Wednesday, October 12, 2011

မင်းဂန်ရွာမှာ သာတဲ့လ ...

ကျောင်းကပြန်ရောက်တော့ ညနေ ၆ နာရီ ကျော်နေပြီ။ ဧည့်ခန်းထဲမှာ တယ်လီဗေးရှင်းကြည့်နေတဲ့ ဦးရီးတော်က တံခါးဖွင့်ဝင်လာတဲ့ ကျမကို လှမ်းပြောတယ်။

"သမီး မင်းဂန် ရွာဦးကျောင်းရဲ့ မီးထွန်းပွဲ သွားချင်လား ... ဒီညနေခင်းက ရာသီဥတု မဆိုးဘူးဆိုတော့ သမီးသွားချင်ရင် ထမင်းစားသောက်ပြီး သွားကြတာပေါ့ ..." တဲ့

ကျမက အဲဒီစကားကြားချင်လို့ စောင့်နေခဲ့တာပါ။ ဒီနေ့ ဘုန်းကြီးကျောင်းသွားရင် ယူသွားဖို့ ကျောင်းမတက်ရတဲ့ မနေ့က တမနက်လုံး ဟင်းတွေ ချက်ထားခဲ့တာ၊ မီးထွန်းပွဲ သွားချင်လို့ ရာသီဥတု ကောင်းပါစေလို့ ဆုတောင်းလိုက်ရတာလဲ အမောပါပဲ။ မိုးလေ၀သ သတင်းက မိုးရွာမယ်လို့ ကြေငြာချက် ထုတ်ထားတဲ့အတိုင်း ကျမတို့နေတဲ့ ၀ံပုလွေရွာမှာ တနေ့လုံး မိုးရွာပါတယ်။ မိုးရွာရင်/ ရာသီဥတု အေးရင် မသွားဘူးလို့ ဦးရီးတော်က ကြိုပြောထားတာ၊ ကံကောင်းချင်တော့ ညနေခင်းလေးကမှ မိုးတိတ်သွားပြီး ကောင်းကင်က မိုးသားကင်းစင် ကြည်လင်သွားခဲ့တယ်၊ အပူချိန်ကလဲ ၁၆ - ၁၇ ဒီဂရီ စင်တီဂရိတ်ဆိုတော့ နေလို့ ကောင်းရုံကလေး ... မအေးလှဘူး။

ဒီလိုနဲ့ တူဝရီးနှစ်ယောက် ညနေစာကို ကမန်းကတန်း စားသောက်ကြပြီး ဆွမ်းဟင်းဘူးတွေ ဖယောင်းတိုင်တွေ သယ်လို့ ညနေ ၆ နာရီခွဲမှာ မင်းဂန်ရွာကို သွားကြပါတယ်။ ဦးရီးတော်က ကားမောင်း၊ ကျမကတော့ သူမပျင်းရအောင် ဘေးနားကနေ အတင်းပေါင်းစုံ အဲလေ သတင်းပေါင်းစုံ ပြောလို့ပေါ့ :)

ကားလမ်းက အရှေ့အရပ်ကို မျက်နှာမူ မောင်းရတာမို့ ပြည့်ဝန်းထိန်သာနေတဲ့ လမင်းကြီးကို ကြည်နူးဖွယ် မြင်တွေ့ရတယ်။ ဦးရီးတော်က ဆရာတော်ဦးဝိစိတ္တရဲ့ ပဋ္ဌာန်းတရားကို တလမ်းလုံးဖွင့်သွားတာမို့ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အဆုံး ည ၇ နာရီ သာသာ မှောင်စပျိုးချိန်လောက်မှာ မင်းဂန်ရွာဦးစေတီကို ရောက်ပါတယ်။


ကျမတို့ ရောက်တော့ သူများတွေက မီးထွန်းနေကြပြီ။ ကျမတို့ တူဝရီးလဲ ပါလာတဲ့ ဖယောင်းတိုင်လေးတွေ ထုတ်ပြီး မီးထွန်းကြတယ်။ ရာသီဥတု သာယာပေမဲ့ လာတဲ့လူ နည်းနေသလားလို့ ထင်မိတယ်။ ကောင်းကင်ပေါ်က လမင်းကြီးကတော့ ဘယ်သူလာလာ မလာလာ သာနေတာပါပဲ။ လမင်းကို ပုံရိုက်ရင် အပြင်မှာလို ဘယ်တော့မှ မလှပေမဲ့ ပုံမရိုက်ဘဲလဲ မနေနိုင်ဘူး။ လပြည့်ညက လူကို ဖမ်းစားနိုင်လွန်းတယ် ... ။


