Saturday, January 14, 2012

မြို့စားကြီးနဲ့ ခဏတာ

ဒီမနက်နိုးတော့ မနက် ၃ နာရီ သာသာပဲရှိသေးတယ်။ ညက အိပ်ပျော်သွားတာ ၁၁ နာရီကျော်မှ။ သတင်းတွေ ဓာတ်ပုံတွေ အသံဖိုင် ဗီဒီယိုဖိုင်တွေ မြင်သမျှ တွေ့သမျှ ဖတ်လိုက် ကြည့်လိုက် နားထောင်လိုက်လုပ်နေပြီး မျက်စိလုံးဝ မဖွင့်နိုင်တော့မှ ကွန်ပျူတာကိုလဲ အိပ်ခိုင်း ကိုယ်တိုင်လဲ ဇွတ်မှိတ် အိပ်လိုက်ရတယ်။ မအိပ်လို့လဲ မရဘူး၊ အလုပ်သွားရမှာ။ ဒါကြောင့် ဖုန်းနှိုးစက်ကို ၅ နာရီ လုပ်ထားပေမဲ့ ၃ နာရီလောက်မှာ အလိုလို နိုးလာတော့ ထုံးစံအတိုင်း အိပ်ပျော်နေတဲ့ လက်ပ်တော့လေးကို နှိုးပြီး ဂျီမေးလ်ထဲ ၀င်ဖြစ်တယ်။

ဂျီမေးလ်ရဲ့ ဘယ်ဘက်ခြမ်းက မိတ်ဆွေ စာရင်းထဲမှာ စိမ်းနေတဲ့ နာမည်လေးတခု မြင်လိုက်တော့ ရုတ်တရက် မျက်လုံးတွေ ကျယ်သွားပြီး ဟုတ်မှဟုတ်ရဲ့လား သေချာအောင် ကြည့်တယ်။ ဟုတ်ပါရဲ့ သူမှ သူပါပဲ။ သူ့နာမည်ရဲ့ အောက်က စတေးတပ်မှာ “ပြန်လာပြီ” တဲ့။ စာလုံးလေး သုံးလုံးထဲ၊ ရိုးရိုးရှင်းရှင်းကလေး ... ။ ဟုတ်တယ် … သူပြန်လာပြီလေ။ မနေ့က အားလုံး ပျော်ခဲ့ကြတာပဲ။ ညဘက် channel 4 ရုပ်သံသတင်းထဲမှာတောင် သူ့ပုံတွေ မြင်ခဲ့ရသေးလို့ ဦးရီးတော်နဲ့ ညစာစားရင်း သူ့အကြောင်း ပြောဖြစ်သေးတာ။

သူပြန်လာပြီဆိုတာ သိပေမဲ့ ခုလို ဂျီတော့ခ်ထဲ မြင်ရလိမ့်မယ်လို့ မျှော်လင့်မထားဘဲ တွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားတယ်။ ဒါနဲ့ မီးစိမ်းပြထားတဲ့ သူ့ကို လှမ်းနှုတ်ဆက်လိုက်တယ်။

3:27 AM me: welcome back
နေကောင်းလား

လှမ်းသာခေါ်ရတာ၊ ပြန်ဖြေပါ့မလားလို့ စိတ်ထဲက တွေးနေမိတယ်။ အလုပ်တွေများနေမှာလား၊ မိတ်ဆွေတွေအများကြီးနဲ့ တပြိုင်နက် ပြောနေရလို့ လက်လည်ပါ့မလား … ပေါ့။ ဒါပေမဲ့ ခဏလေးနေတော့ typing ဆိုတဲ့ စာတန်းလေးပေါ်လာပြီး သူက ပြန်ဖြေတယ်။

