိုယ်တိုင် စာရိုက်နိုင်အောင် သင်ပေးဖို့ ကြိုးစားခဲ့သေးတယ်။ စက်အဖွင့် အပိတ်ကိုပဲ ၃ ရက်လောက် ဆက်ပြရပြီး နောက်တခါ ပြန်မေးရင် မေ့မေ့နေပါရော။ ပြီးတော့ ပြောသေးတယ် … “အဖေက အဘိဓမ္မာကလွဲရင် ဘာမှ စိတ်မ၀င်စားဘူး” တဲ့။ “အဖေရယ် ဘုန်းကြီးတွေတောင် ကွန်ပျူတာတွေ သုံးနေကြတာပဲဟာ … တိပိဋကဆရာတော်ကြီး ဦးဝိစိတ္တဆို လက်နှိပ်စက်ကို လက်ညှိုးလေး တချောင်းထဲနဲ့ ရိုက်ပြီး ကျမ်းတွေပြုသွားတာ မဟုတ်လား အဲဒီခေတ်က ကွန်ပျူတာပေါ်ရင် ဆရာတော်ကြီးလဲ ကွန်ပျူတာ သုံးမှာပဲ” စသဖြင့် ကျမလဲ တတ်နိုင်သလောက် ဆွဲဆောင်ပါသေးတယ်။ ဘယ်လိုမှ မရတာနဲ့ နောက်ဆုံး လက်လျှော့လိုက်ရတော့တယ်။


အဖေတရားစာ အသံသွင်းပေးနေတုန်း ခိုးရိုက်ထားတဲ့ပုံ

ကျမတို့နဲ့ အွန်လိုင်းကနေ စကားပြောလဲ အမေအဆင်သင့် ခေါ်ပေးပြီးမှ အဖေက လာပြောတယ်။ အဖေပြောနေတုန်း အမေက ဟိုထသွား ဒီထသွားနဲ့ အနားမရှိတဲ့အခိုက် လိုင်းကျသွားရင် အဖေက ဘာမှ မလုပ်တတ်တော့ပြန်ဘူး။ ကျမတို့ဘက်က ပြန်ခေါ်လဲ မကိုင်တတ်ဘူး၊ အမေ့ကို ပြေးခေါ်ရတယ်။ ခုတော့ အဖေလဲ ခေါ်တာတွေ ကိုင်တာတွေ လုပ်တတ်နေပါပြီ။ နည်းနည်း တိုးတက်နေပြီ ဆိုရမှာပေါ့။

အမေမြန်မာပြည်မှာတုန်းက သုံးတဲ့ လက်ပ်တော့လေးက ပြည်ပခရီးထွက်တော့ မသယ်နိုင်တာနဲ့ ထားခဲ့ရတယ်။ ဒီကိုရောက်တော့ အမလတ်က သူ့နုတ်ဘုတ်လေး အမေ့ကို ပေးထားပြီး skype သုံးလို့ရအောင်၊ ဘီဘီစီ ဗီအိုအေလို သတင်းဆိုက်တွေ အမေအဆင်သင့် ၀င်ကြည့်လို့လွယ်အောင် လုပ်ပေးထားတယ်။ ဒီမှာ ၂ လလောက်နေပြီး တခါ မောင်လေးဆီရောက်ပြန်တော့ မောင်လေးက သူ့လက်ပ်တော့လေး အမေ့ကို ပေးထားတယ်။ ဆိုတော့ စက်တခုပြောင်းတိုင်း အမေ့မှာ သုံးရတာ အထာမကျ ဖြစ်ဖြစ်နေတတ်တယ်။ စက်တခုခုနဲ့ တခုက ခလုတ်တွေ နည်းနည်းကွဲတာတို့ သွင်းထားတဲ့ ဆော့ဖ်ဝဲ ဗားရှင်းချင်း မတူတာတို့ ဖြစ်နေတာကိုး။