စီတန်းထွန်းညှိထားတဲ့ ဖယောင်းတိုင်လေးတွေရယ် ... ချိတ်ဆွဲထားတဲ့ မီးပုံးလေးတွေရယ် ... လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်နေတဲ့ သာသနာ့အလံလေးတွေရယ် ... မြင်ရတာ ကြည်နူးစရာ ... ။ သြော် ... ဒီအချိန်ဆို ... ကျမတို့ဌာနေ မြန်မာပြည်မှာ လူတွေ ဘယ်လောက် ပျော်နေကြမလဲ။


စေတီထဲက ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာလဲ ပန်း၊ ဆီမီးနဲ့ အမွှေးတိုင်တွေ ကပ်လှူ ထွန်းညှိ ပူဇော်ထားကြတယ်။ ဘုရားရိပ် တရားရိပ် သံဃာအရိပ်ဟာ စိတ်ညွတ်နူး ချမ်းမြေ့ဖွယ် ... ။


လပြည့်နေ့က မနှစ်ကလို ပိတ်ရက် (စနေ တနင်္ဂနွေ) မဟုတ်ဘဲ ကြားရက် (ဗုဒ္ဓဟူးနေ့) ဖြစ်တာကြောင့် မီးထွန်းပွဲကို လူများများ လာနိုင်ပါ့မလားလို့ ထင်နေပေမဲ့ တဖြည်းဖြည်း ရောက်လာကြပါတယ်။


သံဃာတော်တွေ ပ၀ါရဏာ ပြုပြီးနောက် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်။ ရွတ်ဖတ်အပြီးမှာ ဆရာတော် ဒေါက်တာဦးဥတ္တရဉာဏက အဘိဓမ္မာနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းနဲ့ ဆီမီးလှူရခြင်း ပန်းလှူရခြင်း အကျိုးတွေကို အင်္ဂလိပ်လို ဟောကြားပါတယ်။ (ဧည့်ပရိသတ်တွေထဲမှာ နိုင်ငံခြားသားက သုံးပုံတပုံလောက် ပါနေလို့ပါ။)


အားလုံးပြီးတော့ သာဓု သုံးကြိမ်ခေါ်ပြီး ပြန်ကြရုံပဲပေါ့။ ထွန်းထားတဲ့ ဖယောင်းတိုင်လေးတွေက လင်းလက် တောက်ပနေတုန်းပဲ။ သီတင်းကျွတ်ညရဲ့ ကောင်းကင်ယံမှာလဲ လမင်းက ထိန်ထိန်သာနေဆဲ ... ။

...
ခြင်္သေ့ကြီးရဲ့ အာခံတွင်းထဲမှာ ဖယောင်းတိုင်ထွန်းထားတာ တွေ့လို့ သဘောကျတာနဲ့ ဓာတ်ပုံရိုက်လိုက်တယ်။ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ခွန်အားရှိခြင်း အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ခြင်္သေ့ကြီးတွေရဲ့ မျက်လုံးက ကောင်းကင်က လမင်းကို မော့ကြည့်နေသလိုပဲ။ သီတင်းကျွတ်ညရဲ့ လမင်းဟာ လူတွေတွင်မက ခြင်္သေ့ကြီးတွေကိုပါ ဖမ်းစားနိုင်လေသလား ... ။


