Wednesday, June 30, 2010

ပဲနိဝိုက်၏ ... မ၀ိုက်၏

အင်း … ထွက်တော့မယ် ထွက်တော့မယ်၊ အဲ ပြန်ဝင်သွားပြန်ပြီ၊
အားလေးနည်းနည်း စိုက်ပြီး ညှစ်ဦးမှ ကဲ … အာ … ထွက်ခါနီးမှ တကယ်ပဲ …
ကိုင်းဟာ … ဒီတခါ နောက်ဆုံး … လာလေရော့ … အင့် …
((((( ဟင် ))))) ပြုတ်ကျသွားပြီ ……… :(
***
လွန်ခဲ့သော တလခန့် မနက်ခင်း တခင်း၊ ရေချိုးခန်းတွင်းက အဖြစ်အပျက် တခုပါ။ တခြားတော့ မဟုတ်ပါဘူး၊ ပိန်ကပ်ရှုံ့တွနေတဲ့ သွားတိုက်ဆေးဗူးထဲက သွားတိုက်ဆေး အနည်းငယ် ထွက်လာရေး အားကြိုးမာန်တက် ညှစ်ထုတ်နေတာ ဖြစ်ပါတယ်။ ကုန်လုလု သွားတိုက်ဆေးဗူးကို လွှင့်ပစ်ရမှာလဲ နှမြောတော့ ရသလောက်ကလေး ကြိုစားပမ်းစား ညှစ်ကြရတဲ့ အဖြစ်အပျက်မျိုးကို ကြုံဖူးကြမလားတော့ မသိဘူး။ ကျမတော့ ငယ်ငယ်တုန်းက မကြာခဏ ကြုံခဲ့ဖူးတယ်။ သွားတိုက်ဆေးဗူး ကုန်ခါနီးရင် အမေက တော်တော်နဲ့ အသစ်ထုတ်မပေးဘူး။ အသစ်ထုတ်လိုက်ရင် အဟောင်းကို ကုန်အောင် မသုံးကြတော့ဘဲ အသစ်ကိုပဲ အလွယ်တကူ သုံးကြတာမို့ ညှစ်လို့ မထွက်နိုင်လောက်အောင် ပြားချပ်ပြီး ကုန်လုလု ဖြစ်သွားမှ အသစ်ဗူးကို ထုတ်ပေးပါတော့တယ်။ ကျမတို့လဲ အသစ်မရမချင်း ဗူးဟောင်းကို ဆေးပုလင်းနဲ့ လှိမ့်ပြီး ညှစ်လိုညှစ်၊ သနပ်ခါးတုံးနဲ့ ဖိပြီး ညှစ်လိုညှစ် လုပ်ခဲ့ကြရတာပေါ့။ အဲဒီတုန်းက သုံးခဲ့ဖူးတဲ့ မြန်မာပြည်တွင်းဖြစ် ပက်(ပ်)ဆိုးဒန့် သွားတိုက်ဆေးဗူးလေးတွေကို ပြန်ပြောင်း အောက်မေ့မိရင်း ဆရာဇော်ဂျီရဲ့ ကဗျာလေးက ခေါင်းထဲကို မဆီမဆိုင် ရောက်လာတယ်။
"အပ်နဖား"
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား၊
အဘွားအိုအမြင်ကပ်တယ်
အပ်ရွှေနဖား။

ဒါနဲ့ပဲ ကျမလဲ ဆရာဇော်ဂျီရဲ့ အပ်နဖားကဗျာကို အတုခိုးပြီး "သွားတိုက်ဆေး" ဆိုတဲ့ ကဗျာတပုဒ် စိတ်ကူးထဲမှာ ရေးလိုက်တယ်။

