Friday, December 30, 2011

ဒီဇင်ဘာ ဒိုင်ယာရီ

မနက်ဖြန်ဆို ဒီဇင်ဘာက ကုန်ဆုံးတော့မယ်။
နှစ်တနှစ်ကို အနားသတ်ပေးတဲ့ ဒီဇင်ဘာလဟာ ကျမအတွက်တော့ ခံစားချက်မျိုးစုံ ရောပြွမ်းလို့ပါပဲ။ ဟုတ်တယ် ... ဒီနှစ် ဒီဇင်ဘာမှာ စိတ်ဖိစီး ညစ်နွမ်းမှုတွေ ... လွမ်းဆွတ်သတိရခြင်းတွေ ... ကြည်နူးပျော်ရွှင်မှုတွေနဲ့ တဒင်္ဂလွတ်လပ်ပေါ့ပါးခြင်းတွေ အားလုံး ကျမရင်ထဲမှာ ပေါင်းစုံနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အမှတ်တရအဖြစ် ကျန်ခဲ့မယ့် ဒီဇင်ဘာလကလေးမို့ ဘလော့မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ၂၀၁၁ရဲ့ ဒီဇင်ဘာဒိုင်ယာရီ ဆိုပါတော့ ... ။
***
၁ ဒီဇင်ဘာ

အေးစက်စက်မနက်ခင်းမှာ အထီးကျန်ခြင်းနဲ့ အိပ်ရာက နိုးထခဲ့တယ်။ တအိမ်လုံးမှာ တယောက်ထဲ ... ဦးရီးတော်က အလုပ် အားလပ်ရက် ခရီးသွားနေလို့ အိမ်မှာမရှိဘူး။ ထုံးစံအတိုင်း မနက်စာ ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းစားသောက်ပြီး ကျောင်းသွားရတယ်။ ချိုသလား ခါးသလား အရသာ မခံဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ...။


(၁) ကျောင်းသွားဖို့ ဘတ်စ်ကားစောင့်တဲ့နေရာလေး၊ (၂) နေ့လည်စာကလည်း ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီပါပဲ ...။
***
၃ ဒီဇင်ဘာ

ဦးရီးတော်ပြန်ရောက်မှာမို့ တမနက်ခင်းလုံး အိမ်ရှင်း ဟင်းချက်၊ စာမဖတ်ဖြစ်ဘူး၊ စာမေးပွဲက ဒီဇင်ဘာ ၈-ရက်။ စာတွေက ခေါင်းထဲမှာမရှိ ... ရာသီဥတုက အုံ့မှိုင်း လူက ထုံထိုင်း ... ။ ဦးရီးတော်ပါလာတဲ့ လက်ဆောင်တွေကိုလဲ ခါတိုင်းနှစ်တွေကလို ရင်မခုန်မိတော့ … ။
***
၅ - ၇ ဒီဇင်ဘာ

တစစ နီးကပ်လာတဲ့ စာမေးပွဲက လူကို သွေးပျက်စေတယ်။ စာဖတ်ရတာလဲ ငြီးငွေ့လှပြီ။ အဖေနဲ့ ဖုန်းပြောတိုင်း အားပေးစကား အမြဲပြောပေးနေလို့ အတော်အသင့် စိတ်သက်သာရာ ရခဲ့တယ်။

“စိတ်ဝယ်အတည်
ငါအောင်မည်ဟု
ယုံကြည် မနော ရှိပါစေ” ... တဲ့။

အဖေက သူရေးခဲ့ဖူးတဲ့ ကဗျာလေး ရွတ်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့က အဓိက ... ကျမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်နေတာ ကြာခဲ့ပြီ။


မျက်နှာကျက်က မီးရောင်မှိန်မှိန်လေးနဲ့ စာကြည့်ရလွန်းလို့မျက်လုံးပြူးပြီး လျှာထွက်နေပုံ :)
***
၈ ဒီဇင်ဘာ

စာမေးပွဲ စဖြေရတယ်။ စာဖြေခန်းမထဲ မ၀င်ခင် အပြင်မှာထိုင်ရင်း အငြိမ်မနေနိုင်တဲ့လက်က ဖုန်းလေးနဲ့ ဓာတ်ပုံတွေရိုက်ခဲ့သေးတယ်။ ဖြေနိုင်လား ... မဖြေနိုင်ဘူးလား၊ ကျေးဇူးပြုပြီး မမေးကြပါနဲ့။ ကိုယ်တိုင်လဲ ဇဝေဇ၀ါနဲ့ ဘာမှန်းမသိတဲ့ စာမေးပွဲတခုပါပဲ။ ဒီလိုနဲ့ .... …. ….


