Wednesday, January 11, 2012

ကြေကွဲ မှတ်တမ်း


ဆူးမဲ့တဲ့ပန်းပေမို့ ...
မခူးနဲ့စမ်းလေလို့ ဆိုပါလျက်
သူ ... လက်ကမ်းလာခဲ့တယ်။

အငြင်းခက်လို့လား
မငြင်းရက်လို့လား
အတားအဆီးများကြားက
တအားနီးသွားခဲ့ပြန်တယ်။

မချစ်သင့်လေသလား
အပြစ်သင့်လေမလား
အထပ်ထပ် စဉ်းစားခဲ့ပေမဲ့
နှလုံးသားကို အလိုလိုက်
ကိုယ် ... မိုက်ခဲ့မိလေတယ်။

ငြိတွယ်တဲ့ သံယောဇဉ်
ဖြူစင်တဲ့ မေတ္တာတရား
တန်ဖိုးထားရင်း ဆုပန်
သံသရာမှာ … အဖန်ဖန် အခါခါ
ပြန်သာဆုံရပါစေသား ...
ပြည့်လို ပြည့်ငြားနဲ့ ... ။

ဒါပေမဲ့ ... တနေ့
အဲဒီတနေ့မှာ
နွေလေလဲ မသရမ်း
လေပြေလဲ မဖြန်းဘဲ
ဝေနေတဲ့ ပန်းလေးကို
ခပ်ကြမ်းကြမ်း လှုပ်ခြွေချ
မြေခ ... ကြွေကျလို့
ကြေမွခဲ့ရပါလေရော ... ။

သူပါပဲ ...
ပန်းကို လှမ်းခဲ့တယ် ...
ပန်းကို ကမ်းခဲ့တယ် ...
ပန်းကို နမ်းခဲ့တယ် ...
နောက်ဆုံးတော့ ...
သူ့ကြောင့်ပဲ
ပန်းကလေးဟာ
နွမ်းသွားခဲ့လေတယ်။

နာကြင်နေတဲ့ အသည်း
စိုရွှဲနေတဲ့ မျက်ရည်
ဒဏ်ရာများရဲ့ သက်သေအဖြစ်
မှတ်တမ်းတင် ကမ္ဗည်းထိုး
အညှိုးတွေနဲ့ နာကြည်း
အပူမီးတွေ တညီးညီးနဲ့ … ။

သြော် ...
ဇာတ်လမ်းလဲ ပြတ်မှတော့
မှတ်တမ်းလဲ ရပ်ခဲ့ရပြီပေါ့ ...
ဖတ်မရတော့တဲ့ အလွမ်းမှတ်တမ်း
ဒီမှာပဲ တခန်းရပ်
အဆုံးသတ်လိုက်ပါတော့တယ် ... ။

မေဓာဝီ
၅၊ ၅၊ ၂၀၁၁
၂၀း၁၈ နာရီ

မနှစ်က ဘလော့တခုရဲ့ ကွန်မန့်မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ မုဒ်ပျောက်နေလို့ စာအသစ် မရေးနိုင်တုန်း ဒီကဗျာလေးပဲ တင်လိုက်ပါတယ်။

14 comments:

Nyi Linn Thit said...

ခေါင်းစဉ်ကို တွေ့တော့ ဘယ်သူ့နာရေး သတင်းများလဲ လို့ တထိတ်ထိတ်နဲ့ လာဖတ်ရတာ မမေရ..၊ အခုတလော လူက ခပ်လန့်လန့်ရယ်...၊း)

ဒီလိုနဲ့ ကြွေခဲ့ ရတဲ့ ပန်းကလေးတွေလည်း များခဲ့ပြီနော်...၊ တိုက်တိုက်ဆိုင်ဆိုင် အခုဖတ်နေတဲ့ ဆရာမဂျူး စာအုပ်ထဲမှာ ပုဒ်မ ၄၁၇ နဲ့ အကြုံးဝင်တဲ့ အမှုတွေ များလှတဲ့ အကြောင်း ရေးထားသေးတယ်၊ စကားမစပ် မုဒ်ဆိုတာမျိုးကလည်း အထားမှားပြီး ပျောက်တဲ့အရာ မဟုတ်လို့ ဘယ်တော့၊ ဘယ်နေရာမှာ ပြန်တွေ့မလဲလို့ ပြောရခက်သားဗျ...နော။း)

မေဓာဝီ said...

ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ခေါင်းစဉ်ကြောင့် လန့်သွားတာ ဆောရီးပါ ကိုညီလင်းရေ။
ပုဒ်မ ၄၁၇ က ဘာပါလိမ့်လို့ ရှာကြည့်တော့ ... အတော်နောက်တဲ့ ကိုညီလင်းပဲ။ :))
တင်စရာမရှိလို့ ရှာကြံ တင်လိုက်တာပါရှင် အများကြီး မတွေးနဲ့နော်။

လောလောဆယ် မုဒ်ကတော့ တကယ်ပျောက်နေတာ အမှန်ပဲ။ ကျောင်းပိတ်ထားတုန်းလေး စာရေးချင်ပါတယ်ဆိုမှလေ။ ကျောင်းဖွင့်မှ ပြန်တွေ့ရင် ဒုက္ခ :)

Harry said...

အသစ်ရေး ... ဘာလို့ အဟောင်းတွေ လျှောက်တင်နေရတာလဲ ... အဲလို လူလည်လုပ်ရဝူးလေ ...ေိခိ

sosegado said...

အရမ်းထိတဲ့ ကဗျာလေးပါပဲ၊
မကြွေတဲ့ ပန်းဆိုတာ ရှိတယ်တဲ့

တောက်ပကြယ်စင် said...

အဟောင်းဆိုပေမယ့် မဖတ်ကသေးဘူး။ ခုမှပဲ ဖတ်လိုက်ရတယ်။

မဒမ်ကိုး said...

ဆားချက်တယ်ဆိုပေမယ့် အဟောင်းလေးကလဲကောင်းနေတာပါဘဲမမရေး)

ချစ်တဲ့

မဒိုးကန်

ညိမ်းနိုင် said...

ဖတ်ဖူးသေးဘူး...၊သိပ်လှတဲ့ကဗျာလေးပဲဗျ.....။

zp said...

အငြင်းခက်လို့လား
မငြင်းရက်လို့လား
အတားအဆီးများကြားက
တအားနီးသွားခဲ့ပြန်တယ်။

ဒီစာသားလေး သိပ်ကြိုက်တယ်။ကျေးဇူး

ဟန်ကြည် said...

မေဓာဝီ ခင်နှမ
အကြင်ရခက်တယ်
ခင်နှမ မျက်နှာငယ်အောင်
အကွက်လည် သူစိမ်း။

ဒီဇင်ဘာ
ရင်ခွင်မှာ ပူလောင်ဝှေ့ပြန်တော့
မကြင်နာ သူရှောင်မေ့သူကို
ငြင်ညိုကာ မုန်းရန်ခက်ပါလို့
တစ်သက်စာ ကဗျာရေးပေမယ့်
ကွာဝေးသူ ငယ်ချစ်ဦးအတွက်
လမ်းခက်မဲ့ကိန်း။


ကဗျာဟောင်းကို ပြန်တင်တယ်ဆိုတော့ အနာဟောင်းလေးများ ပြန်ထလာတယ်ထင်ပါ့ ;P

မအိမ်သူ said...

ကဗျာလေးက ချစ်စရာလေး မမေ... အဟောင်းပေမယ့် ဖတ်လို့ကောင်းဖို့ အဓိကမဟုတ်လား။

lwannaung said...

အဟောင်းလည်းကောင်းတာပါပဲ အစ်မရေ
လာလာချောင်းပေမယ့် ကဗျာတွေမတင်တာကြာ၇င်
အလာကျဲတတ်လို့ နောက်ကျသွားတယ်ဗျာ

lwannaung said...

အဟောင်းဆိုပေမယ့် ကဗျာကောင်းလေးပါပဲအစ်မရေ

အိမ့်ချမ်းမြေ့ said...

ဒီကဗျာလေး မလေး အလွန်နှစ်သက်တယ်..

နွေတေးရှင် (မင်းဧရာ) said...

အစ်မရေ...
ဒီနေ့တော့ ကျွန်တော် တော်တော်လေးကို ပျော်နေမိတယ်ဗျ
တကယ့်ကဗျာ ကောင်းလေးတွေဘဲနော်။

ကဗျာ လေးဖတ်ပြီးကျေနပ်နေ သလို
ဦးဟန်ကြည့် ကွန်မန့်ကြောင့်လည်း ပြုံးရပြန်တယ်ဗျာ။