Friday, January 20, 2012

ဦးပုည၏ ၀တ္ထုများ … အပိုင်း (၆)

ကိုယ်တိုင်ကိုယ်ကျ စာတပုဒ်ကို ဟုတ္တိပတ္တိ မရေးဖြစ်ဘဲ ကောင်းနိုးရာရာ စာအုပ်တွေ ရှာဖွေ ဖတ်ရှုရင်း စာအုပ်ပုံ ထောင့်နားက ဦးပုည၀တ္ထု စာအုပ်လေး သွားတွေ့တယ်။ အဲဒီတော့မှ ဦးပုည၀တ္ထု ၇-ပုဒ်ထဲက ဆဒ္ဒန်ဆင်မင်း တပုဒ်ပဲ ဘလော့မှာ တင်ရသေးတာ သတိရမိတာနဲ့ ဒုတိယ၀တ္ထုဖြစ်တဲ့ ယုန်မင်းဝတ္ထုလေး ရိုက်ပြီး တင်လိုက်ရပါတယ်။ ဘုရားအလောင်း ယုန်မင်းဝတ္ထုက အများသိပြီးသား ဖြစ်ပေမဲ့ ဦးပုညရဲ့ ပြောင်မြောက်တဲ့ အရေးအသားကို ဖတ်ရှုလေ့လာလိုသူများ, သိမ်းထားလိုသူများအတွက် ရည်ရွယ်ပြီး တင်လိုက်ရပါကြောင်း … ။
***
၂ - အလောင်းတော် ယုန်မင်းဝတ္ထု

သဗ္ဗညု မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ တယောက်သော သူကြွယ်အား ဒါန အနုမောဒနာကို ပြုတော်မူရာ၌ -

ဣဒံဟိ ဒါနံနာမ ပေါရာဏက ပဏ္ဍိတာနံ ၀ံသော။
ပေါရာဏက ပဏ္ဍိတာဟိ သမ္ပတ္တယာစကာနံ ဇီဝိတံ ပရိစ္စဇိတွာ
အတ္တနော မံသံပိ အဒံသု။

ဟူသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။ ထိုဒေသနာတော်နှင့် လျော်ညီစွာ (သံသရာ စွဲရစ်၊ အဏ္ဏ၀ါဝဲမြစ်ဝယ်၊ နစ်တုံပေါ်တုံ၊ တမှုံမွှားမွှား၊ ရဟတ်ချားကဲ့သို့၊ မျောပါး ကျင်လည်၊ သံယောဇဉ် ဘွဲ့ချည်၍၊ အတည်မကျ၊ ဒုက္ခိတသတ္တ၀ါ၊ ဘုံသုံးဆဲ့ တဖြာတွင်၊ မြဲရှည်ကြာ ခေါက်ပြန်၍၊ မှောက်လှန် မျောပါးကုန်သော သူတို့အား၊ ကိုယ်ပွါးတော်နှစ်၊ ကြင်မြတ်လေးသည့် ရင်သွေးတော်စစ်ကဲ့သို့၊ ချစ်ခင်မေတ္တာ၊ ကရုဏာရှေ့ထား၍၊ သနားတော်မူလှသောကြောင့်၊ ဒီပင်္ကရာ ထွတ်ချာမှန်ကင်း၊ သုံးလူ့မင်း၏၊ ခြေတော်ရင်းမှ၊ နိယတဗျာဒိတ်၊ ရွှေတံဆိပ်ကို၊ ထိပ်ထက်ကြည်လင်၊ ပန်ဆင်တော်မူခဲ့ရ၍၊ လေးဝသင်္ချေ၊ သိန်းနေစွန်းမှီ၊ ဆယ်ပါးသောပါရမီနှင့်၊ စာဂီပဉ္စ၊ စရိယသုံးဆင့်၊ ဆည်းပူကျင့်လျက်၊ ရွှေယုန်မင့်းအဖြစ်၌)။ ကိုယ်ခန္ဓာ အသက်ကို၊ မြက်တပင်မျှ၊ ပမာဏမပြု၊ သဗ္ဗညုပညာ၊ ရတနာနှစ်၊ ပုလဲစစ်ကို၊ ချစ်ချစ်ခင်ခင်၊ လိုချင်လှသောကြောင့်၊ ဇီတရုပ်နာမ်ကို၊ အလှူခံပုဂ္ဂိုလ်တို့အား၊ ဆံဖျားမတွန့်၊ ပေးစွန့်လှူဒါန်းဖူးကြောင်း၊ ထုံးဟောင်း အတိတ်ကိုပြန်၍၊ ဟဋ္ဌပ္ပဟဋ္ဌ၊ လောမဟံသန၊ ကြွကြွစိတ်ပါ။ သဒ္ဓါဇောဝင်၊ ရွှင်ကြစေခြင်းငှါ၊ သာဓကဥဒါဟရုဏ်ဖြင့်၊ ကုဏ္ဍလာမြ၊ အနဂ္ဃကျောက်မြတ်ကို၊ န၀ရတ်ခြယ်စီလျက်၊ သိင်္ဂီနိတုံ၊ သာတကုံဂီဝါ၊ ဇမ္ဗူရဇ်ရတနာကို၊ သင့်ရာက ဆစ်ပြီးလျှင်၊ မျက်ရစ်ကြိုးသတ်သကဲ့သို့၊ နိပါတ်တော်စကားဖြင့်၊ နား၏တန်ဆာဆင်လတ္တံ့။

