Friday, August 26, 2011

ဦးပုည၏ ၀တ္ထုများ ... အပိုင်း (၅)

ဆဒ္ဒန်ဆင်မင်းဝတ္ထု
(ဇာတ်သိမ်း)

မူဆိုးလူဖျက်၊ ဘုတ်သဘက်လည်း၊ ခြောက်ရက်ခရီးနှင့်၊ ပြည်ကြီးဗာရာ၊ နန်းအောင်ချာသို့၊ လျင်စွာဆိုက်ရောက် တည့်လေလျှင်၊ ဝေယန်ညာစွယ်၊ ကမ္ဗုလယ်၌၊ စံပယ်ပျော်ပါးသော၊ မိဘုရား သုဘဒ္ဒါအား၊ ခြောက်ဖြာရောင်ထင်၊ စွယ်တော်ရှင်ကို၊ ၀င်၍ ချက်ခြင်းဆက်လေ၏။

ဆက်ပြီးလတ်သော်၊ ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား၊ အကြောင်းများကို၊ မထားမချန်၊ စေ့စုံအောင်ပြန်သည်တွင်၊ ဗိမာန်နန်းဘွား၊ သုဘဒ္ဒါမိဘုရားသည်၊ စကားရှေ့နောက်၊ ပြန်လှန်ကာ ထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီး၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက် ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့် အကြောင်း၊ ဘ၀ဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့် အောက်မေ့၍၊ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ပွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်မှာ လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ ငိုဆဲတွင်၊ နကိုယ် ဘောက်လှဲ၍၊ ဗာရာမင့် လည်ဆွဲသည်။ ရင်ကွဲနာနှင့်၊ နတ်ရွာစံတော်မူလေ၏။ … ။

ဆင်မင်းမြတ်စွာ၊ သေလွန်ရာလည်း၊ သုဘဒ္ဒါ မိဘုရားနှင့်၊ ပေါက်သား မာတင်၊ ရှစ်ထောင်သော ဆင်တို့သည်၊ ကောင်းကင်သမုဒ္ဒရာ၊ ဟိမ၀ါတောတောင်၊ နှံ့အောင် ရှာ၍၊ ရန်သူကို မတွေ့မှ၊ ရှေ့တည်မိရာ၊ ပြန်ခဲ့လာ၍၊ ရာဇာဘုန်းလျှံ၊ ဆင်မင့်းထံသို့၊ ခြံရံ ဆိုက်ရောက်ကြလေသတည်း။ ။

မဟာသဗ္ဗဘဒ္ဒါ၊ ဘွဲ့ခရာနှင့်၊ ညာမဟေသီ၊ ဆွေနာဂီလည်း၊ စေတီ ငွေတုံး၊ ပျက်ပြို ဆုံးသကဲ့သို့၊ တုံးလုံးလျောင်းစက်၊ လင်သေသည့်အချက်ကို၊ ဉာဏ်သက်၍ ထောက်မြော်သော်၊ စွယ်တော်ကို ဖြတ်ရာ၊ သွေးစက်ရာများနှင့်၊ လက္ခဏာ အခန်းခန်း၊ သေပုံတော်ဆန်းလှ၍၊ မြောက်နန်းတော် လက်ကိုင်းဟု၊ ဟုတ်တိုင်းကို တွေးတောမိလေ၏။ ။

ထိုပြီးနောက်မှ၊ ငွေတောင်မာတင်၊ မိမိလင်ကို၊ ဦးတင်ဝန္ဒနာ၊ ကန်တော့ငှာဖြင့်၊ လက်ျာသုံးပတ်၊ လှည့်ပြီးလတ်သော်၊ ကိုယ်တော်မြတ် အလောင်းကို၊ နှာမောင်းဖြင့် ပွေ့ချီ၊ ကိုယ်ချင်းမှီ၍၊ ထိုဤ သွဲ့ဝှဲ့၊ မဖွဲ့တတ်ပြီ၊ မပြီသနိုင်၊ အသည်းစိုင်ကို၊ ဖြတ်ချိုင်ဂျွမ်းလှန်၊ ရန်ပုံခွင်း မှန်သကဲ့သို့၊ အလွန်ဆွေးပူ၊ ကြေကွဲတော်မူလှ၍၊ ကျူကျူသံအိုင်၊ တောဂနိုင်ကို၊ တပြိုက်နက်တည်း၊ ပဲ့တင်သံ ကြည့်စေလျက်၊ လှည်း၍ ငိုတော်မူသတည်း။ … ။

