Friday, January 13, 2012

ဆယ့်သုံး သောကြာ မင်္ဂလာ ...

ဆယ့်သုံး သောကြာ
အစဉ်အလာ အသိ
မင်္ဂလာ မရှိ … လို့ ကြားဖူးတယ်။

ပူပန် ဒုက္ခ
ဗျာပါဒနဲ့
သောက စုရုံး
သောကြာ ဆယ့်သုံး … တဲ့။

ကြုံတောင့်ကြုံခဲ
ဒီနှစ်ထဲမှာ
ဇန်န၀ါရီ
ဧပြီ, ဇူလိုင်
သုံးလတိုင်လုံး
ဆယ်သုံး သောကြာ
ဆုံရမှာ … တဲ့။

ညအိပ်ရာဝင်
မြတ်ရှင် ဗုဒ္ဓ
ရှိဦးချရင်း
တိုးညင်းဆုတောင်း
လွတ်မြောက်ကြောင်း … ပေါ့။

နံနက်နိုးထ
နမောတဿနဲ့
သောကကင်းရေး
ဟိုဒီတွေးရင်း
သတင်းတွေဖတ်
လွတ်လပ်ခြင်းများ
ဝမ်းမြောက်ခြင်းများ
ပျော်ရွှင်မှုများ
ပီတိ အပြုံး
လူတိုင်းဖုံးလို့
ကဲ … ဘယ်လိုလဲ
သောကြာ ဆယ်သုံး … ။

… … … …
… … … …
… … … …

ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့ပေါ့။ … ။
***
မေဓာဝီ
၁၃၊ ဇန်န၀ါရီ၊ ၂၀၁၂
သောကြာနေ့
၀၉း၃၈ နာရီ

14 comments:

ရန်ကုန်သား said...

" ဆယ့်သုံးသောကြာ အစဉ်လာပျက်ယွင်း မင်္ဂလာ နံနက် ခင်း " ဟုတ်ပါ့ အစ်မရာ တကယ်ကို မင်္ဂလာ နံနက်ခင်းပါပဲ။ နေကောင်းတယ် နော် အစ်မ မတွေ့  ကြာပြီ :D

ညီလင်းသစ် said...

အမှန်ပါပဲ မမေရေ...၊ တကယ့်ကို မင်္ဂလာရှိတဲ့ နေ့လေး တစ်နေ့ပါပဲ..၊

လွန်ခဲ့တဲ့ ဆယ်ရက်လောက်က မမေရေးခဲ့တဲ့ ကဗျာလေး အစား အခုဒီလို ကဗျာမျိုးတွေကိုပဲ ကျနော် တို့ဖတ်ချင်၊ ကြားချင်၊ ရေးချင်ကြတာပါ၊ ဆယ့်သုံး သောကြာဟာ ပျော်ရွှင်ကြည်နူးခြင်း မြစ်ထဲမှာ အစုန်အဆန်ကို ကူးနေခဲ့ပြီ...။း)

mstint said...

ကဗျာကောင်းလေးတစ်ပုဒ် ယူသွားတယ် မေဓာဝီရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမမေရေ စိတ်ထဲ အဲလိုတော့တထင့်ထင့်နဲ့ရယ်
၁၃ သောကြာဆိုတဲ့တိုက်တိုက်ဆိုင်ဆိုင်မှာ ဘယ်သူကံမကောင်းဘူးလို့ပြောချင်သေးလဲ နော်

ချစ်တဲ့

မဒိုးကန်

မောင်သီဟ said...

စောစောစီးစီး မနက်ကြီးကြားလိုက်ရတဲ့ သတင်းကြောင့် ကျေနပ်အားရမိတယ်ဗျား

SHWE ZIN U said...

အားလုံးပျော်ကြတယ် မမေဓါဝီ ရေ တကယ့်နေ့ ပါဘဲ

မြစ်ကျိုးအင်း said...

ပြဿဒါးဖြစ်ဖြစ် ရက်ရာဇာဖြစ်ဖြစ် ကောင်းတာလုပ်ရင်
ကောင်းတဲ့ရလဒ် ရလာတာထွက်ပေါ်လာတာပါပဲ။ ဒီနေ့က အကောင်းဆုံးသက်သေပဲမဟုတ်လား။
နောက်ထပ် အခုလို ဝမ်းသာပျော်ရွှင်ရမယ့်နေ့တွေလည်း ထပ်ကြုံအုံးမယ်လို့ မျှော်လင့်မိနေပြန်တယ်။

ဘုန်းဘုန်းတောက် said...

နောက်ထပ် နောက်ထပ် ပျော်ရွှင်မှုတွေ လာရောက်စေသတည်း...(အားလုံးအတွက်...)

မအိမ်သူ said...

မမေရေ ကိုမြစ်ကျိုးအင်းပြောတဲ့အတိုင်းပါပဲ။ ကံကောင်းတယ် ကံဆိုးတယ်ဆိုတဲ့ အယူအဆထက် ကိုယ်အကောင်းဆုံးလုပ်နိုင်ဖို့က အဓိကလို့ထင်ပါတယ်။

rose said...

သြော်... မမေ ဘလော့ဂ်လေး ပြန်ရေးနေပြီလား။ လကျော် ကြာကြာ ပျောက်သွားတော့ ပြန်မရောက်ဖြစ်တာ။ ဟုတ်ပါ့ မမရယ်...။ သတင်းတွေဖတ်၊ ဓာတ်ပုံတွေ ကြည့်ပြီး သူတို့ ကိုယ်စား ပျော်လိုက်တာ။ ကောင်းသော ပြောင်းလဲခြင်းတွေဆီ ဦးတည်သွားပါစေလို့ ဆုတောင်းနေမိတယ်။ ကဗျာလေးလည်း ခံစားသွားတယ်နော်။

Harry said...

မကြိုက်ဘူးကွာ ... ဘာဖြစ်တုန်း ...
တခါတလေမကြိုက်တာ ...
မေနန္ဒာရေးတဲ့ ကဗျာလေးပဲကြိုက်တာ ... :P

မောင်မျိုး said...

အစ်မရေ မနေ့က တစ်နေ့လုံး လူက လေပေါ်မှာ ပျံဝဲနေသလိုပဲး)))))

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ..
ဒီထက်ပိုကောင်းလာမဲ့ မနက်ဖန်တွေကို မျှော်လင့်နိုင်ဖို့အတွက် ခြေလှမ်းအစဖြစ်တဲ့
သောကြာ ၁၃ရက်နေ့ဟာ မင်္ဂလာရှိသော၊ ကျက်သရေရှိသောနေ့ပါနော်။
ပျော်လိုက်တာမှ အရမ်းပါဘဲ
ပြောင်းလဲခြင်းတွေ မြင်ရဖို့အတွက် သက်သေတစ်ခု ဖြစ်လို့လေ..

San San Htun said...

မင်္ဂလာရှိသော နေ့ လေးပါ မမမေ