3:28 AM he: ကောင်းပါတယ်ဗျ
ဒေါင်ဒေါင်မြည်ပဲ

me: ၀မ်းသာတယ် အရမ်းပဲ

စိတ်ထဲမှာ အဟုတ်ကို ၀မ်းသာမိတယ်။ သူ့ကို ခုလိုပြန်တွေ့ရတာရယ် …. နေကောင်းတယ် ဆိုတာကြောင့်ရယ်၊

he: ဟုတ်
ကျွန်တော်ရောပဲ

ဒါပေါ့ … သူက ပိုဝမ်းသာမှာပေါ့လေ။ ချုပ်နှောင်ခြင်းတွေက လွတ်မြောက်၊ ခွဲခွါ ကွဲကွာနေရတဲ့ မိသားစုနဲ့ ပြန်တွေ့ရတာကိုး။ ကိုယ်တွေက ဘေးကနေ ၀မ်းမြောက်ပီတိ ဖြစ်ရတာ။ သူက ကိုယ်တိုင်ခံစားရသူ …

me: မနေ့က တချိန်လုံး သတင်းတွေကြည့်နေတာ
3:29 AM ဒီကသတင်းတွေထဲ ပါတယ် သိလား … ပုံ

he: မင်းသားပေါ့

me: ဒါပေါ့ :)
စာတွေပြန်ရေးနော်
ဘလော့လေး အိပ်ပျော်နေတာ ကြာပြီ

3:30 AM he: ဟုတ်ပါ့
ရေးထားတာတွေအများကြီးရှိတယ်
ဖတ်ဖို့သာပြင်ထား

me: ဟုတ်လား ဖတ်ချင်တယ်

သူက စာရေးကောင်းသူ၊ ပြီးတော့ အိပ်မက်တွေလဲ မက်တတ်သူ။ သူ့စာတွေနဲ့ ဝေးနေတာ ကြာခဲ့ပြီ … သူ့စာတွေကို ဖတ်ချင်နေခဲ့တယ်။ သူနောက်ဆုံးရေးခဲ့တဲ့ ခေါင်းစဉ်လေး ... ငါ့စိတ်ဓာတ်နဲ့ အနုပညာ ဆိုတာ မှတ်မိနေသေးတယ်။ ခေါင်းစဉ်အောက်က စာကလဲ တကြောင်းထဲပဲ။ ဒါပေမဲ့ ထိတယ်။
"လူကိုသာ အကျဉ်းချလို့ရမယ်၊ စိတ်ဓာတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး" ... တဲ့။

3:36 AM he: အမ ဘလော့ရေးဖြစ်သေးလား

me: ရေးဖြစ်တယ်

he: ဘလော့တွေပြန်ဖတ်ဖို့တော်တော်အချိန်ယူရဦးမယ်

me: အသစ်တွေ အများကြီး ပေါ်လာတယ်
3:37 AM တချို့လူဟောင်းတွေလဲ ဆက်မရေးကြတော့ဘူး

3:38 AM he: မနေ့က ကျနော်အိမ်မှာ တော်တော်များများလာစောင့်နေကြတယ်

me: ဟုတ်လား ပျော်စရာကြီးနော်

he: အင်း

me: မနေ့က Friday 13th ပေမဲ့ မင်္ဂလာရှိတဲ့နေ့ ဖြစ်သွားတယ်

3:39 AM he: ဟုတ်ပါ့ဗျာ

me: … နည်းနည်းတော့ ပိန်သွားသလိုပဲ ပုံမှာ မြင်ရတာ

3:40 AM he: မပိန်ဘူးဗျ ၀ိတ်တက်နေလို့စိတ်ညစ်နေတာ

me: ဟုတ်လား :)