ရှေးအတိတ်အခါ၊ ဗာရာဏသီပြည်မြတ်၌၊ ဗြဟ္မဒတ်မင်း မင်းမူစဉ်၊ ငါတို့ ဘုရားအလောင်းသည်၊ တောအောင်း ချုံလျှိုး၊ ယုန်မျိုးအစစ်၊ ဖြစ်တော်မူသတ်။ ထိုယုန်မင်းနှင့်၊ သီတင်းသုံးဘော်၊ သူတော်ဓလေ့၊ သိမ်မွေ့ကျင့်ကြံ၊ ဖျံ, မြေခွေး, မျောက်၊ လေးယောက်ပေါင်းစု၊ မိတ်ဆွေပြု၍၊ တခုသော တောင်ခြေတွင်၊ ရေတဘက် ရွာတဘက်၊ တောနက်တရပ်၊ စပ်လျက်တည်သော၊ စေးပျစ်ရဂုံ၊ ဂနိုင်ချုံ၌၊ ပေါင်းဆုံ နေပျော်ကြသတည်း။ တနေ့သ၌၊ ယုန်သူတော် ပဏ္ဍိတသည်၊ ညလေးချက်တီးကျော်ဝယ်၊ မိုဃ်းပေါ်သို့ ကြည့်ရာတွင်၊ လ၀န်း၏သဏ္ဌာန်ဖြင့်၊ နက်ဖြန်ခါသည်၊ လပြည့်နေ့ ကြုံမည်ကို၊ အတည်ကျ သိလတ်၍၊ ခင်ပွန်းမြတ် သုံးဦးတို့ကို ခေါ်ပြီးလျှင်။ အဆွေတော်တို့၊ နေ့နက်ဖြန်ခါ၊ ပန္နရသီ၊ တိထီထွန်းသည့်၊ စက်ဝန်းလှည့်လည်၊ လပြည့်ဥပုသ် ကြိမ်လိမ့်မည်။ ဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၊ မဟာသမယ၊ သင်္ကေတဖြင့်၊ ဥဒ္ဒေသပါတိမုက်၊ ဥပုသ်ပ၀ါရဏာ၊ ကမ္မ၀ါဉတ်၊ တင်ရွတ်ဖတ်၍၊ ရက်မြတ်ခေါ်သမုတ်ပေသည်။ ။

