Wednesday, January 25, 2012

ဦးပုည၏ ၀တ္ထုများ ... အပိုင်း (၇)

အလောင်းတော် ယုန်မင်းဝတ္ထု
(ဇာတ်သိမ်း)
ပုဏ္ဏားကြီးလည်း ရှေးနည်းဖြင့် မြေခွေးအား ချီးမြှောက်၍၊ မျောက်သူတော်ထံ၊ ရပ်ခံ တောင်းရမ်းပြန်လေသော်၊ ၀ါနရိန္ဒ၊ အာစာရ အရိယာ၊ သတ္တ၀ါမျောက်မင်းသည်၊ ဆန္ဒရင်းနကိုယ်က၊ လှူလိုသည့် စေတနာ၊ အားကြီးစွာသောကြောင့်၊ ပျူငှါရွှန်းရွှန်း၊ နှုတ်ခွန်းချိုမော၊ စကားပြောလို၍ -
အမ္ဗ ပက္ကောဒကံ သီတံ၊
သီတစ္ဆာယာ မနောရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
ဧတံ ဘုတွာ ၀နေ ၀သ။ ။
ဟူသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အနက်အဓိအပ္ပါယ်ကား၊ ပိတ်ဖြူစလွယ်၊ ဆင်တင့်တယ်သော၊ အနွယ်ဗြဟ္မာ၊ မင်းဆရာ။ ကျွန်တော်တယောက်၊ တောသားမျောက်မူ၊ ညှီငှေါက်သားငါး၊ စားဘွယ်မရှိ၊ က၀ိသခင်၊ ရှင်ဟူးရားဖြူ၊ လိုတော်မူလျှင်၊ ကြူကြူမွှေးကြိုင်၊ အခိုင်နှင့်တကွ၊ အဗ္ဘန္တရဂိုဏ်းဝင်၊ ပင်ပေါ်မှည့် သရက်သီး၊ လုံးကြီးရွှေဝါ၊ ရသာထူးခြား၊ စားစရာကိုမူကား၊ ဖွေရှာ၍ ထားသောကြောင့်၊ ကျွန်ုပ်အားရှိပါ၏။ မင်းဆရာပုဏ္ဏား၊ စားပါ သုံးပါ၊ သဲသာသည့် ဆိပ်ကမ်းက၊ စမ်းရေကလေး၊ အေးက-အေး၊ ချိုက-ချို၊ တည်းခိုစဘွယ်၊ အရိပ်လည်း ကျယ်ပါသည်၊ စံပယ် ချမ်းမြေ့၊ သည်ယနေ့ကို၊ မွေ့မွေ့သာသာ၊ သည်နေရာတွင်၊ သိက္ခာ အဋ္ဌင်္ဂ၊ သီလရင်းနှီး၊ စိတ်ပုတီးနှင့်၊ အငြီးဖြေ၍၊ နားနေတော်မူပါ ဟူလိုသတည်း။ … ။