***
၁၄ ဒီဇင်ဘာ

စာမေးပွဲ နောက်ဆုံးနေ့။ ခါတိုင်းနှစ်တွေလို စာမေးပွဲပြီးတာနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုမျိုး မခံစားရဘူး။ စိတ်ထဲမှာ တမျိုးကြီးပဲ၊ စိတ်တွေ လေးနေတာလား ... လေနေတာလား ... မခွဲခြားတတ်ခဲ့ … ။ တရက်ကို ၃နာရီ ၁၅ မိနစ်နဲ့ ၃ရက်တိတိ စိတ်ပင်ပန်းခံခဲ့ရတဲ့ ဒီခန်းမကြီးကို ကျောမခိုင်းခင် အမှတ်တရ ပုံရိုက်ခဲ့တယ်။ လူတွေက ခန်းမကြီးကို စွန့်ခွါသွားကြချိန်မှာ သက်မဲ့ထိုင်ခုံလေးတွေသာ ငြိမ်သက်စွာ ကျန်ရစ်ရင်း ... ။


***
၁၅ ဒီဇင်ဘာ

ဒီဇင်ဘာအလွမ်း ဆိုတဲ့သီချင်းလေးကို ထပ်တလဲလဲ နားထောင်ရင်း လွမ်းနာကျနေခဲ့တယ်။ မိဘတွေနဲ့ တနိုင်ငံထဲမှာနေနေရပေမဲ့ တမြို့စီဝေးနေလို့။ “အမေတို့ရှိရင် သမီးစာကောင်းကောင်း ကြည့်လို့ဖြစ်မှာ မဟုတ်ဘူး” ဆိုပြီး ဦးရီးတော်အိမ်နဲ့ မိုင်တရာကျော်ဝေးတဲ့ ကျမအမအိမ်မှာ နေနေကြတယ်။ ၁၁ နှစ်ကျော် ကွဲကွာနေတဲ့ မောင်လေးကလဲ ဒီဇင်ဘာ ၁၃ ရက်နေ့က ရောက်လာပေမဲ့ ကျမနဲ့မတွေ့ရသေးဘူး။ စာမေးပွဲပြီးပြီးချင်း မိဘ မောင်နှမတွေ ရှိရာကို အပြေးသွားလိုက်ချင်တယ်။ သို့သော်လဲ ကံကြမ္မာက ကိုယ့်ဘက်မှာ မရှိပြန်ဘူး။
***
၁၆ ဒီဇင်ဘာ

တနေ့လုံး မီးဖိုထဲမှာ ချက်ပြုတ်ရင်း အချိန်ကုန်ခဲ့တယ်၊ ကိုယ်တိုင်ပါဝင်ခွင့်မရှိတဲ့ မိသားစုစုံညီ ဆွမ်းကျွေးပွဲအတွက် ဟင်းအမယ် အမျိုးမျိုးကို တယောက်ထဲ တိတ်တဆိတ်ချက်ရင်း ကျမ ကြေကွဲနေမိတယ်။ နက်ဖြန်ဆိုရင် ကျမအမအိမ်မှာ ဆွမ်းကျွေးလုပ်ကြမယ်။ ကျမကတော့ အလုပ်သွားရမယ်။ စာမေးပွဲကာလမှာ အလုပ်ကခွင့်ယူထားတာ ကြာပြီမို့ သူတို့ပြောတဲ့နေ့မှာ ပြန်ဆင်းပေးရမယ်၊ ကျမ ငြင်းလဲမငြင်းချင်၊ ငြင်းလဲမငြင်းသင့်ဘူး မဟုတ်လား။