he: အထဲမှာ အားကစားလုပ်တယ်လေ

me: သြ ကောင်းတယ်

3:41 AM he: အပြင်မှာလဲ ကစားရမယ်ဗျ

me: အင်း ဟုတ်တယ်

he: တော်ကြာ ၀တုတ်ကြီးဖြစ်သွားဦးမယ်

3:42 AM me: ဟုတ်ပါ့ ဒီဘော်ဒီလေး ထိမ်းထား

3:43 AM he: ဟုတ်
အမ အခု ဘယ်မှာလဲ
ရန်ကုန်မှာလား

me: အင်္ဂလန်မှာပဲ

he: သြော်

3:44 AM me: ပြန်လာချင်တာ တခါမှ မလာဖြစ်သေးဘူး

သူ့ကို မေးချင်တာတွေ၊ ပြောချင်တာတွေ အများကြီးပဲ၊ ဒါပေမဲ့ ဘယ်ကစပြောရမှန်း မသိဖြစ်နေတယ်။ ကိုယ့်မေးခွန်းတွေကြောင့် သူ စိတ်အနှောက်အယှက် ဖြစ်မှာလဲ မလိုလားဘူး။ သူ အပြင်ထွက်လာကတည်းက ရင်ဆိုင်လိုက်ရမယ့် မေးခွန်းတွေ မဟုတ်လား … ။ သူ့ကို စိတ်သက်သက်သာသာနဲ့ relax ဖြစ်စေချင်တာကြောင့် ပေါ့ပေါ့ပါးပါး စကားတွေကလွဲရင် ဘာမှ မမေးဖြစ်တော့ဘူး။
7 minutes
၎ နာရီ ထိုးလုပြီ။ မနက် ၅ နာရီ နှိုးစက် မမြည်ခင် ပြန်အိပ်ရအုံးမယ်။ မဟုတ်ရင် အလုပ်ထဲမှာ အိပ်ငိုက်နေမှာ၊ အိပ်ချိန်က ၄ နာရီလောက်ပဲ ကြာသေးတာ။ ဒါနဲ့ပဲ သူ့ကို နှုတ်ဆက်လိုက်တယ်။

3:52 AM me: ခဏပြန်အိပ်လိုက်အုံးမယ် … ခုမှ မနက် ၄ နာရီတောင် မထိုးသေးဘူး။ တရေးနိုးလာလို့ :)

he: အိုကေ အမ

me: ဘိုင်

he: တာ့ တာ

ခါတိုင်းဆို ဘယ်သူ့ကိုမဆို နှုတ်ဆက်ရင် တာ့တာလို့သာ သုံးနေကျ၊ သူနဲ့ကျမှ ဘိုင် ဖြစ်သွားတယ်။ သူက တာ့တာ လို့ ပြန်နှုတ်ဆက်တော့ တယောက်ထဲ သဘောကျလို့ ပြုံးမိသေး။

သူဟာ အားလုံးနဲ့ လိုက်လျောညီထွေ နေတတ်ပြီး ခင်မင်ဖွယ် နှစ်လိုဖွယ် ကောင်းသူလဲ ဖြစ်တယ်။ သူ့ကို ရင်းနှီးသူတချို့ မြို့စားကြီးလို့ ခေါ်ကြတယ်။ သူက လွတ်ကျခဲ့တဲ့ မြို့တော်ကို အပိုင်စားရတယ်။ အခု လွတ်ကျခဲ့တဲ့မြို့တော်ကို ပြန်ကောက်ဖို့ သူပြန်လာပြီ။ သူရေးထားတယ် ဆိုတဲ့ စာတွေ တင်မယ့်နေ့ကို စောင့်နေမယ်၊ သူ့ဘလော့လေးကို ရှင်သန်နေစေချင်တယ်။ သူ့ကိုလဲ အမြဲတမ်း လွတ်လပ်စွာ နေထိုင်စေချင်ပါတယ်။

ဟုတ်ကဲ့ … သူဟာ … ဘလော့ဂါများကို ကိုယ်စားပြုတဲ့ ဘလော့ဂါ … နေဘုန်းလတ် ပါပဲ။
***
ပြန်အိပ်ဖို့ ကြိုးစားရင်း မှေးခနဲ အိပ်ပျော်သွားချိန်မှာ နှိုးစက်က ထမြည်တယ်။ မက်လက်စ အိပ်မက်တချို့ ကို ထုပ်ပိုးရင်း အရုဏ်ဦး ရောင်နီမလာခင် အိမ်ကထွက်ခဲ့တယ်။ နက်မှောင်နေတဲ့ ကောင်းကင်နဲ့ အနုတ် ၆ ဒီဂရီရဲ့ အအေးထုအောက်မှာ ဘတ်စ်ကားစောင့်နေရပေမဲ့ စိတ်ထဲ ကျေနပ်နေမိတယ် ... ။ မကြာခင် ရောင်နီလာတော့မှာ မဟုတ်လား။
***
မေဓာဝီ
၁၄၊ ဇန်န၀ါရီ၊ ၂၀၁၂
စနေနေ့
၂၃း၂၀ နာရီ
(အယ်ရာတက်နေလို့ စာလုံးတွေ ချက်ခြင်းမပေါ်တာ သည်းခံကြပါ)

20 comments:

san htun said...