ပုဏ္ဏားလည်း၊ ရှေးနည်းအမှတ်ဖြင့်၊ စကားဆက်ဖြတ်ပြီးလျှင်၊ ဗောဓိသတ် ဗုဒ္ဓင်္ကူ၊ သယမ္ဘူ မုံရင့်၊ မကြာမီပွင့်အံ့သော၊ ရွှေယုန်မင့် နေရပ်သို့၊ ချဉ်းကပ်ဆိုက်ရောက်၍၊ စားသောက်ရန် အစာရလိုကြောင်းနှင့်၊ သာသာညံ့ပျောင်း၊ ခွင့်တောင်း ရပ်ခံပြန်လေသော်။ ယုန်သူတော်ကောင်း၊ ဘုရားလောင်းလည်း၊ လျောင်းစက်ရာက၊ ရုတ်ခြည်းထပြီးလျှင်၊ မမ မနောရထော မတ္ထကံ ပတ္တော- ဟု။ အမျော အမော၊ အလောသုံးဆယ်၊ ကိုယ်ဝယ်နှံ့ပြား၊ ပီတိဟုန်ပွါးသောကြောင့်၊ ယောက်ျားဟဲ့ ငါ၊ သည်တခါမူ၊ လိုရာထုတ်ချောက်၊ ငါ့အကြံမြောက်ကပြီ၊ ဗောဓိအောင်မြေ၊ ၀ိဇယပလ္လင်ဗွေတွင်၊ ၀တ်ရေသင်းကြိုင်၊ ရွှေသစ္စာ ပန်းခိုင်ကို၊ ပိုင်ပိုင်မချွတ်၊ ငါဆွတ်တော့မည်တကား ဟု၊ မြက်ဝါးခြမ်းမျှ၊ ဇီဝိတကို၊ ပမာဏမမူ၊ ကိုယ့်အသားကို၊ ပုဏ္ဏားအား လှူပြီးလျှင်၊ ကြည်ဖြူ နှုတ်ချို၊ ပြောဟောလို၍၊ -
နသသဿတိလာအတ္ထိ၊
နမုဂ္ဂါ နပိတဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊
မမံ ဘုတွာ ၀နေ၀သ။ … ။
ဟူသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကား၊ အို ပုဏ္ဏား၊ ယုန်မျိုးသတ္တ၀ါ၊ ငါတို့မှာကား၊ ဟင်းလျာလှူရန်၊ ဆန် ပဲနောက် နှမ်း၊ တခြမ်း တလုံးမျှ၊ စုရုံး၍မထား၊ စားလေသည် မဟုတ်ပါ၊ နေစာ ဆင်ငို၊ ပန်းတော်ညို မုန်ညင်း၊ မြက်ခပင်းကို၊ ထမင်းလုပ်၍၊ ကျွန်ုပ်တို့အား၊ စားသုံးရချေသည်။ အကျွန်ုပ်အဓိဋ္ဌာန်မှာ၊ အာဂန္တု သူတောင်းစား၊ ရောက်လာခိုက်ငြားဘိမူ၊ ငါ့အသား-ငါ့အသွေးကို၊ ပေးလှူမည် အကြံနှင့်၊ အလှူခံ မျှော်လင့်လျက်၊ အဆင်သင့် နေပါသည်၊ အကျွန်ုပ် တကိုယ်စာကို၊ မင်းဆရာ တယောက်မူကား၊ ၀လောက်စရာ၊ ရှိတန်ပါ၏၊ ငါ၏ ကိုယ်ကို၊ အလိုရှိတိုင်း၊ ဖြတ်ပိုင်းလှီးခုတ်၊ အရေကိုဆုတ်ပြီးလျှင်၊ တုတ်တံစို့ ဖောက်လျှို၍၊ မီးဖို၌ ဖုတ်ကင်ပါ၊ အားနာတော် မမူနှင့်၊ ထောက်ကူအုံညီ၍၊ ပါရမီ ကျွန်ုပ်မြောက်အောင်၊ စားသောက်တော် မူပါဟု၊ အခါခါ နှုတ်မြွက်၍၊ အသက်အလှူပေးသည်တွင်၊ သိကြားမင်းလည်း၊ မိမိတန်ခိုးဖြင့်၊ ကြီးစွာသော မီးကျီးစုကို ဖန်ဆင်း၍၊ အသင်ရွှေယုန်မင်း၊ ဤမီးပုံသို့ ဆင်းလော့၊ သင်၏အသား ကျက်သည်ကာလ၊ ငါစားအံ့ဟု ဆိုသော်၊ ယုန်သူတော်လည်း၊ ဤသို့ အကြံဖြစ်၏။ သြော် ငါ၏အမွေး၌၊ အလှေးအမွှား၊ အများရှိချေသည်၊ ငါ၏ ကိုယ်ကို မှီ၍၊ ဤပိုး ဤမွှား၊ ဆုံးပါးအသက်၊ မပျက်ကောင်းပေရာဟု၊ ကရုဏာ သမ္ပဇဉ်၊ ယှဉ်သော နှလုံးဖြင့်၊ သုံးကြိမ်စင်ကြယ်စွာ၊ ကိုယ်တော်ကို ခါပြီးလျှင်၊ ရွှေကြာအိုင် အတွင်းသို့၊ ရေသဘင် ကျင်းလို၍၊ သက်ဆင်းသော ရွှေဟင်္သာကဲ့သို့၊ မျက်နှာတော်မမှိန်၊ မီးဖိုနှင့် ကိုယ်တော်မြတ်ကို၊ မတ်လှအောင် ချိန်ပြီးလျှင်၊ တရှိန်တည်း ခုန်ဆင်း၍၊ မီးတွင်းသို့ သက်တော်မူလေ၏။ … ။