ဆွမ်းကျွေးအတွက် တတပ်တအား ကုသိုလ်ပါဝင်ချင်လို့ တယောက်ထဲ ချက်ပြုတ်ထားတဲ့ ဟင်းလျာများ (ဦးရီးတော်နဲ့ လူကြုံထည့်ပေးလိုက်တာပါ)
***
၁၇ ဒီဇင်ဘာ

မနက်စောစော အလုပ်သွားချိန် အမှောင်ထုက ကြီးစိုးတုန်း။ အပူချိန်က သုညဒီဂရီအောက်၊ ကားမှတ်တိုင်မှာ စောင့်နေရင်း စိတ်က ဆွမ်းကျွေးပွဲဆီပဲ ရောက်နေတယ်။ ကံမကောင်းချင်တော့ ခါတိုင်း မနက် ၀၆း၁၈ မိနစ်လာတဲ့ ဘတ်စ်ကားက ၇ နာရီကျော်မှ ရောက်လာတယ်။ ဘူတာရုံကိုရောက်တော့ ရထားတွေကလဲ cancel ဖြစ်လိုဖြစ် delay ဖြစ်လိုဖြစ်။ ထုံကျင်အောင် အေးစက်နေတဲ့ ဆောင်းနံနက်ခင်းမှာ အရာရာဟာ နောက်ကျပြီးရင်း နောက်ကျလို့ … ။


(၁) စောင့်နေကျ ကားမှတ်တိုင်အိုလေး ... (၂) အလုပ်ကရခဲ့တဲ့ ခရစ်စမတ်လက်ဆောင် (မှတ်ချက် ခုထိ မသောက်ရသေးပါ) ;)

အဲဒီနေ့ရဲ့ ညနေခင်းကတော့ ကျမအတွက် ကြည်နူးစရာဖြစ်ခဲ့တယ်။ ကျမမောင်လေးနဲ့ မောင်လေးမိန်းမက ဆွမ်းကျွေးပွဲအပြီးမှာ ကျမဆီလာခဲ့ကြတယ်။ အလုပ်ကနေ အိမ်ကို တန်းမပြန်ဘဲ သူတို့ကို ဘူတာမှာ စောင့်ကြိုရင်း ကျမ ပင်ပန်းရမှန်းမသိ၊ ဘူတာရုံက ကော်ဖီဆိုင်လေးမှာ ထိုင်ရင်း စိတ်လှုပ်ရှားစွာ နာရီတကြည့်ကြည့်နဲ့ ၀င်လာမယ့် ရထားကြီးကို တနာရီနီးပါးလောက် စောင့်နေခဲ့တယ်။ ၁၁ နှစ်ကျော်ခွဲခဲ့ရတဲ့ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ညနေ … ။
***
၁၈ ဒီဇင်ဘာ

ဦးရီးတော်လိုက်ပို့ပေးလို့ အနီးတ၀ိုက် countryside တွေ လျှောက်လည်ကြတယ်။ အဲဒီနေ့က အရမ်းအေးလို့ လမ်းတွေက ရေခဲပြီး ချောနေတယ်၊ ဘယ်နှစ်ခါသွားသွား မရိုးနိုင်တဲ့ iron bridge က ခါတိုင်းလို လူများမနေဘူး။ ကျမတို့ ရှေ့မှာပဲ လူကြီးတယောက် ချော်လဲပြီး ခေါင်းပေါက်သွားတာ ambulance ခေါ်လိုက်ရတယ်။ သွေးတွေမနည်းဘူးပဲ။ အဲဒါမြင်လို့ ကြောက်ပြီး ကျမတို့တွေ လမ်းမလျှောက်ရဲကြတော့ဘူး။


(၁)သံတံတားပေါ်မှာ ... (၂) တောနှင့်တောင်ခွင် လွမ်းဖွယ်မြင်သည် ...