ထက်ဝန်းရံဆောင်၊ ဆင်ရှစ်ထောင်တို့လည်း၊ ခေါင်ခေါင်ကျည်ကျည်၊ အော်မြည်လှိုက်ဖို၊ မြေကြီးပြိုမလောက်၊ ထိုဤ ပြေး၍၊ ငိုကြွေးပူပန်ကြပြီးလျှင်၊ နန်းမတောင်ညာ၊ သုဘဒ္ဒါလည်း၊ လိမ္မာရေးခြားသော ဆင်ပေါက်တစီးကို ခေါ်စေ၍၊ ရွှေ ငွေ မြ ဂူ၊ ပန်းမဉ္ဇူနှင့် ၊ နန္ဒမူတောင်မင်း၌၊ သီတင်းသုံးနေတော်မူသော၊ ပစ္စေကဗုဒ္ဓါ၊ ဆရာသခင်တို့အား၊ အရှင်ဘုရားတို့၊ ပစ္စည်းလေးပါး ဒါယကာ၊ မဟာဆဒ္ဒန္တ၊ ပေါက်လှနာဂရတ်၊ ဆင်မင်းမြတ်သည်၊ လောကတ္တယ၊ ဘ၀ဇာတိ၊ ၀ဋ်ရှိသောသူ၊ လူခပ်သိမ်းတို့၊ ရှောင်တိမ်းခြင်းငှါ၊ မတတ်ရာသော၊ ခန္ဓာဘင်္ဂ၊ မရဏသဘော၊ ရွေ့လျောဖောက်ပြန်၊ ဆုံးသေလွန်၍၊ နတ်ဌာန် လားတော်မူချေပြီ။ … ။ တကာတော် ဆင်မင်း၏၊ ရုပ်ကြွင်းဝတ္ထု၊ ကလာပ်စု၌၊ အသုဘ ကမ္မဋ္ဌာန်းကို၊ စီးဖြန်းတော်မူရအောင်၊ ၀ိသာလ မာလက၊ စုံလှပန်းမာန်၊ မြေသုသာန်သို့၊ ဈာန်ဝသီဘော်၊ စက်ယာဉ်ကျော်ဖြင့်၊ ကြွတော်မူကြပါမည့် အကြောင်းကို၊ လျှောက်ပါသည်ဘုရား ဟု၊ အမိန့်တော်ပင့်စာနှင့်၊ တကာတော်မ၊ သဗ္ဗဘဒ္ဒါ၊ မဟာအတုလ၊ နာဂိန္ဒဒေ၀ီ၊ တံဆိပ်နာမံတော် ရှိသော၊ မိဘုရားခေါင်ကြီး ဘုရားက၊ သွား၍ပင့်ချေ၊ ယခုစေသောကြောင့်၊ ခြေရင်းတော်သို့၊ ပင့်ခေါ်မည် ရောက်ပါကြောင်းကို၊ လျှောက်လေဟု စေတော်မူလိုက်၏။ … ။

တမန်ဆင်လည်း၊ ကောင်းကင်ဖြင့် သွား၍၊ ငါးရာသော ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခေါ်ပြီးလျှင်၊ အလောင်းတော် ခေါင်းရင်းက၊ သီတင်းသုံး နေစေသတည်း။ ။