သိကြားမင်း ညှိပျိုးသော၊ ငရဲအိုးမက၊ ပူလှသော မီးကျီးစုသည်၊ သုခမိန် ရွှေယုန်မင်း၏၊ ကျေးဇူးဂုဏ် ပါရမီကြောင့်၊ ဂေါသီတ စန္ဒကူးကဲ့သို့၊ အထူးသဖြင့် ချမ်းအေး၍၊ ကိုယ်မွေးတော် တပင်ကိုမျှ၊ မီးဝင်၍ မငြိ၊ ပကတိ ဖြစ်တော်မူသည်တွင်၊ အလှူခံ ပုဏ္ဏားအား၊ စကား ဤသို့ ဆိုပြန်၏။ အို ပုဏ္ဏား၊ သင်ပုဏ္ဏားကား၊ စားရလှုနီး၊ လောဘကြီးနှင့်၊ မီးကိုမျှ မပျိုးနိုင်၊ ဗျာလှိုင်ချွတ်လွဲ၊ သင်စုသော မီးခဲသည်၊ မရဲ မပြောင်၊ လောင်မည်ကား ဝေးစွ၊ ကိုယ်မွေးကိုမျှ မခြစ်၊ အသစ်မီးစု၍၊ ယခုတကြိမ် ပျိုးဦးလော့ဟူ၍ ဆို၏။ သိကြားမင်းလည်း၊ ကြီးစွာသော အံ့ဘွယ်သရဲကို မြင်၍၊ ကိုယ်ထင်ပြပြီးသော်၊ သခင်ယုန်မင်း၊ ငါတမူကား၊ ပုဏ္ဏားမဟုတ်၊ အယုဇ္ဈပြည်ကြီးရှင်၊ မိုဃ်းတွင်သိကြား ဖြစ်ပေသည်၊ ပါရမီနှီးရင်း၊ ဆည်းပူးခြင်း၌၊ ယုန်မင်းသတ္တိ၊ ရှိမရှိကို၊ ငါသိလို၍၊ မီးဖို ဖန်ဆင်း၊ သင်ယုန်မင်းကို၊ အခြင်းအရည်၊ စမ်းပေသည်၊ လောကသုံးခွင်၊ ဘုံအပြင်ဝယ်၊ သင်နှင့်ရည်တူ၊ ရဲရင့်သူကို၊ လူ၌မမြင်၊ နတ်တွင်တယောက်၊ မပေါက်စဖူး၊ သင်တဦးသာ၊ အထူးအမြတ် ဖြစ်ပေသည်။ သဗ္ဗညုတ ဉာဏရတနာ၊ ဂုဏ်မြတ်စွာကို၊ လွယ်ကာထုတ်ချောက်၊ လက်ရောက် ယူတော်မူအံ့သောငှါ၊ စွန့်ခဲစွာသော အသက်ကို စွန့်ကြဲ၍၊ လွန်ကဲသော ပါရမီအထူးကို၊ ဆည်းပူတော်မူပေသည်ဟု၊ အထွေထွေ ချီးမွမ်းပြီးလျှင်၊ တယောက်တည်းသော သားကို၊ ပိုက်ဖြားပြုပြင်သော၊ မိခင်အလား၊ သိကြားနတ်မင်းသည်၊ ယုန်သူတော်ကောင်း၊ ဗောဓိလောင်းအား၊ ပျောင်းပျောင်း ညံ့သက်၊ မိမိလက်ဖြင့်၊ ပိုက်ဖက်ပွေ့ယူ၊ ချော့မြူ ဖြေဖျော်လျက်၊ နေတော်မူရင်း၊ မြက်ခင်း ကမ္ဗလာ၊ သဲမွေ့ရာထက်၊ အသာတင်ထားခဲ့ပြီးမှ၊ ဖျံ, မြေခွေး, မျောက်၊ သုံးယောက်သော သူတော်စင်တို့အားလည်း၊ တရားမပျက်၊ အသက်ထက်ဆုံး၊ ကျင့်သုံးနိယံ၊ ဆက်ဆံ မေတ္တာ၊ ကြင်နာ ကျွမ်းဝင်၊ ချစ်ခင်ကြမည့် အကြောင်း၊ ကောင်းသော ဥပဒေသဖြင့်၊ အဆုံးအမ ပေးပြီးသော်၊ သိကြားမင်းသည်၊ နောက်တရံ၌၊ အကြံ ဤသို့ဖြစ်၏။