အဲဒီညမှာ ရထားကြီးစီးလို့ အမေတို့ရှိရာ အမလတ်အိမ်ကို မောင်နှမတွေ တူတူသွားကြတယ်။ ဟိုရောက်တော့ ည ၁၀ နာရီခွဲကျော်ပြီ။ အဖေက ရေနွေးကြမ်းတအိုးကို ကျကျလေးနှပ်ပြီး ကျမတို့အလာကို စောင့်နေတယ်။ မိသားစုတွေ ပြန်ဆုံကြပြီပေါ့။ စကားတွေ ပြောမကုန်တဲ့ ညခင်းကလေး။
***
၁၉ ဒီဇင်ဘာ

ရထား ၃ ဆင့်စီးပြီးမှ ရောက်တဲ့ ၀င်ဆာရဲတိုက်ကို သွားကြည့်ကြတယ်။ ၀င်ကြေးက တယောက်ကို ၁၆ ပေါင်ခွဲ၊ ကျမက ကျောင်းသားမို့ ၁၅ ပေါင်နဲ့ လျှော့ဈေးရတယ်။ အ၀င်မှာ နားကြပ်နဲ့ အသံသွင်းထားတဲ့ စက်ကလေး တခုစီိယူခဲ့ကြတယ်။ နေရာတနေရာရောက်တဲ့အခါ အဲဒီနေရာက နံပါတ်အတိုင်း အသံသွင်းစက်က ခလုတ်လေးတွေကို နှိပ်ရင် သူနဲ့ဆိုင်တဲ့ သမိုင်းကြောင်းကို ရှင်းပြတယ်။ တခါတုန်းက သွားခဲ့တဲ့ Warwick ရဲတိုက်လောက် မကျယ်ဘူး။ ဒါပေမဲ့ လက်ရှိအသုံးပြုနေဆဲမို့ ခမ်းနားမှုက ပိုသာတယ်။ အထဲမှာ ဓာတ်ပုံရိုက်လို့မရတာတော့ အဆိုးသား။


(၁) ရဲတိုက်ဝင်ပေါက် ... (၂) ဗြိတိသျှအလံ တလူလူလွင့်နေတဲ့ ရဲတိုက်ကြီး



ကြီးကျယ်ခြင်း ခမ်းနားခြင်းတွေအပြည့်နဲ့ ... ရာဇ၀င်တွင်ကျန်မယ့် သူရဲကောင်းတို့ ၀ိညာဉ်တွေ ၀န်းကျင်တခုလုံး လွှမ်းခြုံထားသယောင် ...။ အင်း ... သူရဲကောင်းဆိုတာကလဲ တခြားဘက်ကကြည့်တော့ ဗီလိန်ဖြစ်နေနိုင်တာ ... ။ ကြည့်လေ ... အဲဒီမှာ ...


မန္တလေးက မ-သွားတဲ့ အမြောက်ကြီးနဲ့ ခေါင်းလောင်းကြီး ... စိတ်နာနာနဲ့ ဓာတ်ပုံတွေ ဖိရိုက်ခဲ့တယ်။
***
၂၂ ဒီဇင်ဘာ

ယောင်းမလေးက ကြည့်ချင်တယ်ဆိုလို့ ညဘက် သီရေတာသွားပြီး Peter Pan သွားကြည့်ကြတယ်။ မြို့သေးသေးလေးကမို့ သီရေတာကလဲ သေးသေးလေး၊ ဈေးလဲ သိပ်မကြီးဘူး၊ အပေါ်တန်းကကြည့်ရင် တယောက်ကို ၁၉ ပေါင်၊ အောက်ဖက်ကကြည့်ရင်တော့ ၂၃ ပေါင်တဲ့။ လူတွေကို အပေါ်စီးက ကြည့်ချင်လို့ (တကယ်က ဈေးသက်သာအောင်လို့ပါ) အပေါ်တန်းကပဲ လက်မှတ်ဝယ်လိုက်တယ်။ Pantomime လို့ခေါ်တဲ့ ပျော်စရာ ရယ်စရာ ပြဇာတ်မျိုးလေးမို့ ကလေးတွေပျော်ကြတယ်၊ လူကြီးတွေလဲ ပျော်ကြတာပါပဲ။


ပြဇာတ်ပြနေချိန်မှာ ဓာတ်ပုံ ဗီဒီယို ရိုက်လို့မရဘူး၊ ဒါကြောင့် မစခင်နဲ့ ခဏနားချိန်မှာ ရိုက်ထားတဲ့ ပုံတွေပါ။
***
၂၄ ဒီဇင်ဘာ