ထိုပြီးနောက်မှ၊ ပေါက်လှမုန်ယို၊ ဆင်ပျိုနှစ်စီး၊ မာတင်ကြီးတို့သည်၊ စောမီးဘုန်းမော်၊ အလောင်းတော်ကို၊ မြောက်ကော်ကြပ်မ၊ အစွယ်နှင့် ကြွပြီးလျှင်၊ ပစ္စေက ဗုဒ္ဓါတို့၏ ခြေကို၊ ရိုသေညွတ်နှိမ်၊ သုံးကြိမ်ဦးခိုက်စေပြီးမှ၊ အကျော် စမ္ပာ၊ နံ့သာ ကရမက်၊ ထင်းပုံထက်သို့၊ စွယ်ရှက်ခါ ချီတင်၍၊ စီရင် သင်္ဂြိုဟ် ကြလေကုန်၏။ ။

ပစ္စေကဗုဒ္ဓါ၊ ရဟန္တာရှင်ပျံ၊ ထေရ်ဘုန်းလျံတို့လည်း၊ ညဥ့်သုံးယံပတ်လုံး၊ စုရုံးညီညာ၊ ဒေသနာ ပရိယတ်ကို၊ ရွတ်ဘတ်စီးဖြန်းတော်မူ၍၊ ကမ္မဋ္ဌာန်း အသုဘ၊ ရှုကုန်ကြပြီးလျှင်၊ လင်းမှပင် ပြန်ကြွတော်မူကြလေ၏။ ။

သုဘဒ္ဒါမိဘုရားနှင့်၊ အများသောင်းသောင်း၊ ဆင်အပေါင်းတို့လည်း၊ ဦးခေါင်းညွတ်ဆိုက်၊ သင်းချိုင်းကို ဦးခိုက်လျက်၊ ရစ်ဝိုက်လက်ျာ၊ သင်းချိုင်းပြာကို၊ နှာမောင်းဖြင့် ယူငင်၍၊ ချစ်ခင်မရဲ၊ ဦးကင်းထက်ကြဲပြီးလျှင်၊ ကန်တော့ပွဲ ခံကြ၍၊ ညာစံမဟာ၊ သုဘဒ္ဒါကို၊ သိင်္ဂါဇမ္ဗူ၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်တော်မူချိန်သင့်ပြီဟု၊ ချီးပင့်ခေါ်လျက်၊ သံတော်ဦးတင်ကြကုန်၏။ ။

မိဘုရားမြတ်၊ ဆင်မျာ့းနတ်လည်း၊ စောထွတ်မိမိုင်း၊ လင်သက်နှိုင်း၏၊ သင်းချိုင်းတော်ရာ၊ မြေမျက်နှာကို၊ မခွါတတ်အား၊ မသွားခဲ့ရက်၊ ငဲ့ကွက်စောင်းလှည့်၊ ပြန်ကြည့်ကြည့်နှင့်၊ လှော်မှည့် ရတနာ၊ မျက်နှာမဉ္ဇူ၊ လဣန္ဒူကို၊ လွှမ်းမြူတိမ်တောင်၊ မြှေးရစ်မှောင်သို့၊ ခေါ်ယောင်မြှော်ကာ၊ ပေါ်လာလိမ့်နိုး၊ ထင်ကိုးဆိုင်းလင့်၊ တဖင့်နွှဲနွှဲ၊ မျက်ရည်ရွှဲနှင့်၊ ပျော်မြဲရပ်ဌာန်၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်ရှာတော်မူရလေသတည်း။ ။