ဟို အစမှာ ပြောခဲ့သလို အမေက ကျမကို တရားဆိုက် သတင်းဆိုက်တွေ မေးတော့ ကျမက ဓမ္မဒေါင်းလုတ် ၀က်ဆိုက်လင့်ခ်ကို ပေးလိုက်တယ်။ အမေက လင့်ခ်ကို အလွယ်တကူ အမြဲဝင်နိုင်အောင် လုပ်ပေးပါဆိုတာနဲ့ ဘွတ်မာ့ခ် လုပ်ဖို့ အမေ့ကို အဝေးသင် သင်ပေးရပြန်တယ်။ အမေသုံးတဲ့ ဘရောက်ဇာက ဖိုင်းယားဖော့စ် ဆိုပေမဲ့ ကျမလက်ရှိ ဖိုင်းယားဖော့စ်နဲ့က ဗားရှင်းချင်း မတူဘူး။ နေရာတွေက ခပ်လွဲလွဲမို့ ပြောရတာ နည်းနည်းတော့ ခက်တာပေါ့။ ဖြစ်ချင်တော့ ဓမ္မဒေါင်းလုတ်ဆိုက်ကလဲ ၂ ခုဖြစ်နေတယ်။ ဓမ္မဒေါင်းလုတ် အင်ဖိုနဲ့ ဓမ္မဒေါင်းလုတ် ဒေါ့ကွန်း။ တခုက အော်ဒီယိုဖိုင်တွေ အလုပ်မလုပ်ဘူး။ အယ်ရာပြနေတယ်။ အဲဒါကို ကျမက အရင်မစစ်မိဘဲ အမေ့ကို သွားပေးလိုက်မိတယ်။ အမေ့ခမျာ ကြိုးစားပမ်းစာ ဘွတ်မာ့ခ် လုပ်ပြီးခါမှ မရတဲ့ဟာကြီး ဖြစ်နေတော့ ပြန်ဖျက်ခိုင်းရပြန်ရော။

အမေကလဲ ရယ်တော့ရယ်ရတယ်၊ ကလစ်တခါနှိပ်ဖို့ပြောရင် သုံးလေးခါလောက် နှိပ်ထည့်လိုက်တာ၊ မြန်အောင်လို့ဆိုပဲ၊ အဲလောက်နှိပ်တော့ ကွန်ပျူတာက ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေတော့ ပိုနှေးနေတာပေါ့။ အဲဒီတော့ ငါ့ကို စက်အစုတ်ကြီး ပေးထားတယ်လို့ မောင်လေးကို စိတ်ကောက်ချင်သေးတယ်။ ဒါနဲ့ ကျမက ပြောရတယ် “အမေ အဲဒါ ကွန်ပျူတာကြောင့် မဟုတ်ဘူးလေ … တချက်နှိပ်ဆို တချက်ပဲ နှိပ်ပြီး ခဏစောင့် အမေရဲ့ …” ဆိုတော့
“တချက်နှိပ်ပြီး ချက်ချင်းမှ မလာတာအေ … ထပ်နှိပ်မှာပေါ့” တဲ့။ မနိုင်ဘူး … အဲဒီလို။

ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီလိုပဲ ကျမက အဝေးသင် သင်နေကြပါပဲ။ အမေ့ကိုတွင် မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ ၉ နှစ် ၁၀ နှစ်လောက်တုန်းက ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အကိုကြီးတယောက်ကို မိုက်ခရိုဆော့ဖ်ဝေါ့ဒ် သုံးတတ်အောင် အွန်လိုင်းကနေ အဝေးရောက် သင်ပေးဖူးတယ်။ သူ့ခမျာ ကွန်ပျူတာဆိုတာ အဲဒီတုန်းကမှ စပြီး သုံးတတ်ရှာတာပါ။ ကျမသင်ပေးလိုက်တော့ အခြေခံအဆင့်လောက် သုံးတတ်ပြုတတ်သွားပါတယ်။ ကွန်ပျူတာအကြောင်း လုံးဝမသိသူတွေကို အဝေးရောက် သင်ရတာ ကွန်ပျူတာထဲက အခေါ်အဝေါ်တွေ သွားပြောလို့ သိပ်မရပါဘူး။ escape, alter, control လို့ ပြောရင် ဘယ်သိမလဲ။ ဟိုဘယ်ဘက် အပေါ်ထောင့်က အီးအက်စ်စီ (ESC) ဆိုတဲ့ ခလုတ်လေးကို နှိပ် ... စသဖြင့် ပြောရတယ်။