မြို့ စားင်္ကြး ပြန်လာတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျား

Lu Nga Tay said...

အမ..ဖတ်လို့ကောင်းတယ်နော်.. နောက်ဆုံးမှာ ပို့စ်တင်တဲ့ ဒိတ်ကို ပြန်စစ်ပေးလို့ရမလားခင်ဗျ..
၁၄၊ ဇန်နဝါရီ ၊ ၂၀၁၂ လို့ထင်တယ်။ ဒီဇင်ဘာဆိုရင် လာမယ့်အနာဂတ်ကိုပြောသလိုဖြစ်နေသလားလို့..

ပုံ/
လူငတေ

ဘုန်းဘုန်းတောက် said...

ကြီးမေရေ အနုတ် ၆ ဒီဂရီရဲ့ အအေးထုအောက်မှာဆိုတော့ ... မတွေးဝံ့စရာပဲ...အနွေးထည်အထူကြီးတွေ ၀တ်ရမှာနော်...

မေဓာဝီ said...

လူငတေ ... ဟုတ်တယ်ရှင့်။ ပို့စ်က အယ်ရာတက်နေလို့ ပြန်ပြင်မရတာနဲ့ ဒီတိုင်း ထားလိုက်တာ။ ခုတော့ ပြန်ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်။

Nyi Linn Thit said...

ဟုတ်တယ်ဗျာ..၊ တကယ့်ကို ပျော်စရာကြီး၊ မမေက စောစောစီးစီး နှုတ်ဆက်လိုက်ရတာ ဝမ်းသာစရာပဲ၊း) ဒါနဲ့ သူ့ဘလော့ဂ်လိပ်စာကို သွားတော့ ဘာမှ မရှိဘူးနော်၊ အခု မမေပေးထားတဲ့ လင့်ခ်မှာလည်း မပေါ်ဘူး၊ ကိုနေဘုန်းလတ် ရဲရင့်ကျန်းမာစွာနဲ့ ပြန်လာနိုင်တာကပဲ အားလုံးအတွက် ကြည်နူးစရာပါ..။

မေဓာဝီ said...

ကိုညီလင်းရေ ... သူ့စာမျက်နှာရဲ့ တ၀က်ကျော်လောက်က ဘန်နာဖြစ်နေပြီး ပုံက မပေါ်တော့ ရုတ်တရက်ကြည့်ရင် ဘာမှမရှိသလို ဖြစ်နေတာပါ။ အောက်ကို scroll down လုပ်ကြည့်ရင် ပေါ်လာပါလိမ့်မယ်။ ခုနပဲ သူရေးတဲ့ ပို့စ်တပုဒ် တက်သွားသေးတယ်။

Anonymous said...

နေဘုန်းလတ် အကြောင်းလာဖတ်သွားတယ်၊ မမေဆီလည်း မရောက်ဖြစ်တာကြာပြီ၊ အဆင်ပြေပါစေ၊
ဒူကဘာ

နေ၀သန် said...

း).. ကိုနေဘုန်းလတ်နဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောရတာ ပိုတောင်ပျော်ဖို့ကောင်းတယ်င်္ဗျာ... အားလုံး ကြည်နူးဝမ်းမြောက်တဲ့နေ့တွေ အမြဲရနေပါစေဗျာ

ခင်မင်လျက်
နေ၀သန်

Anonymous said...

ရွာလေးထဲမမေ့မလျော့
ပြန်လာခဲ့တဲ့
မြို့စားကြီးကို
ကြိုဆိုပါတယ်း)
တိုင်းပြည်ကောင်းကျိုးဆထက်တန်ဖိုး
ထမ်းဆောင်နိုင်ပါစေ။

ချစ်ခင်လျှက်
မိစံ

seesein said...

ပျော်စရာစကားဝိုင်းလေးကို ပျော်ပျော်ပါးပါး ဖတ်သွားပါတယ်....စာကောင်းလေးတွေ ရေးတဲ့သူတိုင်း စာလေးတွေ အမြဲရေးစေချင်ပါတယ်....
ကြီးမေ...စကားဝိုင်းလေးအတွက် ကျေးဇူး

ခင်မင်တဲ့
အရီးလေး

ညိမ်းနိုင် said...