နက်ဖြန်မိုးလင်း၊ တရက်တွင်း၌၊ အချင်းသင်တို့၊ ကိုယ်ဖို့သံသရာ၊ ကံကျွေးပါအောင်၊ ရှစ်ဖြာဥပုသ်၊ အားထုတ်ဖြည့်စွမ်း၊ ကျင့်ကြိုးပမ်း၍၊ မဂ်လမ်းရှာဖွေ ကြရမည်။ ဖုန်းတောင်းယာစကာ၊ လှူခံလာလည်း၊ စားရာဘို့က၊ အချို့ေ၀၀က်၊ သဒ္ဓါတက်လျှင်၊ သက်သက်မခြွင်း၊ မစ္ဆေရကင်း၍၊ လှူခြင်းရက်ရော ကြရမည်။ သီလ၀ိသုဒ္ဓိ၊ ကိုယ်၌ရှိမှ၊ ပရိစာဂ၊ ဒါနကျိုးဆက်၊ ဖြိုးဖြိုးတက်၍၊ ဖိုလ်မဂ်ဉာဏ်ကြီး ပွင့်ကြမည်၊ ငါသြ၀ါဒ၊ ပေးသမျှကို၊ မခွမသွေ၊ မထွေမရာ၊ လိုက်နာမှတ်သား၍၊ တရားလက်ရှိ၊ ပြုကြကုန်ဟူ၍၊ ရွှေယုန်သူမွန်၊ တမလွန်ရေး၊ သြ၀ါဒပေးသည်ကို၊ သွေးသောက်တစုတို့လည်း။ ဂရုဂါရ၀၊ အာမ၀န္တံ၊ ခံယူကြပြီးလျှင်၊ နံနက်ကြီး စောစောက၊ ဂေါစရဂံ၊ ရှာကြံကြရာ၊ ဖျံမှာကား၊ ငါးကြင်း ခုနစ်စီး၊ မြေခွေးမှာကား၊ အမဲကင် ဖွတ်ကင် နို့ဓမ်းအိုး၊ မျောက်မှာကား၊ သရက်သီးမှည့်တို့ကို ရ၍၊ စားရန်လှူရန် အလို့ငှါ၊ သင့်ရာ၌ ထားပြီးသော်၊ မိမိတို့ စောင့်သုံးသော သီလကို၊ ဆင်ခြင်အောက်မေ့လျက်၊ ကိုယ်စီကိုယ်င၊ နေကြကုန်၏။ ။

ဗောဓိသတ္တ၊ နိပက္ကပါရမီ၊ ၀သီနှီးရင်း၊ ရွှေယုန်မင်းကား၊ သီတင်းအမြဲ၊ ဆောက်တည်ဆဲတွင်၊ လွန်ကဲသော သဒ္ဓါကြောင့်၊ ကြံခဲစွာသော အကြံကို၊။ ဤသို့ ကြံမိလေ၏။ သြော် ငါနှင့် သူတပါး၊ အစားချင်းမတူ၊ လူမစုံမက်၊ မနှစ်သက်သော၊ မြက်မြေစာပင်၊ မုန်ညင်းပင်တို့သာ၊ ၀မ်းစာ နေ့ည၊ စားသုံးရချေသ်ည။ ။ ဒါနကုသိုလ်၊ ငါပြုမည်ဆိုသော်လည်း၊ ၀တ္ထုကိုယ် မကောင်း၍၊ တောင်းသူ မနှစ်သက်က၊ အကျိုးဆက် မကြီးရာ၊ ငါ့အသက်ကို၊ ရက်ရက် မရွံ၊ အသေခံ၍၊ ငါ့ထံရောက်လာ၊ ယာစကာတို့အား၊ ငါ၏အသားကို၊ စားသောက်ရအောင်၊ ဇီဝိတအလှူ၊ လူမတူ - နတ်မတန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ ဧကန် ရပေတော့မည် တကားဟု၊ အားပြည့် အင်ရွဲ၊ ကြံဆဲဆဲတွင်၊ ငါ၏ လွန်ကဲစွာသော ပီတိအရှိန်ဖြင့်၊ ကာယိနြေ္ဒအလုံး နှံ့ရကား၊ ဘယ်နံအခါ၊ ငါ၏အသားကို၊ စားလို သသူ၊ ရှေ့ရှုရွယ်ရည်၊ လာလိမ့်မည်ဟု၊ ကြံစည် ငံမျှော်လျက်၊ နေတော်မူလေ၏။