ဤဆဒ္ဒန် ဒေသနာ၌၊ မဟာဗောဓိသတ်၊ ဆင်မင်းမြတ်သည်၊ စွယ်ဓာတ်နှစ်ဆူကို၊ အမူကြမ်းခက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်ရောရော၊ လှူသော အခါ၊ တိရိစ္ဆာန် ဖြစ်ပါလျက်၊ ဗြဟ္မာလူနတ်၊ စည်းစိမ်မြတ်ကို၊ ၀ဋ်၏ မျိုးစေ့၊ ဖြစ်လေ ရွှေ့လျှင်၊ တပ်မွေ့ စုံမက်၊ မနှစ်သက်သောကြောင့်၊ နှုတ်မြွက်၍ မတောင်းပဲ၊ ၎င်းလောကီ၊ စည်းစိမ်အီကို၊ မညှီမနံ၊ မရွံနိုင်ငြား၊ ကောင်းသည်ဟု ခံစားလျှင်၊ ဆယ်ပါးသော သံယောဇဉ်၊ စပ်ယှဉ်ကပ်ငြိ၊ တိုးပွါးဘိ၍၊ ဇာတိမပြတ်နိုင်လေရာ၊ ဇာတိဝဋ်ညှောက်၊ မကုန်ပျောက်က၊ အဖောက်ဖောက် အပြန်ပြန်၊ မဖန်ဖန် အခါခါ၊ နာလိုက်လား၊ သေလိုက်လား၊ ချားရဟတ်ပုံ၊ ငုပ်တုံပေါ်ပြန်၊ ဒုက္ခကြီး ၀ဲဆန်၍၊ နိဗ္ဗာန်အလွန်ဝေးချိမ့်မည်၊ ဤအဖြစ်ကို၊ စင်စစ်တွေးမိ၊ ဆင်မင်းသိသောကြောင့်၊ လောကီ့စီးပွါး၊ ချမ်းသာများကို ပယ်ရှား စွန့်ပစ်တော်မူသတည်း။ ။

ဤထုံးစံကို၊ နည်းခံစွဲသူ၊ ခုလူတို့သည်၊ ထောက်ကူမစ၊ ရှေးပုညကြောင့်၊ သာသနာ့အတွင်း၌၊ အလင်းကြုံဘိ၊ ဒွိဟိတ်, တိဟိတ်၊ စိတ်ဝိပါက်ယှဉ်၊ လူစင်ဧကန်၊ ဖြစ်သည်မှန်လျက်၊ တိရစ္ဆာန်လောက်မျှ၊ အရိပ်ကိုမသိကြဘဲ၊ ဒါနကောင်းမှု၊ ပြုကြသောခါ၊ ၀ဋ်ချမ်းသာကို၊ တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား၊ သေလိုက်လား၊ တမွှားမွှားနှင့်၊ အလျားလိုက်မျော၊ ဆင်းရဲ၍ မောကြမည်၊ သဘောကြီးကြပါစေကုန်။ … ။

ထို့ကြောင့်၊ ကုသိုလ်ကမ္မပထ၊ ပြုသမျှ၌၊ သာဝက ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ၊ ၀ဋ်မှဆန်တက်၊ ဆုသုံးချက်ကိုသာ၊ နှုတ်မြွက်ကောင်းကောင်း၊ ရလွယ်ကြောင်းဖြင့်၊ ဆုတောင်း မြတ်ထွတ် စေရမည်။ သဇ္ဇန ပုဂ္ဂိုလ်၊ မဂ်ဖိုလ်ငံ့မြှော်၊ သူတော်သူမြတ် အပေါင်းတို့ …. ။ … ။

ဤတွင်ရွေ့ ဆဒ္ဒန်ဆင်မင်းဝတ္ထု ပြီး၏။
***

ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းကတော့ ဒီနေရာမှာ ဇာတ်သိမ်းသွားပါပြီ။ ငယ်ငယ်က ငါးရာ့ငါးဆယ် နိပါတ်တော်တွေ ဖတ်ရင် ဇာတ်ပေါင်းသော် ... ဘယ်သူက ဘယ်သူဖြစ်၊ ဘယ်ဝါက ဘယ်ဝါ ဖြစ် ဆိုတာမျိုး ဖတ်ခဲ့နေကျဆိုတော့ ဒီဇာတ်သိမ်းခန်းမှာ စူဠသုဘဒ္ဒါက ဘယ်သူဖြစ်သွားသလဲ ဆိုတာ သိချင်နေမိပါတယ်။ ဆဒ္ဒန်ဆင်မင်းနဲ့ မဟာသုဘဒ္ဒါကတော့ မြတ်စွာဘုရားနဲ့ ယသောဓရာဒေ၀ီ မိဘုရား ဖြစ်တယ်ဆိုတာ ရှင်းပေမဲ့ စူဠသုဘဒ္ဒါ အကြောင်းကို မသိလို့ သိသူများ ပြောပြပေးကြပါရှင်။ ကျမစိတ်ထဲ စိဉ္စမာဏ ဖြစ်သွားသလားလို့ ထင်မိပေမဲ့ အကိုးအကားမရှိတော့ မသေမချာ ဇဝေဇ၀ါ ဖြစ်နေလို့ပါ။