အိမ်အပြန်လမ်း ကားပေါ်မှာ ကျမတို့ တူဝရီးနှစ်ယောက် ပြုခဲ့တဲ့ ကုသိုလ်တွေအတွက် ပီတိတွေနဲ့ စားမြုံ့ပြန်ရင်း ကျမက ဆရာတော်ပေးလိုက်တဲ့ စာအုပ်ကလေးကို လှန်လှောကြည့်မိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က စပြီး ဒီစာအုပ်ကလေးကို ဆရာတော်ခိုင်းလို့ လုပ်ပေးခဲ့တာ ခုတော့ စာအုပ်အဖြစ်နဲ့ ရောက်သွားခဲ့ပါပြီ။ အဖုံးလေးက ကျမလုပ်ပေးတဲ့ အရောင်အတိုင်း မထွက်ဘဲ နည်းနည်း မှိန်နေတာကလွဲလို့ မဆိုးလှပါဘူး။ ဘာပဲဖြစ်ဖြစ် ဘိလပ်မှာ လုပ်ခဲ့တဲ့ စာအုပ်ကလေးအဖြစ် အမှတ်တရ ဖြစ်တာပေါ့။ မြန်မာပြည်မှာတုန်းက အဖေ့စာအုပ်တွေ ကျမပဲ အစအဆုံး လုပ်ပေးခဲ့သလို ဒီရောက်တော့လဲ ကျမ အဖေလို လေးစားရတဲ့ ဆရာတော်အတွက် ခုလို ဆောင်ရွက်ပေးခွင့်ရတာ အလွန် ၀မ်းမြောက်မိတာကြောင့် ဒီနေရာမှာပဲ တလက်စတည်း မှတ်တမ်းတင်လိုက်ပါတယ်။
***
သီတင်းကျွတ်ညကလေးက ရိုးရှင်းအေးချမ်းစွာ သာယာလို့နေတယ်။
မင်းဂန်ရွာမှာ သာတဲ့ လမင်း ... ၀ံပုလွေရွာက ကျမအခန်း ပြတင်းအထိ လိုက်လာတယ်။
မနှစ်ကလဲ ... အဲဒီလမင်းပါပဲ ... မင်းဂန်ရွာကို သူ့အလင်းတွေနဲ့ ဖြန့်ခင်းပေးခဲ့တယ် ... ။
နှစ်တွေ ... အချိန်တွေ ... အခြေအနေတွေ ပြောင်းသွားခဲ့ပေမဲ့ လမင်းရဲ့ အလင်းရောင်ကတော့ မပြောင်းလဲပါဘူး။
နောက်နှစ်တွေတိုင်းမှာလဲ ဒီလိုညဆို မင်းဂန်ရွာဦးစေတီမှာ လမင်းအမြဲသာစေဖို့ ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၁၂၊ အောက်တိုဘာ၊ ၂၀၁၁
သီတင်းကျွတ်လပြည့်ည
၂၃း၄၃ နာရီ

20 comments:

Anonymous said...

THADU,THADU,THADU
I share my good deeds to you.The night scene of full moon always catch me too.
Gyidaw

seesein said...

ကြီးမေ
လမင်းကိုဖမ်းမိသွားတယ်ပေါ့...
သာဓုခေါ်ပါတယ် ကြီးမေ....
မနှစ်ကနဲ့ ဒီနှစ် နောင်နှစ် လမင်းကတောူ့အလင်းတွေဖြန့်ပေးမှာအတူတူ ဆိုပေမယ့် ခံယူတဲ့ လူတွေ အရာဝတ္ထုတွေကတော့ရော...?

မဒမ်ကိုး said...

မင်းဂန်ရွာတဲ့လားမမမေရေ ..
ဒိုးကန်က မြန်မာနာမည်မှတ်နေတာ.
သီတင်းကျွတ်လပြည့်ညမှာ အမိမြန်မာပြည်ကိုလွမ်းလိုက်တာလေ
ပျော်ရွှင်ပါစေ မမမေ ..
ခင်တဲ့

မဒိုးကန်

sosegado said...

ကုသိုလ်တွေအတွက် သာဓုခေါ်လိုက်ပါသည်၊
ကျန်းမာပျော်ရွှင်ပါစေ။

Maung Myo said...

ဒီမှာလည်း ရှိတော့ရှိတယ် ကျနော်လည်းမသွားဖြစ်ပါဘူး ဟိုဘက်ကမ်း မြ၀တီ ဘက်သွားချင်ပေမယ့် မသွားဖြစ်လိုက်ဘုး အဲ့ဘက်ဆို ပိုပျော်စရာကောင်းမှာ ။

mstint said...