ဤ ရွှေယုန်မင်း၏၊ ဂုဏ်ကြိယာ၊ လက္ခဏာသနစ်၊ မဖြစ်ဖူးမြဲ၊ အံ့အဲဖွယ်မှု၊ ယခုဖြစ်ပုံ၊ မကြုံစတောင်း၊ ဤ ပွဲကောင်းကို၊ အပေါင်းသတ္တ၀ါ၊ မြင်စိမ့်ငှါဟု၊ ပြည်ရွာ နှံ့ပြားအောင်၊ သွား၍လည်း မပြောနိုင်ရာ၊ လာ၍ ကြည့်ခြင်းငှါ မအပ်၊ ဘဒ္ဒကပ် ဤကပ္ပါတွင်၊ မင်္ဂလာသမိုတ်၊ တတိုက်လုံး ကြက်သရေ၊ မကျေမတိမ်၊ တသိမ်တဂုဏ်၊ မကုန် မဆုံး၊ ကပ်လုံး မပျောက်၊ တည်စလောက်သော၊ အထောက် အကြောင်း၊ ထုံးဟောင်း စံမြတ် ဖြစ်ပေသည်။ သပြေတည်ထွန်း၊ တကျွန်းသူ မက၊ လေးဒီပ မျက်နှာ၊ စက္က၀ါဝန်းကျင်၊ လူခပ်သိမ်း မြင်သဖြင့်၊ ဤသခင် ယုန်မင်း၏၊ အကြောင်းရင်းး ထုံးစံကို၊ နည်းခံ၍ ကျင့်ကြစေဟု၊ ရွှေယုန်မင်းဇာတ်၊ အတ္ထုပ္ပတ်ကို၊ လောကဓာတ် လူ့ဘောင်တွင်၊ မူတစောင် မဟာဝင်၊ ကပ္ပါလုံး ထင်ရစ်အောင်၊ တောင်ဆီမင် ဆေးစုံဖြင့်၊ ငွေစက္ခုံ လဗိမာန်၌၊ ယုန်ရုပ်ဟန် ရေးချယ်၍၊ တင့်တယ်စွာ ထားသောကြောင့်၊ ထင်ရှားခုတိုင် ဖြစ်လေသည်။ … ။

အနုရုဒ္ဓါ အလောင်းဖြစ်သော - သိကြားမင်း၊ အာနန္ဒာအလောင်းဖြစ်သော - ဖျံမင်း၊ မောဂ္ဂလာန် အလောင်းဖြစ်သော - မြေခွေးမင်း၊ သာရိပုတ္တရာ အလောင်းဖြစ်သော - မျောက်မင်း၊ ဘုရားအလောင်းဖြစ်သော - ယုန်မင်း၊ ဤ ပုဂ္ဂိုလ်တို့၏၊ ကြည်ညို မြတ်နိုးစွာ၊ ဒါနပြုပုံ၊ သီတင်းသုံးပုံ၊ လုံးစုံကျင့်ကြံ၊ ထုံးစံသာဓက၊ နိပါတ်ပြကို၊ နိဿယကြီးတစောင် ပြု၍၊ ယခုကာလ၊ လူများအပေါင်းတို့သည်လည်း၊ ကောင်းမြတ်သော နှလုံးသွင်းဖြင့်၊ ပေးလှူခြင်း ဒါနပါရမီ၊ စာဂီမသွေ၊ ဇမ္ဗူရွှေကဲ့သို့၊ ကိလေသာ မစွန်းမရှသော၊ သီလပါရမီတို့ကို၊ ၀သီဖြစ်ပွါး၊ ကြိုးစား ဆည်းပူးသင့်ပေသည်။ လေးဦးသော သတ္တ၀ါ၊ ကျင့်ကြရှာသည်မှာ၊ သာသနာတွင်းမျှ မဟုတ်သေး၊ တွေးဆ ရမ်းယောင်၍၊ ကြံဆောင် ကျင့်သုံး ရှာကြသည်။