ဆဒ္ဒန်ဆင်မင်း ဇာတ်လမ်းက ဇာတ်သိမ်းသွားပေမဲ့ မေဓာဝီကတော့ ဇာတ်မသိမ်းသေးဘူး၊ ဆက်ရန် ဇာတ်လမ်းတွဲတွေ ကျန်ပါသေးတယ်။ အင်တာဗျူးလဲ ပြီးအောင်ရေးရအုံးမယ်၊ ကိုအောင် (ပျူနိုင်ငံ) တက်ဂ်ထားတဲ့ ဘလော့နေ့ အမှတ်တရဆိုတာလဲ ရေးရအုံးမယ်၊ တခြား ရေးချင်တဲ့ စာတွေလဲ အတွေးထဲမှာ တပိုင်းတစ တေးထားတာတွေ အများကြီးပဲ။ သို့ပေသိ လောလောဆယ် အလုပ်များပုံက အသက်တောင် ၀၀ မရှူနိုင်တဲ့ ဘ၀မို့ ရေးနိုင်တဲ့သူတွေကိုသာ အားကျနေမိပါတယ်။ အလုပ်များလို့ ကျမဘက်က တာဝန်မကျေတာတွေ ပျက်ကွက်တာတွေအတွက်လဲ အားလုံးကို တောင်းပန်ချင်ပါတယ်။ ရှေ့လဆို ဒီထက် အလုပ်ပိုများတော့မှာမို့ ဇာတ်လမ်းတွဲလေးတွေ ဖြတ်စရာရှိ ဖြတ်ပြီးရင် ဘလော့ကို ခဏနားရအုံးမလား ဆိုတာလဲ စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၁၁
၂၁း၄၃ နာရီ

12 comments:

Nyi Linn Thit said...

အဆင်ပြေသလိုသာ ရေးပါ မမေရေ..၊ အတော်လေး အလုပ်များနေမှန်းတော့ ခန့်မှန်းကြည့်မိ ပါတယ်၊ တခြားဘလော့ဂ်တွေလည်း ဒီလိုပဲ အချိန်ပေးနိုင်တဲ့ အပေါ် မူတည်ပြီး ရွေ့နေကြတာပဲ မဟုတ်လား၊ တသမတ်တည်း အမြဲဖြစ်နေဖို့ဆိုတာ မလွယ်လှပါဘူး၊ အလုပ်များတဲ့ကြားက ဆဒ္ဒန်ဆင်မင်းကို အဆုံးထိ တင်ပေးလို့လည်း ကျေးဇူးပါပဲဗျာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
အလုပ်များလို့ ပျောက်ချင်ပျောက် စာရေးတာနားချင်နားလေ
ဘလောဂ့်လေးတော့ ဖွင့်ထားပေါ့လို့
သတိရရင် လာကြည့်လို့ရအောင်လေ
အလုပ်သစ်မှာ အစစ အဆင်ပြေရဲ့လား
အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်နော်။
နေကောင်းကျန်းမာလဲ ရှိပါစေ

ညိမ်းနိုင် said...

ဒီဇာတ်သိမ်းပိုင်းမှာ မာတင် ဆိုတဲ့စကားလုံးကို သုံးခါ
လောက်သုံးသွားတာတွေ့တယ်ဗျ...၊ဆင်ကိုရည်ညွှန်းတယ်
လို့ ရိပ်မိပေမယ့် ဘာသဘောနဲ့သုံးနှုန်းလည်း သိဘူးဗျနော်
ပါဌိစကားပေလား....။အင်း....မအားလို့မရေးဖြစ်တာက
တော့ ဘယ်တတ်နိုင်မလဲဗျာ...အားတဲ့အခါ ပြန်လှည့်ဝင်
လာခဲ့ပါနော့.....:)))

Anonymous said...