ကြုံလို့ ပြောရအုံးမယ်။ ၁၉၉၈-၉၉ လောက်တုန်းက ကျမတို့ အလုပ်ထဲမှာ ယာဉ်မောင်းခန့်ထားတဲ့ တုတ်ကြီး ဆိုတဲ့ ကောင်လေးတယောက်ရှိတယ်။ သူက ကားမမောင်းရတဲ့ အချိန် အားနေရင် လွတ်တဲ့ ကွန်ပျူတာ တလုံးရှေ့ထိုင်ပြီး ဟိုဟိုဒီဒီ လျှောက်လုပ်ကြည့်တတ်တယ်။ ကျမတို့လဲ သူသုံးတတ်ပါစေလို့ ကြည့်နေရတာပဲ။ အဲဒီလို လျှောက်လုပ်နေရင်း သူမလုပ်တတ်တော့လို့ ဘေးကလူကို လှမ်းမေးတော့ အဲဒါ space bar ပုတ်လိုက်လို့ တယောက်က ဖြေလိုက်ရော … ။ အဲဒါမှ ခက်တာပဲ စပေ့ဘားကို သူမသိဘူး။ ဒါနဲ့ စပေ့ဘားဆိုတာ အဲဒီခလုတ်လေ လို့ ပြလိုက်တော့ ...
“သြော် … အမကလဲ တုံးရှည်ပုတ်လို့ ပြောလိုက်ရင် ပြီးတာပဲဟာကို…” တဲ့။ အင်း ဟုတ်သား … စပေ့ဘားကလဲ ကီးဘုတ်က ကီးတွေထဲ အရှည်ဆုံးအတုံးပဲ။ သူ့သင်္ကေတနဲ့သူတော့ ဟုတ်နေတာပဲကိုး။

တခါတုန်းကတော့ ဆရာတော်တပါး ကွန်ပျူတာမှာ အသံမလာလို့ ကျမဆီ ဖုန်းဆက်မေးတယ်။
“ဘုန်းဘုန်း volume ကို တိုးထားလို့လားမှ မသိတာ။ volume ကို တချက်စစ်လိုက်လေ …” လို့ ကျမက ပြောတော့ … ဆရာတော်က ဘယ်နားမှာ volume ရှိမှန်း မသိပါဘူး။ ဒါနဲ့
“ညာဘက် အောက်ထောင့်က နာရီပေါ်တဲ့ နားလေးမှာ volume ရှိတယ်ဘုရား” … ဆိုတော့ …
“သြော် torch light လို ဟာလေးလား” တဲ့။ ဟိဟိ ကျမမှာ ရယ်လိုက်ရတာ။ ဟုတ်သားပဲ အဲဒီ volume လေးက torch light ထိပ်ကလေးလို ဖြစ်နေတာကိုး။ ပြီးတော့ ဆရာတော်က ဆက်ပြောသေးတယ်။
“အဲဒါလေးမှာ အလံနီပြနေတယ်” တဲ့။ အလံနီဆိုတော့ ဘာများပါလိမ့်လို့ … နောက်မှသိတယ် mute ဖြစ်နေတာကိုး။
“အဲဒီ အလံနီကို ပြန်နှိပ်လိုက်ပါ ဘုရား” ဆိုတော့မှ တုံခနဲ အသံကြားပြီး
“အိမ်း … ရသွားပြီ” တဲ့ … ။
အဲဒီလိုတွေ ကျမက ကြုံဖူးထားတာဆိုတော့ အမေ့ကိုလဲ သူနားလည်အောင် ကြံဖန် ပြောရတာပါပဲ။