ထိုအခါ၊ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ၊ ကြမ်းမာပူလောင်သဖြင့်၊ လူ့ဘောင်သို့ ကြည့်ရှုသည်တွင်၊ ယုန်သုခမိန်၏၊ မနိနြေ္ဒကို သိသည်ဖြစ်၍၊ ဤယုန်သူငယ်သည်၊ ကြံရွယ်သည့်အတိုင်း၊ မဆိုင်းမဆုတ်၊ အဟုတ်သဘော၊ ရက်ရောမည်၊ မရက်ရောမည်၊ အရည်ထောက်လှမ်း၊ စုံစမ်းလိုသောကြောင့်၊ သူအိုပုဏ္ဏား အယောင်ဖြင့်၊ တောချောင်သို့ လာ၍၊ သတ္တ၀ါလေးဦးတို့ အထံသို့ ရောက်သတည်း။ ။ ရှေးဦးစွာ၊ ဖျံသူတော်ကောင်း၊ ပျော်စံအောင်းသော အရပ်သို့၊ ချဉ်းကပ်ပြီးလျှင်၊ အို အချင်းဖျံ၊ အလှူခံဆရာ၊ ပုဏ္ဏား ငါသည်၊ တနပ်စာ ဆွမ်း၊ ထမင်းကြမ်းကိုမျှ၊ တောင်းရမ်း၍ မရပါ၊ ၀မ်းစာ လောက်င၊ စားရပါလျှင်၊ အဋ္ဌင်္ဂ ဥပုသ်ကို၊ အားထုတ် ဆောက်တည်လိုပါသည်၊ သင်ဖျံမင်း၌၊ ကျန်ကြွင်းသော အစာ၊ ရှိသေးပါမူ၊ မင်းဆရာ ဗြာဟ္မဏအား၊ ပေးငှ လှူဒါန်းပါလော့ ဟူ၍ ဆို၏။ သူတော်ကောင်းဖျံသည်၊ အလှူခံ ပုဏ္ဏားနှင့်၊ စကားပြောဆို၊ လှူဒါန်းလို၍၊ -

သတ္တ မေ ရောဟိတာ မစ ၦာ၊
ဥဒကာ ထလ မုဗ ၻတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
ဧတံ ဘုတွာ ၀နေ ၀သ။ -

ဟူသော ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကား။ ။ ဗြာဟ္မဏ၊ ခေတ္တ, ဗိသျှ, သုဒြာ၊ ၀ံသာလေးရိုး၊ ပုဏ္ဏားမျိုးတွင်၊ ဗိသျှဏိုးနွယ်၊ ကိုးသွယ်ရစ်ဆင်၊ စလွယ်တင်လျက်၊ ဗေဒင်ယတြာ၊ မုခါရုဠှီ၊ ဂြဟီပါပ၊ မည်ထိုက်လှသော၊ ဗြာဟ္မဏ အ၀င်၊ သန့်စင် သိက္ခာ၊ မင်းဆရာ။ ကျွန်ုပ်လက်တွင်း၌၊ ငါးကြင်း ခုနစ်စီး၊ အပြီးယခု ရှိပါသည်၊ ထောပတ်မတူ၊ ၀က်ဆူမမီ၊ အဆီနှင့် ၀င်းဝင်း၊ ဤ ငါးကြင်းကို၊ မင်းဆရာအကြိုက်၊ မြှိုက်လိုမြှိုက်၊ ကင်လိုကင်၊ စားချင်သမျှ စားတော်ခေါ်၊ ဆရာကတော်ဖို့၊ အချို့ယူလိုယူ၊ လှူပါ၏ ပေးပါ၏၊ ၀မ်းရေးတော်ပြည့်စုံမှ၊ ဤတောချုံ အရိပ်မှာ၊ စက်အိပ်နေနား၊ စင်္ကြံသွား၍၊ ရှစ်ပါးသော ဥပုသ်ကို၊ အားထုတ်တော်မူပါဟူ၍၊ ဂါထာအဓိပ္ပါယ် ရသတည်း။ … ။