မမေဓါရေ

(သို့ပေသိ လောလောဆယ် အလုပ်များပုံက အသက်တောင် ၀၀ မရှူနိုင်တဲ့ ဘ၀မို့ ရေးနိုင်တဲ့သူတွေကိုသာ အားကျနေမိပါတယ်။ )

အလုပ်များ တာကို ကိုယ်ချင်းစာပါတယ်.. အလုပ်မများအောင် ဆုတောင်း ပေးလို့လည်း မဖြစ်ဘူးနော်...

အလုပ်များမှ အဆင်ပြေတာမဟုတ်လား.. အလုပ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ဘဲ ဆုတောင်းပေးပါတယ်

ရွှေစင်ဦး

ဒါနဲ့ သိတဲ့ သူများ မမေဓါ မေးထားတာ ကို ဖြေပေးကြပါအုန်း နော် ရွှေစင်ဦးလည်း သိချင်တယ်

တောက်ပကြယ်စင် said...

တခြားဘလော့ဂ်တွေလည်း များသောအားဖြင့်တော့ မအားတဲ့ကြားကပဲ ရေးတင်ကြတာ ထင်ပါရဲ့နော်။ အလုပ်လည်းလုပ် ဘလော့လေးလည်း ဂင်ပေါ့ကွယ်။ ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ...

seesein said...

ကြီးမေ

မအားရင်လဲ မကောင်းဘူး အားလွန်းရင်လဲ မကောင်းဘူးဗျာ။
အားလွန်းရင် မန်မန်တူတူပုန်းလိမ့်မယ်
မအားလွန်းရင် ကျန်းမာရေးထိခိုက်မယ်
ကြီးမေ အစစအရာရာ အဆင်ပြေပါစေ။ ဘလော့နားတာမဟုတ်ဘူးနော် ကြီးမေ။ လူဘဲ နားဗျ။ စစ မဖတ်ရသေးတာ တွေ ဖြည်းဖြည်းချင်းဝင်ဖတ်နေလို့ပါ။

ခင်မင်တဲ့
seesein

mstint said...

အလုပ်ကြောင့် စိတ်ဖိစီးမှုများတဲ့အခါ ဘလော့ဂ်မှာပို့စ်တင်လိုက်ခြင်ဖြင့် စိတ်အပမ်းဖြေမှု ရမယ်လို့ထင်ပါတယ်။ ကျန်းမာရေးတော့ ဂရုစိုက်နော်။
စာကောင်းပေကောင်းဖတ်သွားတယ် မေဓာဝီရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

မမေရေ
စူဠသုဘဒ္ဒါက စိဉ္စမာဏ လာဖြစ်တာ မဟုတ်ပါဘူး။

ဂေါတမဘုရားရှင်လက်ထက်မှာ မထင်မရှား ဘိက္ခုနီတစ်ပါးဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်သွားတာ။
နာမည်အတိအကျ မပါဘူး။ ဒဟရဘိက္ခုနီ (ငယ်ရွယ်သောရဟန်းမ)လို့ဘဲ ပါတယ်။

ဒဟရ= ငယ်ရွယ်သော၊
ဘိက္ခုနီ= ရဟန်းမ။

ဇာတက အဋ္ဌကထာ တိံသ နိပါတ် ဆဒ္ဒန္တဇာတ်မှာ အဲဒီလို ဖော်ပြထားတယ်။

သနားပါတယ်။ ထင်ထင်ရှားရှားတောင် ဖြစ်ခွင့်မရရှာဘူး။ အေးလေ သူက မနာလိုဖြစ်ပြီး မကောင်းကြံခဲ့တာကိုး။ တရားရသွားတာတောင် ၀မ်းသာရဦးမယ်။း((