အဲ .. အဲ .. အမေက တုတ်ကြီးရဲ့ တုံးရှည်လောက်တော့ မဆိုးသေးပါဘူး။ ဆရာတော်ရဲ့ တော့ရှ်လိုက်လောက်ပါပဲ။ (အဟဲ … ဒီပို့စ်ကို ဆရာတော်ဖတ်မိရင် သည်းခံတော်မူပါ အရှင်ဘုရား။) နောက်ဆုံးတော့ အမေလဲ အဆင်ပြေသွားပါတယ်။ ကျမလဲ ပြောရတာ တော်တော်လေး လျှာထွက်မတတ် ဖြစ်သွားတယ်။ ဖျက်ရတာရယ် ပြန်ထည့်ရတာရယ် နှစ်ခါပြန် ဖြစ်သွားတာကိုး။ အမေကလဲ သိတယ်။
“ဒီကျောင်းသူက သင်ရတာ ခက်လား” … တဲ့ ကျမကို မေးပါတယ်။
“အင်း … နည်းနည်းတော့ အာပေါက်တယ်” လို့ ကျမကလဲ စ-ချင်တာနဲ့ ပြန်ပြောလိုက်တယ်။ သူ့ကိုသင်ရတာ အာပေါက်တယ်ဆိုတော့ အမေက သိပ်မကြိုက်ချင်ဘူး။
“မေ့ကို သင်ရတာ အာပေါက်တယ်တဲ့ … ဆရာမဆူနေတယ်…” လို့ အဖေ့ကို လှမ်းတိုင်တယ်။ အဖေကတော့ ကျမတို့ နှစ်ယောက် ပြောနေတာကို မလှမ်းကမ်းက ထိုင်နားထောင်ပြီး ရယ်နေတာပါပဲ။

သူ့ကိုသင်ရတာ အာပေါက်တယ် ပြောမိတာနဲ့ အမေက ကျမကို မကျေနပ်တဲ့ ကိစ္စတခု ခေါင်းထဲ ရောက်လာတယ် ထင်တယ်။ ကောက်ခါငင်ခါ လှမ်းမေးပါတော့တယ်။

“ဒါနဲ့ ညည်းဟိုနေ့က စကားပြောတဲ့ ဦးဝဏ္ဏဆိုတာ ဘယ်သူလဲ”
“အင် … ဘယ်က ဦးဝဏ္ဏလဲ သမီးမသိပါဘူး”
“ဘာမသိဘူးလဲ … ညည်းပဲ ပြောတာလေ … အမေ လှမ်းခေါ်တုန်းက ဦးဝဏ္ဏနဲ့ စကားပြောနေတယ်ဆို”

ကျမ အပြေးအလွှား စဉ်းစားရပါပြီ။ အမေလှမ်းခေါ်တုန်းက … ဦးဝဏ္ဏ … အဲ … ဟုတ်ပြီ … ဟားဟား … ။ သိပ်မကြာပါဘူး ကျမသဘောပေါက်သွားပြီး တဟားဟား အော်ရယ်မိတယ်။ အဖေ့ကိုလဲ စစ်ကူခေါ်ပြီး ပြောပြတော့ အဖေလဲ တဟားဟားနဲ့ … အမေကတော့ ဟွန်း … ဘယ်သိမှာလဲ တဲ့။

ဖြစ်ပုံက ဒီလိုပါ။ အဲဒီနေ့က အမေက ကျမကို skype မှာ အွန်လိုင်းမြင်လို့ လှမ်းခေါ်တယ်။ ကြည့်ပါ …

[30/01/2012 15:49:36] Mar Mar: r u free
[30/01/2012 15:49:43] me: oo yee daw* is in downstair
[30/01/2012 15:49:49] me: u wanna talk with me?
[30/01/2012 15:49:54] Mar Mar: ok
[30/01/2012 15:50:02] Mar Mar: bye