အလုပ်သွားရမှာမို့ မနက် ၄ နာရီထရတယ်။ ကျမ အလုပ်နဲ့ အမအိမ်ရှိတဲ့မြို့က ၂ နာရီကြာအောင် ရထားစီးရတယ်။ အသွားအပြန်လက်မှတ်ဝယ်ရတာ ပေါင် ၅၀၊ အလုပ်က ၅ နာရီပဲ လုပ်ရမှာ။ တကယ်က ရမှာနဲ့ ကုန်တာနဲ့ မကိုက်ပါဘူး။ ဒါပေမဲ့ အလုပ်မဖျက်ချင်လို့ ကိုယ်ပဲ အနစ်နာခံပြီး သွားလိုက်တယ်။ ဘူတာကို အဖေနဲ့ မောင်လေး လိုက်ပို့တယ်။ မနက် ၅း၄၁ ရထားနဲ့။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီခွဲ။ ပျော်နေတာနဲ့ပဲ ပင်ပန်းရမှန်းမသိ။



ပျော်စရာအကောင်းဆုံး ခရစ်စမတ်အကြိုညကလေးပါ။ လက်ဆောင်ပစ္စည်းတွေ ဖောက်ကြ၊ ကိုယ်ရတဲ့ လက်ဆောင်လေးတွေနဲ့ ဓာတ်ပုံတွေရိုက်ကြ၊ တချို့ပစ္စည်းတွေက ရယ်စရာမို့ တ၀ါးဝါး တဟားဟားနဲ့ ရယ်သံတွေ ဝေစည်နေခဲ့တဲ့ ညချမ်းလေးပေါ့။ အင်း ... နက်ဖြန်ဆို .... ။
***
၂၅ ဒီဇင်ဘာ

ဆုံတွေ့ချိန်က တိုတောင်းလွန်းလှတယ်။ ပျော်လို့မှမဆုံးခင် ခွဲခွါခြင်းက အနားရောက်လာပါပြီ။ ၉ နာရီကြာ လေယာဉ်စီးရမယ့် ခရီးအတွက် အမေက စိတ်လှုပ်ရှားပြီး နေမကောင်းသလို ဖြစ်တော့ စိတ်ပူရပြန်တယ်။ လေယာဉ်ကွင်းကို လိုက်ပို့ကြပြီး မျက်ရည်တွေနဲ့ လှမ်းကြည့်နေတဲ့ အမေ့ကို နှုတ်ဆက် အနမ်းလေးပေးခဲ့တယ်။ မကြာခင် ပြန်ဆုံရအုံးမှာပါ အမေ .... ။


နှုတ်ဆက်ချိန်လေး ...
***
၂၆ ဒီဇင်ဘာ


အမေနဲ့ အဖေ လိုရာခရီးကို ချောချောမောမော ရောက်သွားကြပြီ။ မောင်လေးနေတဲ့မြို့မှာက ရာသီဥတု ကောင်းပြီး သာယာတာမို့ အမေတို့အတွက် နေရထိုင်ရ ပိုအဆင်ပြေတယ်။ အမေလဲ နေလို့ပိုကောင်းပြီး ပျော်နေပုံရတယ်။ skype ကနေ စကားပြောရင်း ပျော်နေကြတဲ့ မိဘနှစ်ပါးကို ပုံရိုက်ယူလိုက်တယ်။ အမြဲတမ်း ပျော်ရွှင်ကျန်းမာပါစေ ... အမေနဲ့ အဖေ ... ။
***
၂၇ ဒီဇင်ဘာ

ပုံမှန်အတိုင်း ပြန်လည်ပတ် လှုပ်ရှားဖို့ ဦးရီးတော်အိမ်ကို ပြန်ရောက်လာပါပြီ။ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို အိပ်မက်လိုပဲ ပြန်တမ်းတ နေမိတယ်။ အမြဲတသသနဲ့ ထင်ကျန်နေမယ့် အိပ်မက်လေးတွေ ... ...။ မိဘနှစ်ပါးနဲ့ အတူ မောင်နှမ အားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံချင်ပါသေးတယ်။ မဝေးတော့တဲ့ အနာဂတ် တခုမှာပေါ့ ... ။
***
၃၀ ဒီဇင်ဘာ