ညိမ်းနိုင် (ခ)မောင်လေးရေ....
မာတင် မာတင် မာတင် ဆိုပြီး တွေ့တယ်ပေါ့။ ဧကန္တတော့ မေဓာဝီက သူ့အမျိုး မစ်စ်တာ မာတင်ကို သတိတရ ဖြစ်နေလို့ အဲဒီ မာတင်ဆိုတာကို လင်္ကာထဲ ထည့်ရေးတာ ဖြစ်ရမယ်။ ဟာ ဟ။

မာတင်ဆိုတာ မာတင်္ဂဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ သိတဲ့အတိုင်း ဆင် ကို ပြောတာပါဘဲ။

ဖူးးး ဟိုရှာဒီရှာနဲ့ စူဠသုဘဒ္ဒါက ထွက်ပြေးလိုက် သူကြီးမင်းက လိုက်လိုက်နဲ့ အတော်လေး မောသွားတယ်။ ဒီကြားထဲ မာတင်က ၀င်ပါလိုက်သေး။း))))

ပျော်ရွှင်ချမ်းသာ ချမ်းသာ အသက်ရှည်ပါစေ။

ခင်မင်လျက်
တုံးဖလားသူကြီးမင်း

ဟန်ကြည် said...

ထင်ပါတယ်...အစ်မမေတော့ အငြိမ်းစားဘ၀က ပင်စင်ရပြီး အလုပ်များနေပြီလို့...ဘာပဲဖြစ်ဖြစ် စောင့်နေတဲ့ ဆဒ္ဒန်ဆင်မင်း ၀ထ္ထုကို အပြီးတင်ပေးသွားတာတော့ ကျေးဇူးပါဗျာ...ကိုယ်တိုင်က အလုပ်များတာကို သဘောတွေ့သူဖြစ်တာမို့ အစ်မမေ အလုပ်များနေတာကို တွေးရင် မုဒိတာပွားပါရဲ့( စိတ်ဆိုးလည်း မတတ်နိုင်ဘူး အစ်မရေ...)ဘာပဲဖြစ်ဖြစ် အားရင်တော့ ဘလော့ဂ်ဒေးအမှတ်တရလေး ရေးထားတာလေး ငါးမိနစ်စာလောက် လာလှည့်ကြည့်ပါဦးလား...တစ်နှစ်မှ တစ်ခါမို့ပါ...

http://hankyi.blogspot.com/2011/08/blog-post_27.html

မြစ်ကျိုးအင်း said...

ဆန္ဒန်ဆင်မင်း ဇာတ်တော်က အရှေ့ပိုင်းတွေမှာ ဖတ်ဖူးသလို ရင်းနှီးပေမယ့် အခုနောက်ဆုံးပိုင်းကတော့ မသိသလို စိမ်းနေတယ်။ သေသေချာချာ ဖတ်လိုက်ရတယ်။ ဒီလို စာမျိုးက ပြန်ကူးရတာ မလွယ်တာကို မြင်သာပါတယ်။ စေတနာနဲ့ မအားတဲ့ကြားက အချိန်ပေး ကူးတင်ပေးတာကို ကျေးဇူးတင်မိသေးတယ်။

အားလပ်ချိန် နည်းလာရင်တော့ စာရေးတာ လျှော့ရမှာပဲလေ။ ဘလော့တော့ မပိတ်ဘဲ အားတဲ့အခါလေး ဝင်တင်ဖို့ အကြံပေးပါတယ်။

sosegado said...

ဆင်မင်း အကြောင်းတော့ ပြီးသွားပြီပေါ့၊
တက်ဂ်ပို့စ်က တော်တော်ရေးရခက်နေတယ်
ကိုအောင်ကြောင့် ရေးရဦးမှာပါ။
ပျော်ရွင်ချမ်းမြေ့ပါစေ။

lwannaung said...

လိုချင်တဲ့အခါ အသေးစိတ်ကိုးကားလို့ရတဲ့အတွက် ကျေးဇူးပါခင်ဗျာ။