ကျမကို အားလားမေးတာကို အားတယ် မအားဘူး မပြောဘဲနဲ့ ဦးရီးတော် အောက်ထပ်မှာ ရှိနေတယ်လို့ ကျမက ဖြေလိုက်ပြီးမှ အမေ ကျမနဲ့များ ပြောချင်လို့လားမသိဘူးလို့ တွေးမိတော့ u wanna talk with me? လို့ မေးလိုက်မိတယ်။ အဲဒါကို အမေက U Wanna (ဦးဝဏ္ဏ) လို့ ဖတ်ပြီး … ငါနဲ့ကျတော့ မပြောဘူး၊ ဘယ်က ဦးဝဏ္ဏနဲ့ ပြောနေလဲ မသိဘူးဆိုပြီး စိတ်ကောက်လို့ အိုကေ ဘိုင် သွားတာပါ။

ကျမမှာ ရယ်လိုက်ရတာလေ … ။ တယောက်ထဲ ရယ်လို့ အားမရတာနဲ့ အမလတ်ကို ဖုန်းဆက်ပြီး ပြောပြတော့ …
“အေး အမေက နင့်ကို စိတ်ဆိုးနေတာ ငါ့ကိုလဲ လှမ်းတိုင်သေးတယ် … ဦးဝဏ္ဏဆိုတာ သိလားတဲ့၊ နင် ဘယ်က ဦးဝဏ္ဏနဲ့ ပြောနေလဲ မသိဘူးတဲ့”
“ဟီးဟီး ဟုတ်လား … ရယ်ရတယ် … အဲတော့ ဘာပြောလိုက်လဲ …”
“ငါကလဲ ပြောလိုက်ပါတယ် ဦးဝဏ္ဏ တော့ မသိဘူး၊ ဦးဇနကဖြစ်မှာပါလို့ …”
“ဟားဟားဟား …”
ကျမလဲ မအောင့်နိုင်ဘူး အော်ရယ်မိတာပဲ။ ဦးဇနကဆိုတာက အင်္ဂါမောင် ဘလော့ရေးတဲ့ ဦးဇင်းပါ။ ကျမအမလတ် ထေရ၀ါဒတက္ကသိုလ်မှာ ဒီပလိုမာသင်တန်းတက်တုန်းက သူ့ရဲ့ ဆရာဖြစ်ခဲ့ဖူးတယ်။ ကျမက ကိစ္စရှိရင် အဲဒီဦးဇင်းနဲ့ တခါတလေ ဖုန်းပြောတတ်တာ သူကလဲ သိနေတာကိုး။ ကျမအသိထဲမှာလဲ ဘုန်းကြီးတွေက ခပ်များများဆိုတော့ ဦးဝဏ္ဏဆိုတာ ဘုန်းကြီးလို့ အမလတ်က ထင်နေတာ။ အမေကတော့ ကျမ ပြောနေကျ မိတ်ဆွေတွေ နာမည်တော်တော်များများလည်း သိထားတာမို့ ဦးဝဏ္ဏဆိုတဲ့ နာမည်အသစ်ကို ကြားတော့ အွန်လိုင်း မိတ်ဆွေ အသစ်တယောက် ရပြန်ပြီလားမသိဘူးဆိုပြီး တွေးနေတာ နေမှာလေ။

“နင်ကလဲ အမေ့ကိုများ u wanna တွေ ဘာတွေ သွားပြောရသလား … အမေ့ခမျာ အွန်လိုင်းမှာ ငါတို့နဲ့ စကားပြောချင်လို့ စောင့်နေရတာ … နင်က တခြားလူနဲ့ ပြောနေတယ်ဆိုပြီး စိတ်မကောင်းဖြစ်တာပေါ့ … အမေ သနားပါတယ် …”

အမလတ်ကတော့ ကျမကိုပဲ အပြစ်တင်ပါတယ်။ အင်းလေ ဟုတ်သားပဲ … ကျမကလဲ အမှတ်တမဲ့နဲ့ သုံးနေကျမို့ သုံးလိုက်မိတာကိုး … ။ အဲဒီနေ့က အမေနဲ့ ပြောပြီး နောက်ဆုံး နှုတ်ဆက်တော့ … အမေက ကျမကို စိတ်မချစွာ မှာတယ်။

“လိမ်လိမ်မာမာနေနော် … စာလဲကြိုးစား … ဦးဝဏ္ဏနဲ့ပဲ စကားပြောမနေနဲ့ …” တဲ့။
***
မေဓာဝီ
၁၀၊ ဖေဖော်ဝါရီ၊ ၂၀၁၂
၂၁း၅၀ နာရီ

22 comments:

ကိုရင် said...