မနက်ဖြန်ဆို ဒီဇင်ဘာက ကုန်ဆုံးတော့မယ်။
ပြီးရင် ၂၀၁၂ ရဲ့ ဇန်န၀ါရီက တံခါးခေါက်လာတော့မယ်။
တနှစ်ကုန်ဆုံးလိုက် နှစ်သစ်ရောက်လာလိုက်နဲ့ ... အဟောင်းအသစ် ပြောင်းလဲ ဖြစ်စဉ်တွေ လက်ဆင့်ကမ်း သယ်ဆောင်ရင်း သံသရာက လည်ပတ်နေတယ်။ အကောင်းနဲ့ အဆိုး၊ အချစ်နဲ့ အမုန်း၊ အဖြစ်နဲ့ အပျက်၊ မနှစ်သက်တာတွေရှိပေမဲ့ နိယာမတခုလို လက်ခံရင်း နှလုံးသွင်းကောင်းဖို့ ကြိုးစားရပါဦးမယ်။
***
ကျမဘလော့ကို မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ရောက်လာသူများအားလုံး နေ့ရက်တိုင်းမှာ ငြိမ်းချမ်းသာယာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ...

မေတ္တာဖြင့် ...
မေဓာဝီ

၃၀၊ ဒီဇင်ဘာ၊ ၂၀၁၁
၁၁း၁၃ နာရီ

22 comments:

သတိုး said...

ပျော်ရွှင်ဖွယ် နှစ်သစ်များစွာကို အဖေ၊ အမေ၊ မောင်လေးတို့နှင့်အတူ ဖြတ်သန်းနိုင်ပါစေ ခင်ဗျာ...။
ခင်မင်စွာ...
သတိုး

Anonymous said...

ကြည်နူးစရာလေးအစ်မရယ်း))
နှစ်သစ်မှာလိုအင်ဆန္ဒအားလုံး
ပြည်စုံနိုင်ပါစေရှင်

ချစ်ခင်လျှက်
မိစံ

ညိမ်းနိုင် said...

2012 မှာ ချစ်သောမိသားစုတွေပြန်လည်ဆုံစည်းနိုင်ပါစေ
နော်...မမေ....။

အင်္ဂါမောင် said...

ဒီဇင်ဘာတွေ အားလုံးထဲမှာ မမေဒီဇင်ဘာကျမှ လွမ်းစရာကြီး။

ပြုံးပျော် ကျန်းမာချမ်းသာစွာ မိသားစု ပြန်လည်ဆုံဆည်းနိုင်ကြပါစေ။

khin oo may said...

တို့ကတော့စိတ်၇ှည်လက်ရှည်ရေးနိုင်တာဘဲချီးကျုးမိတယ်။ မလွယ်ဘူး။ ကျန်တာတွေ လဲခံစားဖတ်ပါတယ်နော်။

ဘ၀အလင်းရောင် said...

ဘ၀ရဲ့ နေ့သစ်တိုင်းရဲ့ ကာလတိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ.....တိုက်ဆိုင်လို့ထင်တယ် ရင်နင့်အောင် ခံစားသွားရသလိုပဲ...အမှန်တိုင်းပြောရရင် အွန်လိုင်းပေါ်က စာတွေမဖတ်ဖြစ်တာ တစ်လခွဲခန့်ရှိပြီဆိုပါတော့...ဒီဇင်ဘာ ၈ ရက် စာမေးပွဲရက် တူတာက စ,လို့ တိုက်ဆိုင်နေတယ်...ဘ၀မှာ စာမေးပွဲနဲ့ပက်သက်ပြီး ဒီဇင်ဘာ ၈ ရက်စာမေးပွဲက ဘ၀တစ်ခုလုံးစာအတွက် ရင်ခုန်မိသလို ရင်လဲတုန်မိတာအမှန်ပဲ.....ဘယ်လိုပဲဖြစ်ဖြစ်
အစ်မမေဓာဝီရဲ့ Post ဟာ အသက်ဝင်လှုပ်ရှားနေတာမို့ ဒီဇင်ဘာအတွက် အကောင်းဆုံး အမှတ်တရတွေပါပဲ...နှစ်သစ်ရဲ့ကာလတစ်ခုကနေ ဘ၀ရဲ့ မနက်ဖန်တိုင်းမှာ သာယာကြည်နူးလို့ အပြုံးပန်းများ ဝေနိုင်ပါစေ...........။

san htun said...