ရေခြားမြေခြားတိုင်းတစ်ပါးမှာလည်း အခုဆိုရင် ဗုဒ္ဓသာသနာနဲ့ပတ်သက်လို့ ရက်ထူး ရက်မြတ်တွေမှာ တစ်ခမ်းတစ်နားကျင်းပပြီး ကုသိုလ်ယူကြတာ ကြည်နူးအားရစရာပါ မမေရေ။
ပို့စ်လေးတင်ထားတာ သေသေသပ်သပ်လေးနဲ့ ဖတ်လို့ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရဲ့ နာမည်အရင်းက မေနန္ဒာလားဟင်
ချစ်စရာနာမည်လေးနော်
နှစ်ခုလုံး လှတယ်
မမေကတောင် သီတင်းကျွတ်ရဲ့ အရသာ ခံစားလိုက်ရသေးတယ် ။
ဒီမှာလည်း သီတင်းကျွတ်ညကို ထူးထူးခြားခြား ကြည့်ချင်တာနဲ့ မြို့ကို လိုက်ပတ်ကြည့်သေးတယ်
ဟွန့် တိုက်တိုက်ဆိုင်ဆိုင် တစ်မြို့လုံး မီးပျက်တယ်တဲ့လေ
ဖြစ်ရလေ သီတင်းကျွတ်ည မဲမှောင်မှောင်ကြီးဖြစ်နေလေရဲ့
တော်သေးတယ် ကောင်းကင်မှာ လမင်းကတော့ ပြည့်ပြည့်ဝဝ သာနေပေလို့
အဲဒီလို အမှတ်ရစရာ ဖြစ်သွားတယ် မမေရေ။

Sonata Cantata said...

ပို့စ် ဖတ်အပြီးမှာ
အေးမြသာယာ ရှိလှပါတယ် မမေ

-မသီတာ

ညီလင်းသစ် said...

မမေရဲ့ ပို့စ်လေးက လရောင်ဆမ်းထားလို့လား မသိဘူး၊ လင်းဝင်း အေးချမ်းလှတယ်၊ သိပ်အဝေးကြီး သွားစရာ မလိုဘဲ ဆရာတော်တွေနဲ့ ရွာဦးစေတီ ရှိရာဆီ ရောက်နိုင်တာ ကံကောင်းတာပေါ့၊ ဖယောင်းတိုင်လေး တွေနဲ့ မီးပုံးလေးတွေက လှတယ်၊ ပြီးတော့ လွမ်းစရာ လည်း ကောင်းနေပြန်တယ်၊ စကားမစပ် မမေ စာအုပ်လုပ်တတ်တာ သိမထားဘူးဗျ၊း) ဓမ္မစာအုပ် တစ်အုပ်အတွက် အရောင်ရွေးချယ်ပုံကို သတိပြု မိတယ်၊ အတွင်းက တရားအနှစ်သာရ တွေကို သိမ်းထုပ် ထားတဲ့ စာအုပ်ကလေးက တင့်တယ်ပါတယ်။

Anonymous said...

ပျော်ရွှင်ငြိမ်းချမ်းဖွယ်"ည"လေးပါပဲရှင်
ချစ်ခင်စွာဖြင့်
မိစံ

မြသွေးနီ said...

မင်းကန်ရွာသူတွေ ချောတယ်လို့ သီချင်းထဲမှာ ကြားဘူးတယ်။ မြန်မာပြည်က ရွာနာမည်နဲ့တူနေတာ ထူးခြားတယ်နော်..။ ပြုသမျှ ကုသိုလ်အ၀၀အတွက် သာဓုခေါ်ပါတယ်ရှင်..။

ညိမ်းနိုင် said...

သာဓုပါမမေရေ....၊ဒီမှာတော့ သီတင်းဘယ်လိုကျွတ်မှန်း
ကိုမသိတော့ပါဘူးဗျာ...:(

မေဓာဝီ said...

မဒိုးကန်နဲ့ မမြသွေးနီရေ ... မင်းဂန်ရွာဆိုတာ အင်္ဂလန်က ဘာမင်ဂန်ကို ကျမက မြန်မာမှု ပြလိုက်တာပါ။ :) အဲဒီလိုပဲ ကျမက ဒီက မြို့တွေ လမ်းတွေကို မြန်မာမှု ပြုရတာ ၀ါသနာပါတာလေ။ :)) အရင်စာတွေထဲမှာ ခဏခဏ ထည့်ရေးနေကျဆိုတော့ အောက်မှာ ပြန်မရှင်းပြလိုက်တာပါ။

ကွန်မန့်များ အားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင် ...