ဟဟဟဟဟ
ကောင်းရောကွာ..
တော်သေးတယ်။။ဘယ်သူလဲ မေးလို့..
အဲလို မဟုတ်ပဲ ငါ့သမီးပြောတဲ့ ၀ဏ္ဏနဲ့ အမေစကားပြောချင်တယ်ဆို ဒုက္ခဗျာ :D

Anonymous said...

ရယ်ရတယ်...။
ကျေးဇူး..။


ပေါက်

အင်္ဂါမောင် said...

အိမ်း..
သူ့ဖာသူ ဦးဝဏ္ဏနဲ့စကားပြောနေတာကို ပိန္နဲပင် လာဆွဲထည့်နေသေးတယ်။း)

နေ၀သန် said...

ဟားဟား.. ဖြစ်ရလေ... အစ်မအမေက ဒီလိုသင်ပေးလို့ရတာတောင် ကံကောင်း.. အစ်မရေ..း))))

ခင်မင်လျက်
နေ၀သန်

စုချစ် said...

ဟီး... မမေရဲ့ အမေက ချစ်စရာ ကောင်းတယ်။ အိမ်က မေမေ လဲ အဲသလိုပဲ... ကိုယ်က မတော်တဆ စကားမှားပြောမိလိုက်ရင်... သူထင်တာ သူတွေးပြီး စိတ်ကောက်တတ်တယ်။

တို့တွေ ဖေဖေ လည်း ပထမဆုံး စင်ကာပူကို လာလည်တော့ အင်တာနက် သုံးတာကို ပြောပြအုံးမယ်... အဲဒီတုန်းက Dial up တွေနဲ့ပဲ သုံးရတာကိုးနော်... ကွန်ပြူတာဖွင့်လိုက်ပြီဆို အင်တာနက် တက်ဖို့အတွက် Dial up window လေးပေါ်လာပြီး user name နဲ့ password ဖြည့်ရတယ်။ ဖေဖေ ရောက်လာတော့ ကိုယ်ရုံးသွားတဲ့ အချိန် သူ သုံးလို့ရအောင် user name နဲ့ Password ကို auto လုပ်ပေးခဲ့တာ တစ်ရက်တော့ သုံးနေရင်း သူ log out လုပ်မိတာလား မသိ... password ပြန်ဖြည့်ခိုင်းတာ ဖြည့်မရလို့ သုံးမရဘူးတဲ့။ password မှားတယ်ပဲ ပြောနေသတဲ့.... ဟင်...သမီး password ဖေဖေ့ကို မပေးရသေးဘူးထင်တယ်...ဖေဖေ ဘယ်လို သိလဲပေါ့...ဆိုတော့....အမယ်... ဖေဖေ့များ အ တယ် ထင်နေလားတဲ့... သမီးလုပ်နေတုန်း နောက်က ကြည့်နေတာ.....စတား ၆ခု ထည့်တာ တွေ့နေတာပဲ.... အဲဒီစတား ၆ခု ထည့်လိုက်တာပဲ...မရဘူးတဲ့....ဟီးးးးးးး

Sint Si said...

Thank you for sharing all the tips and tricks. I am planing to teach my mom how to use computer as well.

Anonymous said...

ဟီး ဘာပဲ ဖြစ်ဖြစ် ဒီပို့စ်ဖတ်ရတာ လန်းဆန်းသွားတယ်... ဦးဇနက မိန့်တာပေါင်းလိုက်တော့ ပိုကြွလာတယ်း)
ဒူကဘာ

ဟန်ကြည် said...