ယခုမှာမူ၊ လူလည်း ဖြစ်လာ၊ သာသနာလည်း ထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်း မရှား၊ သို့ပါလျက်သားနှင့်မှ၊ တရားသို့ မလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ ဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီ ငုပ်ကြမည့်၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်၊ တိရိစ္ဆာန် သူတော်တို့၊ ရမ်းရော်၍ ကျင့်ချက်ကြောင့်၊ အထက်နတ်ရွာ၊ ဗြဟ္မာတို့ဘုံ၊ ရောက်ရုံမက၊ သဗ္ဗညုတ၊ လောကထွတ်ထား၊ ဘုရား ရဟန္တာ၊ ဖြစ်ကြသော အရာများကို၊ ပညာဖြင့် ချင့်လီ၍၊ လောကီ လောကုတ်၊ ၀ိမုတ္တိ အမြိုက်၊ ခံစားထိုက်အောင်၊ နှစ်ခြိုက်ကြည်ညိုစွာ၊ ဒါန သီလ၊ အဋ္ဌင်္ဂ ဥပုသ်တို့ကို၊ အားထုတ် ကြိုးစားကြရမည်။ … ။

ဤတွင်ရွေ့ ယုန်မင်းဝတ္ထု ပြီး၏။
***
ယုန်မင်းဝတ္ထုတော့ ပြီးသွားပါပြီ။ စာ အကျအပေါက်နဲ့ အမှားအယွင်းများ ပါလျှင် စာရိုက်သူ ကျမမှာသာ တာဝန်ရှိပါတယ်။ ဒီကြားထဲ တခြားပို့စ်တခု တင်ဖို့ ကြိုးစားခဲ့ပေမဲ့ အယ်ရာနဲ့ ကျမနဲ့ အမြဲလိုလို ထိပ်တိုက် တွေ့တွေ့နေပြီး ဘလော့မှာ ပို့စ်တင်ဖို့ အရမ်းကို ခက်နေတယ်။ ဒါကြောင့် ယုန်မင်းကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တင်မယ်ဆုံးဖြတ်ပြီး ဇွဲနပဲနဲ့ ကြိုးစားပမ်းစား တင်လိုက်ပါတယ်။ ဒါတောင် ၁၀၁ ကြိမ်မြောက် ကြိုးစားရခြင်းပါ။ ကျမလဲ ခုတလော မန့်ဖို့ခက် တင်ဖို့ခက်နဲ့ စာရေးဖို့တောင် စိတ်က သိပ်မပါတော့ဘူး။ စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

မေဓာဝီ
၂၅၊ ဇန်န၀ါရီ၊ ၂၀၁၂
၁၁း၁၃ နာရီ
ရည်ညွှန်း။ ။ ဦးပုည၀တ္ထုပေါင်းချုပ် (ဟံသာဝတီ ပိဋကတ် စာပုံနှိပ်တိုက် ၁၉၄၀ ခုနှစ်)

8 comments:

Angelhlaing(May everybody be happy and healthy! said...

ရှားပါးစာပေတွေ အဆက်မပြတ်တင်ပေးလို့ ကျေးဇူးပါမမရေ...စောင့်မျှော်အားပေးလျှက်ပါလို့..ကောင်းသောနေ့လေး ဖြစ်ပါစေ မမရေ...။

မဒမ်ကိုး said...

မမရယ် ဒိုးကန်လဲ စာရေးဖို့တော်တော်ပျင်းနေတာ မန့်ဖို့တောင် မနည်းလုပ်နေရတယ်လေ
ပိတ်ရက်နဲ့အတူပျင်းနေတား)

ချစ်တဲ့

မဒိုးကန်

အိမ့်ချမ်းမြေ့ said...