ဤသို့ ဖျံကဆိုလျှင်၊ ထိုပုဏ္ဏားလည်း၊ သာဓု သာဓု၊ သပ္ပုရိသ၊ ကောင်းလှပေပြီ၊ သြော် စောလည်း စောသေး၏၊ လိုအပ်သောအခါ၊ ငါယူလာမည်ဟု ဆို၍၊ ထိုအရပ်မှ မနီးမဝေး၊ မြေခွေးသူတော့်ထံ၊ ရပ်ခံ တောင်းရမ်းပြန်သော်၊ ခွေးသူတော်ကြီး၊ နှုတ်သီးရွရွ၊ အာစရွှင်ရွှင်၊ လှူချင်သော စေတနာနှင့်၊ ချေငံစွာ ပြောဆိုလို၍၊ -

ဒုဿမေ ခေတ္တ ပါလဿ၊
ရတ္တိံ ဘတ္တံ အပါဘတံ။
မံသ သူလာစ ဒွေ ဂေါဓံ၊
ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊
ဧတံ ဘုတွာ ၀နေ ၀သ။ -

ဟူသော ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကား။ ဆရာပဏ္ဍိတ်၊ ပုရောဟိတ်၊ အကျွန်ုပ်၌၊ လယ်လုပ် ယောက်ျား၊ မေ့ရစ်၍ ထားခဲ့သော၊ အမဲသားကျပ်တင်၊ ဖွတ်ကင်နှင့် နို့ဓမ်းအိုး၊ ကောင်းနိုးသော အစာ၊ ပြည့်စုံပါ၍၊ မင်းဆရာ ပုဏ္ဏား၊ စားလိုစား၊ သုံးလိုသုံး၊ အားလုံး မကြွင်း၊ အပ်နှင်း ကြည်ဖြူ၊ လှူပါ၏ - ဆက်ပါ၏၊ နှစ်သက်စွာ ဘုဉ်းပေး၍၊ အေးငြိမ်းသော ဤဒေသ၌၊ သီလကို ဖြည့်စွမ်းလျက်၊ နတ်လမ်းထွင်တော်မူပါဟု ဆိုသတည်း။
***

ဒီနေရာမှာ ခဏရပ်နားလိုက်ပါတယ်။ ယုန်မင်းဝတ္ထုက သိပ်မရှည်တာကြောင့် ၂ ပိုင်းနဲ့ ပြီးနိုင်ပါတယ်။ ကျမလည်း ကိုယ့်ဘလော့မှာကိုယ် စာတင်ရင်ပဲ ဖြစ်ဖြစ် တခြားဘလော့တွေ့မှာ ကွန်မန့်ပေးရင်ပဲဖြစ်ဖြစ် အယ်ရာတွေချည်း ဖြစ်နေလို့ တကြိမ်ထဲနဲ့ ဘယ်တော့မှ မရပါဘူး။ ကွန်မန့်ဆို အနည်းဆုံး ၃ ကြိမ်လောက် ဇွဲနပဲနဲ့ တင်ရပါတယ်။ အခုတင်တဲ့ ပို့စ်လဲ တကြိမ်တော့ အယ်ရာတက်ပြီးပြီ။ အဆုံးမှာ နည်းနည်း လျှာရှည်ထားတာလေးတွေလဲ ပျောက်သွားလို့ ထပ်မရေးချင်တော့ပါဘူး။ အခုအကြိမ်မှာတော့ နမောတဿ သုံးကြိမ်ရွတ်ရင်း ပို့စ်တင်လိုက်ပါတယ်။ ဒါမှ မရရင်လဲ အိပ်တော့မယ်။ နက်ဖြန် အလုပ်သွားရအုံးမှာမို့။
***
မေဓာဝီ

၂၀၊ ၁၊ ၂၀၁၂
၂၂း၃၅ နာရီ

8 comments:

mstint said...