ဦးဝဏ္ဏဆိုတာကို စိတ်ဝင်စားလို့ တစ်ပုဒ်လုံးကို အာရုံအတင်းစိုက်ပြီး ဖတ်လာတာ...တွေ့မယ့်တွေ့တော့ နောက်ဆုံးမှပဲ တွေ့တော့သကိုး...ဟုတ်ပ ဟုတ်ပ..သူ့ဟာက ဘယ်လိုဖတ်ဖတ် ဦးဝဏ္ဏဖြစ်နေသကိုး...အမေ့ခမျာ သမီးကလေး မြီးကောင်ပေါက်ကို စိတ်မချတော့လည်း ပြောရှာပေမပေါ့လေး)

ချစ်အမေ
မေတ္တာတွေတောင်လိုမောက်ပါလို့
ချစ်တာတွေ ဆောင်ဂုဏ်မြောက်အောင်ပ
ဝဏ္ဏကိုတင်း...

ပြောမယ့်သာပြောရတယ် အိမ်က မိဘနှစ်ပါးကိုလည်း အွန်လိုင်းသုံးဖို့ တိုက်တွန်းတာ ဘယ်လိုမှ ပြောလို့မရဘူးလေ...အံမယ် ကျန်တာတွေ အသံထွက်မညီတဲ့ ဖေဖေနဲ့ မေမေက ဒီနေရာကျတော့ နှစ်ယောက်လုံး အသံထွက်ညီသဗျ...မျက်ရိုးကိုက်ပါသကွယ် တဲ့း)

mstint said...

မမေရဲ့မေမေနဲု့အပြန်အလှန် ပြောကြဆိုကြနဲ့ စိတ်ကြည်နူးစရာပဲနော်။ နိုင်ငံခြား ရောက်နေတဲ့ တီတင့်ရဲ့မောင်လေး ညီမလေးတွေကို မြန်မာပြည်ကတီတင့်က အွန်လိုင်းကနေ ဆော့ဖ်ဝဲလ်လေးတွေ ပေးရင်းရှင်းပြခဲ့ရတာလေးကို ပြန်သတိရသွားတယ်။ တီတင့်ရဲ့ အိမ်ဦးသခင်ဆိုရင်လည်း ကွန်ပျူတာကို နာရီဝက်ထက်မပိုဘူး ခေါင်းနောက်လို့တဲ့ ဝါသနာပါတာ မပါတာနဲ့ပဲဆိုင်မယ်ထင်တယ်နော်း)) ဦးဝဏ္ဏအကြောင်းဖတ်ရတာ ပါးစပ်ပြန်မပိတ်နိုင်အောင်ဖြစ်သွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စူးနွယ်လေး said...

ရယ်ရတယ် မမေ...
မမေ အမေက မဆိုးဘူးနော်

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ အလွဲလေးက အမှတ်တမဲ့ကနေ အမှတ်တရ အဖြစ် ကြည်နူးစရာလေးပဲ မမရေ..:):)

sosegado said...

သဘောကျမိတယ်
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ သုံးတတ်သွားရင် ပီတိဖြစ်ရပါတယ်

SHWE ZIN U said...

မမေဓါဝီ ရေ

စာလေးဖတ်ပြီး ပျော်သွားတယ် ဟုတ်ပ ဘယ်က ဦးဝဏ္ဏ နဲ့ စကားပြောနေမှန်း မသိ အမေ တယောက်လုံးပြစ်ထားပြီး သနားပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

ဖြစ်တတ်တဲ့သဘောလေးတွေဆိုတော့...း)
တစ်ခါတစ်လေ...
ထင်မထားတာလေးတွေက
အမှတ်တရဖြစ်သွားတတ်တယ်နော်း)
ကြည်နူးစရာလေးတွေပါ...။


ခင်မင်လျှက်
မိစံ

မောင်မျိုး said...