ဟန်ကြည် said...

ဗျိုး မနန္ဒာ(ဒီနာမည်က ပိုပြီးအာတွေ့သလိုပဲ...နာမည်နော် နံမည်မဟုတ်တော့ဘူး...း)

မင်းဂန်ရွာမှာတော့ အေးချမ်းကြည်မွေ့ခြင်း သန္တရသကို ခံစားရပေမယ့် သည်ဒေသမှာဖြင့် ဘီယာချောင်းစီး ဆိုင်ကယ်စီးချင်းထိုး ဗျောက်အိုးတွေ စီစီဝေလို့ စောဗုဒ္ဓေမြတ်ဘုရားကို မယ်တော်ရှိရာ နတ်နန်းကို ပြန်လည်ကြွမြန်းချင်စိတ်ပေါက်တော်မူအောင် စိတ်ညစ်စရာ ကောင်းလွန်းလှပါရဲ့ဗျား...

ကောင်းမှုအ၀၀ကို အမျှမဝေပေမယ့် ကုသိုလ်အချောင်ရချင်တဲ့ စိတ်ကို အရင်းခံလို့ သာဓုသုံးကြိမ် ခေါ်သွားပါရဲ့...

ကိုင်း အပြိုဂျီးရေ...နောက်တစ်ခါတော့ သီတင်းကျွတ်ပြန်ပါပေါ့လား( အိမ်း သီတင်းကျွတ်တော့လည်း တန်ဆောင်မုန်း ရောက်ပြန်ချေမပေါ့...မေဓာဝီအစား ပြန်ဖြေပေးလိုက်ပါ၏) အဲဒီတော့လည်း ကျွတ်မုန်းဝင် ပေါ့လေ...

မြစ်ကျိုးအင်း said...

လပြည့်ညလေး မြင်ရမလားလို့ အပြင်ထွက်ကြည့်ဖြစ်တယ်။ မိုးအုံ့နေတာနဲ့ မြင်တောင် မမြင်လိုက်ရဘူး။

ဘုန်းကြီးကျောင်းသွားပြီး ဘုရားရှင်ကို ဆီမီးတွေနဲ့ ပူဇော်ခွင့်ရတာ ကုသိုလ်ထူးလှပါတယ်။ ဒီမှာတော့ စိတ်ထဲ သတိရရင်းနဲ့ပဲ ဖြတ်သန်းလိုက်ရတယ်။

သီတင်းကျွတ်ပြီနော်း))

ရန်ကုန်သား said...

လပြည့်ညတွေ လှတယ် အစ်မ မေရေ။ မတွေ့ တာကြာ ပြီနော်အစ်မ နေကောင်းတယ်နော်။

တောက်ပကြယ်စင် said...

ကြီးမေရေ မင်္ဂလာပါ။ သာဓုပါဗျာ သာဓုပါ။ ချောရဲ့ ခမန့်ကို ဖတ်ပြီးတော့ ရယ်နေရသေးတယ်။ ဟိ ဟိ ဆိုပြီးတော့ပေါ့။ ဒါနဲ့ ဒုတိယပုံက ဘယ်ဘက်မှာ ဆရာတော်လှည့်နေတဲ့ဘက်မှာ ကြီးမေနဲ့ ကြီးမေရဲ့ ဦးရီးတို့လားဟင်။

San San Htun said...

မမမေရဲ့  သီတင်းကျွှတ်က တရားဓမ္မရိပ်တွေနဲ့  ထုံးမွှန်းပြီး အေးချမ်းလိုက်တာ..အားကျမိတယ်

အိမ့်ချမ်းမြေ့ said...

ကြယ်တွေချစ်တဲ့ မမေတွက်...
လက်ဆောင်လာပေးတာ..


http://hubblesite.org/explore_astronomy/tonights_sky/


ချစ်တဲ့..
မလေး

မဒမ်ကိုး said...

မမမေ စီဘောက်မတွေ့လို့ ထည့်ပါလားဟင်း)