အလောင်းတော်ယုန်မင်းအကြောင်း စောစောလေးဖတ်
ရတာမင်္ဂလာပါပဲ မမေရေ။စိတ်ရှည်ရှည်နဲ့ တင်ပေးတဲ့အတွက် ကျေးဇူးနော်။
တီတင့်လည်းကွန်မန့်တွေပေးလိုက်ရင် ပျောက်ပျောက်
သွားတာမျိုးမကြာခနကြုံရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

မင်္ဂလာရှိတာလေး ဖတ်ရတဲ့ အတွက်
မင်္ဂလာပါ မမေဓါဝီ ရေ

ခင်မင်တဲ့
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ငယ်ငယ်တုန်းက ဒီလိုစာမျိုးဖတ်ရင် ဇာတ်လမ်းကိုတဆင့်ဘာသာပြန်နေရလို့ စိတ်မရှည်ဘူး။ ခုများတော့လည်း တစုစီ တဖွဲ့စီ အရသာခံ ဖတ်လို့ ကောင်းပါ့။ တော်လွန်းတဲ့ဦးပုည။ ဒါကြောင့်လည်း ခေတ်အဆက်ဆက် လူတွေမမေ့မလျော့ကြတာပေါ့။

စာတစ်လုံးစီကို သေသေချာချာ ဂရုတစိုက်နဲ့ ရိုက်ထားပေးတဲ့ မမေဓါဝီကိုလည်း ကျေးဇူးတင်ပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ရှားပါးစာပေလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးပါမမ ..:):)

မေဓာဝီ said...

maung shar ဆိုသူ ပို့လာတဲ့ အီးမေးလ်လေးပါ။
=========================
Dear Blogger,

I don't know who u are and u neither to me. When I read about your Rabbit story of Buddha, I just remember about the story of tiger that I listened from the Dhamma. I just tried to post a comment , but i can't find how to post, so I emailed to u.

When I heard about your story, I just want to tell u back about the story I listened, may be u probably know about it, but I may not know, so I shared it.

the story is,

Once , very long past life of Buddha, He was a Man. And He do living by entering into the forest and finding out foods and woods with his follower. One day, He found the female mom tiger with her two small tigers had been trapped in a big digged hole that the hunters did in the forest. It seems a little bit longer that the Tigers were trapped and the mom tiger can't even breast feeding to the two small tigers because of her weakness of strength. He, who become Buddha ,knows that they are gonna die if they don't get any meal. So He asked his follower to find some meal around near by. So the follower go out and find some meal, he know that it's impossible to get some meal, but he know that he have to do it for what he has been asked by his master. In the forest in some place, he saw some angels praying to a collected human bones and he asked to the angels what had been happened, so the angels explained and he know that the owner of that human bones were his master's. He the Buddha, once a past life, He went into a digged hole that the 3 tigers were trapped and He let them eat him alive. WOW! I can't even imagine. I can't even dare to think about it. He the Buddha, settled his life to the animal if needed. It's the nicest settlement that I ever heard after I heard the story of WAY THAN THA YAR.

Its so good that I can't live not to share the blogger like u. I will be your new audience since I found your blog. Thanks for accepting my email.Bye!

Nyi Linn Thit said...

ဒီယုန်မင်းဝတ္တုတော့ ကောင်ကောင်းမသိဘူး မမေရ..၊ စာတစ်လုံးချင်းကို အသံထွက်ပြီး ဖတ်ကြည့်တယ်၊ ရွတ်ရ၊ ဆိုရတာ အရသာ ရှိလိုက်တာ..၊ ဦးပုညရဲ့ အရည်အသွေးကတော့ ချီးကျူးလို့ မကုန်နိုင်အောင်ပါပဲ၊ ဒုတိယပိုင်းကိုလည်း စောင့်နေမယ်နော်....။

Lin said...

ဒီပုံပြင်ကိုငယ်ငယ်ကအမေပြောပြဘူးတယ်........

Lin said...

ဒုတိယပိုင်းကဘယ်တော့လာမှာလဲ.........