ဒါကြောင့်လည်း ဦးပုည ရယ်လို့.. နာမယ်တွင်တာကိုး..

မြစ်ကျိုးအင်း said...

ငယ်ငယ်ထဲက ကြားဖူးသိဖူးသား ဇာတ်တော်ပေမယ့် ဦးပုညအရေးအသား သဘောကျလို့ သေသေချာချာ ဖတ်ဖြစ်တယ်။ (ဖတ်ရင်းနဲ့ စာရိုက်ရသူလည်း
တော်တော်ဂရုစိုက်ရမှာလို့ တွေးမိသေးတယ်။ )
စိတ်ရှည်လက်ရှည် ရိုက်ပေးတာ ကျေးဇူးပါ။ စာပေကုသိုလ်ပါပဲ။

Nyi Linn Thit said...

ဒီအဆက်ကို မြင်လိုက်ကတည်းက လာဖတ်မလို့ပဲ မမေရေ..၊ အလုပ်ကလေး နည်းနည်းရှုပ်သွားတာနဲ့ အခုမှပဲ ရောက်ရတော့တယ်..၊ ယုန်မင်းက ပုဏ္ဏားကို ပြန်ပြောတဲ့ အခန်းမှာ 'ဗျာလှိုင်ချွတ်လွဲ' ဆိုတဲ့ အသုံးလေးကို သဘောကျလိုက်တာ..၊ ဦးပုညသာလျှင် ရှာဖွေသုံးစွဲနိုင်မယ့် အသုံးမျိုးပဲ ဖြစ်မယ် ထင်တယ်နော်၊

ပို့စ်တင်ဖို့ ခက်နေတာကြားလို့ စိတ်မကောင်းပါဘူးဗျာ၊ ဒါတောင် ဒီယုန်မင်းဝတ္ထုက ခပ်တိုတိုမို့ တော်တော့တယ်နော်၊ မဟုတ်ရင်တော့ အယ်ရာနဲ့ မမေနဲ့တော့ လွယ်မှာမဟုတ်ဘူး...။

san htun said...

ဦးပုည အရေးအသားက ညက်လိုက်တာ..ရွတ်လိုက်ရင် ကဗျာရွတ်နေရသလိုပဲ..ဆယ်တန်းတုန်းက ရေသည်ပြဇာတ်ကို အလွတ်ကျက်ခဲ့ရတာ ခုတော့ ဆံထုံးတော်သီး တမာသီး၊ စိတ်ပျက်အောင် လှပါတဲ့ မရေသည် ဆိုတာပဲ မှတ်မိတော့တယ်..ခုမှ တန်ဖိုးထားရမဲ့ တကယ့်မြန်မာစာပေမှန်း နားလည်တော့တယ်..ခုလို တကူးတက တင်ပေးတာ ကျေးဇူး မမမေ..ဦးပုညဝထ္ထုတွေက ရှားပါးပါဘိ...

Thu said...

Genius U Ponnya, Myanmar Shakespeare ! Thank You

ဟန်ကြည် said...

ခံတမာလုပ်နေရတာနဲ့ ဘလော့မလည်ဖြစ်တာ ကြာနေပြီ မမေရေ...ဦးပုညရဲ့ ရှားပါးစာတွေကို အခုလို ပြန်တင်ပေးတာ ကျေးဇူးတင်ပါရဲ့...အသာလေးကူးပြီး မှတ်ထားလိုက်ရုံပဲ...ဒါပေမယ့် ရိုက်ရတဲ့လူမှာတော့ တယ်သက်သာမယ် မထင်ဘူး...ကျွန်တော်တော့ အဲလိုလုပ်ရမှာ ပျင်းသဗျား...ဒါကြောင့်လဲ မမေ တင်သမျှကို အင်တိုက်အားတိုက် ကော်ပီအင်ပေ့စ်လုပ်တဲ့အလုပ်ကိုပဲ အင်တိုက်အားတိုက် လုပ်တော့မယ်း)