ကိုနေဘုန်းလတ် ကျမ်းကျမ်းမာမာနဲ့ ပြန်လွတ်လာတာ
သိရတာ ဝမ်းသာရပါတယ်ဗျား....။

မြစ်ကျိုးအင်း said...

ကိုယ်တွေတောင် ဝမ်းသာမိသေးရင် စီနီယာဘလော့ဂ်ဂါ မောင်နှမတွေ ပြန်တွေ့ကြတာ ပိုတောင် ဝမ်းသာမှာပေါ့။
ကြည်နူးစရာပဲ။

မဒမ်ကိုး said...

ကြိုဆိုလျှက်
လေးစားလျှက်ပါ ကိုနေဘုန်းလတ်ရေး)

ခင်မင်လျှက်

မဒိုးကန်

SHWE ZIN U said...

မမေဓါဝီ ရေ

ဘလော့ဂါ မောင်နှမ တွေ ပြန်ဆုံရတာ ပျော်စရာကြီးနော်

ခင်မင်တဲ့
ရွှေစင်ဦး

ဟန်ကြည် said...

တည်ငြိမ်အေးချမ်းပြီး တက်ညီလက်ညီလှုပ်ရှားကြရင်း အနာဂတ်မြန်မာပြည်ရဲ့ သမိုင်းသစ်ကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နိုင်စေကြောင်း ၀ိုင်းဝန်းဆုတောင်းပေးလိုက်ပါရဲ့ဗျာ...

မောင်မျိုး said...

ကျနော် သူနဲ့ ဟိုး ဘလော့ဂါ ဖြစ်ခင်က စကားပြောဖူးတယ်ဗျး)

သူက ဖော်ရွေတယ် စိတ်သဘောထားကောင်းတယ် ခဏပဲ စကားပြောဖူးပေမယ့် သူက ချက်တာနဲ့ ဘလော့ဂါ ပို့စ်လေးက ကျောန်တို့ကို လွှမ်းမိုးသွားတယ် သူ့ပိုစ်လေးကြောင့် ဘလော့ဂါဖြစ်လာတာဆိုလည်း မမှားဘူးး သူပြန်လာတာတွေ့လို့ဝမ်းသာပါတယ် ။

မအိမ်သူ said...

သူနဲ့မသိပေမဲ့ သူ့အကြောင်းတွေကတော့ အမြဲကြားနေခဲ့ပါတယ်။ ဟိုးအရင်တုံးက သူ့ဘလော့လေးကိုလဲ ရောက်ဖူးတယ်။ စာတွေသွားဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီဘလော့ကို သူ့ဟာမှန်းမသိခဲ့ဘူး။ စာလေးတွေကောင်းလို့ သွားဖတ်ဖြစ်တာ သက်သက်ပဲ။ လွန်ခဲ့တဲ့ ၃ ၄ လလောက်ကမှ အဲဒီဘလော့နဲ့ သူနဲ့ကို ဆက်စပ်မိတယ်။ 13th Jan အတွက် ၀မ်းသာနေတုန်း မမေပို့စ်လေးကို ဖတ်လိုက်ရတာ စိတ်ထဲမှာ ပိုပြီးတော့ ကြည်နူးဝမ်းသာ ခံစားမိရတယ်။

မြသွေးနီ said...

တကယ်ဝမ်းသာမိတယ်...
လူကိုယ်တိုင်တွေ့ခဲ့တာ
နှုတ်ဆက်လိုက်ချင်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့
နှုတ်ဆက်စကား မပြောဖြစ်ခဲ့ဘူး...
သူပြောတာတွေက လူငယ်တွေအတွက် ကိုယ်စားပြုခဲ့တယ်။

Angelhlaing(May everybody be happy and healthy! said...

မမရဲ့ အပျော်လေးတွေ စီးမျှောခွင့်ရလို့ ကျေးဇူးပါမမ စကားပြောခွင့်ရတဲ့အချိန် ပျော်နေမယ့် မမမျက်နှာလေး မြင်ယောင်နေမိတယ်... .

Anonymous said...

ထပ်တူထပ်မျှ ဝမ်းမြောက်မိပါ၏



မောင်ဘကြိုင်