ဖေ၊မေကို ပိုလွမ်းသွားတယ် မမမေ..ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ

kaung said...

မမေ့နိုင်သော ဒီဇင်ဘာကနေ ပျော်ရွှင်ကြည်နူးရတဲ့ နေ့သစ်တွေကို ချီတတ်နိုင်ပါစေ..အစ်မ

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာ ဒိဇင်ဘာလေး ဖြစ်ပါစေမမရေ..

Nyi Linn Thit said...

ပို့စ်တစ်ပုဒ်လုံးကို ဖတ်ပြီး ဖြစ်လာတဲ့ စိတ်ခံစားမှုကို စကားလုံး တစ်လုံးတည်းနဲ့ ပြောပါဆိုခဲ့ရင် 'အလွမ်း' လို့ပဲ ဖြေရမယ်ထင်တယ် မမေရေ..၊ အရုဏ်မတက်မီ ဘတ်စ်ကား မှတ်တိုင်လေး ကအစ၊ ဆုံးရှုံးခဲ့ရတဲ့ မန္တလေးက ခေါင်းလောင်းနဲ့ အမြောက်ကြီး အလယ်၊ ဟိုး ကောင်းကင်ပေါ်က လေယာဉ်ပျံ သေးသေးလေး အဆုံး ဒီဇင်ဘာ ဒိုင်ယာရီဟာ တကယ့်ကို အလွမ်းတွေ နဲ့ အပြည့်ပါပဲ...၊

အဲဒီအထဲကမှ မမေရဲ့ မိဘနှစ်ပါး နေထိုင်ကောင်းပြီး ပျော်ရွှင်နေကြတဲ့ ပုံလေးကတော့ ကြည်နူးစရာ ကောင်းလှတယ်၊ အချိန်ပြည့် မဟုတ်ခဲ့ပေမယ့် သူတို့ရှိ တုန်း အတူဖြတ်သန်းခဲ့တဲ့ ဒီဇင်ဘာ အပိုင်းလေး ကလည်း ဝမ်းမြောက်စရာ ပါပဲ၊ အချိန်တွေကတော့ ဆက်ပြီး လည်ပတ်နေဦးမှာ ပါပဲဗျာ၊ မနက်ဖြန်မှာ ကုန်ဆုံးမယ့် နောက်ဆုံးရက်နဲ့အတူ သောက၊ ဗျာပါဒတွေ ၂၀၁၁ မှာ ကျန်ရစ်ခဲ့ပြီး အေးချမ်း၊ ငြိမ်သက်၊ ပျော်ရွှင်ရခြင်းတွေကို ၂၀၁၂ က တပြုံတမကြီး ဆောင်ကြဉ်းလာနိုင်ပါစေလို့ အခုကတည်းက နှုတ်ဆက်၊ ဆုမွန်ချွေပါတယ် မမေရေ..၊

Happy, Peaceful and Prosperous New Year 2012!

ဟန်ကြည် said...

အခုမှပဲ လာလို့ရတော့မယ် အစ်မရေ...လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက အစ်မဘလော့ကို ၀င်လို့မရဘူး...နှစ်ကူးရောက်မှပဲ ၀င်လို့ရတော့တယ်...ကျန်းကျန်းမာမာနဲ့ မြင်ရတဲ့ အစ်မရဲ့ မိဘတွေပုံကို မြင်ရတာ ဒီနှစ်ကူးအတွက် အကောင်းဆုံးလက်ဆောင်ပါ...

ပျော်ရွှင်ငြိမ်းချမ်းပါစေဗျာ...

အိမ့်ချမ်းမြေ့ said...

မမေ မလေး ဓာတ်ပုံတွေလာကြည့်သွားတယ်..
ဖေဖေနဲ့ မေမေကို လွမ်းနေပြီပေါ့ :((

ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ...

...အလင်းစက်များ said...