အဟိ...အပေါ်မှာ စိတ်ဝင်စားစရာလေးတွေဖတ်လာပြီး ဘယ်သူများလဲ ဦးဝဏ္ဏ ဆိုတာ ကျနော်လည်းစိတ်ဝင်စားနေတာ ဟိဟိ ကြီးကြီး ထင်လည်း ထင်စရာပဲ စာလုံးပေါင်းတွေ ကြည့်တော့ ဟုတ်သား လူကြီးတွေက အသက်တွေ တော်တော်ရလာရင် ခလေးလေးတွေပြန်ဖြစ်လို့ ချစ်စရာကောင်းပြန်ကေား)

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရဲ့ အဖေအမေက ချစ်ဖို့ကောင်းလိုက်တာ..
ပြုံးပြုံးနဲ့ ဖတ်နေမိတာ
အောက်နားလည်းရောက်ရော မပြုံးနိုင်တော့ဘဲနဲ့ ဝါးလုံးကွဲအောင် ရယ်ချပစ်လိုက်တော့တယ်။
အေးလေ မမေက အမေကို ဂရုမစိုက်ဘဲ ဦးဝဏ္ဏကိုဘဲ ဂရုစိုက်နေတာကိုး
စိတ်ကောက်တော့မှာပေါ့း)
မိဘနဲ့ နေရချိန်တွေက စိတ်ချမ်းသာပြီး ပျော်ဖို့ကောင်းတယ်နော် မမေ.။

သစ်နက်ဆူး said...

ညီမမေ...
တော်တော်ချစ်စရာကောင်းတဲ့ ပို့ စ်လေးဘဲ။
နောက်မှ ဦးဝဏ္ဏ နဲ့  မမေဓါကို မေးစရာရှိသေးတယ်.

San San Htun said...

ဦးဝဏ္ဏနဲ့ ပဲ စကားပြော မနေနဲ့ နော် :P..မမမေ မေမေ တော်တယ်..

Anonymous said...

You better answer to your mom that U Wanna is current foreign minister who wants some advice from u and discuss about EU matters:D

မျိုးဇော် said...

မမေ
ကျွန်တော့အဖေနဲ့အမေအတိုင်းပဲ။သာ3းယောက်ရှိတာ။အကုန်အပြင်မှာချည်းပဲလေ။အိမ်မှာသူတို့နှစ်ယောက်ထဲ။ရုပ်မြင်ချင်လို့အွန်လိုင်းသုံးဖို့အဝေးသင်သင်ရတယ်။မမေတို့အတိုင်းပဲအမေပဲသင်လို့ရတယ်အဖေကလုံးဝကိုသင်လို့မရဘူး။တော်တော်ကိုအဖြစ်ချင်းတူနေလို့ခေါင်းစဉ်ကိုတောင်မေ့ပြီးပြုံးပြုံးနဲ့ဖတ်နေလိုက်တာခေါင်းစဉ်တောင်မေ့သြွးပြီအဆုံးကျမှရီလိုက်ရတာမျက်စိတောင်ကျယ်သွားတယ်။အော်ကျွန်တော်ကမမေထက်ကံကောင်းတယ်အမေကသူလုပ်လို့မရရင်ကျွန်တော်တို့သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်တာလေ။နောက်ပြောနေရင်းအဆင်မပြေရင်လည်းအငယ်ဆုံးညီကသင်ပေးတာလေ၊အေးသင်ကို၊မမေစာတွေကိုဖတ်ဖြစ်တာကြာပါပြီခုပထမဆုံးရေးတာပဲ။စာရေးပျင်းတယ်လေ၊ခုတောပအကြောင်းအရမ်းတိုက်ဆိုင်နေလို့မရေးမနေနိုင်လို့ရေးလိုက်တာ။မမေပို့(စ)တွေအတွက်ကျေးဇူးပါ

မေဇင် said...

ဓာတ်ပုံကြည့်ကတည်းက ကြီးကြီး ကို ချစ်ဖို့ကောင်းလိုက်တာလို့ တွေးနေတာ...မမေ ရေးထားတဲ့ u wanna talk with me ? ကို လဲ ဦးဝဏ္ဏ နဲ့ မမေ စကားပြောနေတာလို့စစချင်းတွေးမိသေးတယ်...:D ဖတ်ရတာ ပျော်ဖို့ကောင်းလိုက်တား)

မစုချစ် ရဲ့ ကော်မန့်ကိုဖတ်ပီးလဲ သဘောကျသွားသေးတယ်း)

Thet Oo said...

ဦးဝဏ်ဏ က ရည်းစားစာ ပေးမသွားလို့တော်သေးတယ်။