အဲ့သည် အမြှောက်နဲ့  ခေါင်းလောင်းတွေ တစ်နေ့  ပြန်လာမ မယ်။ ဟီးဟီး။

Happy New Year ပါခင်ဗျား။

မဒမ်ကိုး said...

အဲ ဒါကြောင့်မမမေပျောက်နေတာကိုးးး
တနေ့ကျရင် အကုန်ပြန်ဆုံရမှာပါမမရယ် ..
မဝေးတော့ပါဘူးး
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေနော်

ခင်မင်လျှက်

မဒိုးကန်

sosegado said...

ဖတ်သွားပါတယ်

ပျော်ရွှင်သော တူဇီယိုးဝမ်းတူး ဖြစ်ပါစေ။

တောက်ပကြယ်စင် said...

ကြီးမေရေ မင်္ဂလာပါ။ ဒီနှစ်ဒီဇင်ဘာကတော့ ကြီးမေအတွက် တကယ့်အမှတ်တရ ဖြစ်သွားတော့တာပဲနော်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...မဝေးတော့သော အနာဂတ်တစ်ခုမှ ကြီးမေတစ်ယောက် ချစ်လှစွာသော မိဘနှစ်ပါးနဲ့ ချစ်လှစွာသော မောင်လေးတို့နှင့်အတူ ဘ၀ခရီးလမ်း ဖြတ်သန်းသွားနိုင်ပါစေနော်...

မေဓာဝီ said...

အားလုံးကို ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ် ၂၀၁၂ ဖြစ်ပါစေရှင် ....

mstint said...

မြင်ရ ဖတ်ရတာတွေ စိတ်ကြည်နူးစရာပါ။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မေဓာဂီရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေနော်။
စာမေးပွဲဖြေနိုင်ပါစေလို့ ဆုတောင်းပေးနေတာ။
ကျောင်းသားဘဝရဲ့ စိတ်ဖိစီးမှုကို နှစ်ပေါင်းများစွာ ခံစားလာရတာမို့ ကိုယ်ချင်းစာမိပါတယ်။
ခုတော့ ဘာကျောင်းမှ မတက်ဖြစ်တဲ့နေရာမှာ ရောက်နေတာမို့ စာတွေ ဖိရေးနေဖြစ်တာပါ။
မမေတို့ မိဘတွေကြည့်ရတာ တကယ်ပျော်ရွှင်နေပုံရတယ်နော်
တွေ့ရတာစိတ်ချမ်းသာစရာ
တစ်ယောက်တည်းချက်တဲ့ဟင်းတွေကလည်း များလိုက်တာ ဘယ်လိုများချက်လိုက်လဲမသိ....
မမေရေ.. မမေအတွက် ၂၀၁၂ဟာ ကံအကောင်းဆုံးနှစ် ဖြစ်ပါစေလို့နော်


ချစ်တဲ့
ချော

မောင်မျိုး said...

ကျနော် အစ်မပို့စ်ဖတ်ပြီး ပထမတော့ ကော့မန့်ရှည်ရှည်ရေး စနောက်အုံးမလို့ဗျ ။ နောက်တော့ မနောက်ချင်တော့ဘူး ကျနော်လည်း ကျနော့် အစ်ကို / အစ်မတွေနဲ့ အဘကိုကော အမေ့ကို ကောလွမ်းသွားလို့ဗျ ဆောင်းညတွေမှာ မီးဖိုပေး နွေးခဲ့ကြတဲ့ မိသားစု ရေနွေးဝိုင်းလေးကို လွမ်းတယ်ဗျာာာ ။

မြသွေးနီ said...

ပျော်ရွှင်ဖွယ် နှစ်သစ်များစွာကို စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ...။

သာကီသွေး said...

မေဓါဝီရဲ့ဘလောဂ် ကို အမြဲတမ်းကြည့်ရှုပါတယ်၊ စာပေနဲ့ ပတ်သက်လို့ တော်တော်လေးကို နှံ့ နှံ့ စပ်စပ်ရှိလှပြီး စာအရေးသားလဲကောင်းပါတယ်။ စွယ်စုံရပညာရှင်ဖြစ်ပါတယ်။ ဆက်လက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


သာကီသွေး
ကနေဒါ