"သွားတိုက်ဆေး"
ညှစ်သော်တဲ့ ညှစ်သော်
လစ်ချော်လို့ဝေး၊
ဒေါ်လေးမေ အကြံအိုက်တယ်
ဒီသွားတိုက်ဆေး။***
တကယ်တော့ အဲဒီနေ့ မနက်က သွားတိုက်ဆေးဗူးကို အတင်းကာရော ညှစ်မယ့်သာ ညှစ်နေတာပါ အသစ်တဗူးက အိပ်ခန်းထဲက အံဆွဲထဲမှာ အဆင်သင့်ရှိပြီးသား။ ဒါပေမဲ့ ရေချိုးခန်းထဲရောက်မှ အိပ်ခန်းထဲ ပြန်သွားမယူချင်တော့လို့ ထွက်သလောက်ကလေး ကြိုးစား ညှစ်ရတာ။ ဖြစ်ချင်တော့ အထက်မှာ ပြောခဲ့သလိုပါပဲ အားသွန်ခွန်စိုက် ညှစ်လိုက်လို့ ဖြွတ်ခနဲ ထွက်လာတဲ့ သွားတိုက်ဆေးလေးဟာ သွားတိုက်တံ ပေါ်မရောက်ခင်မှာပဲ မျက်နှာသစ်ခွက်ထဲ ဖြုတ်ခနဲ ပြုတ်ကျသွားတော့ ပါးစပ်ထဲ ရောက်ခါနီးမှ မြေကြီးပေါ် ကျသွားတဲ့ အသားတုံးကို နှမြောချင်းကြီးစွာ ငေးကြည့်ရတဲ့ အဖြစ်မျိုး ဖြစ်သွားပါတော့တယ်။ အဲဒီလို ပြုတ်ကျသွားတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးပြီး ငါတော့ penny wise ဖြစ်နေပြီလားမသိပါဘူးလို့ ရှက်ရယ် ရယ်မိပါတယ်။ ဒါနဲ့ပဲ ထပ်လဲ မညှစ်ချင်တော့ဘူး၊ အားကုန်တယ်၊ အချိန်ကုန်တယ်၊ အသစ်သွားယူတာက ပိုသက်သာတယ်ဆိုတဲ့ အတွေးနဲ့ အသစ်ဗူးကလေး ပြေးယူပြီး အမြန်အဆန်ပဲ သွားတိုက်လိုက်တော့လဲ လွယ်လိုက်တာ။

ပဲနိဝိုက်စ်ကို တွေးမိတော့ တချိန်တုန်းက သိကျွမ်းဝင်ခဲ့ဖူးသူ တယောက်အကြောင်း ခေါင်းထဲ ရောက်လာပြန်ပါတယ်။ အဲဒီလူက ပေသီး ခေါ် သူရိန် ခေါ် အောင်သပြေတဲ့။ သူက တရုတ်လူမျိုး၊ ကပ်စေးနည်းလွန်းလို့ အဖေက သူ့ကို ပေသီးလို့ နာမည်ပေးထားတယ်။ သူက မျက်နှာသစ် ဆပ်ပြာခရင်မ်ဗူး ကုန်သွားရင် ကပ်ကျေးနဲ့ ထက်ပိုင်းဖြတ်ပြီး လက်ညှိုးနဲ့ ကလော်သုံးတာ။ ကျမဖြင့် အံ့သြရော၊ ငယ်ငယ်တုန်းကသာ သွားတိုက်ဆေးကို ပုလင်းနဲ့လှိမ့်ပြီး ညှစ်သုံးဖူးတာ၊ သူ့လိုတော့ ကပ်ကျေးနဲ့ဖြတ်ပြီး တခါမှ မလုပ်ဖူးဘူးကိုး။ ကျမအံ့သြပေမဲ့ သူကတော့ ခပ်အေးအေးပဲ၊
“လေးငါးခါလောက်တော့ သစ်လို့ရသေးတယ်ဟ” လို့ ပြောပါတယ်။

အဲဒီလိုသာ ကပ်စေးနည်းတာပါ၊ သုံးတဲ့နေရာကျတော့လဲ အသုံးသားပဲ။ သူကြိုက်တဲ့ သီချင်းစီဒီတို့ ဘာတို့ဆိုရင် လက်မနှေးဘူး ၀ယ်တာပဲ။ တခါတုန်းက အိမ်နီးနားချင်း မိသားတစုလဲ အဲဒီလိုပဲ။ မနက်မိုးလင်းရင် သွားတိုက်တံလေးတွေ ကိုင်ပြီး သွားတိုက်ဆေး လာချေးကြတယ်။ ဆေးလိပ်သောက်ခါနီး မီးခြစ်မရှိလို့ ဘုရားမီးပူဇော်ဖို့ ထားတဲ့ မီးခြစ်ကို လာငှားကြတယ်။ သွားတိုက်ဆေးတဗူး၊ မီးခြစ်တလုံး မ၀ယ်နိုင်လောက်အောင် ချို့တဲ့ကြတာလဲ မဟုတ်၊ စားသောက် သုံးစွဲနေကြတာ မြင်နေရတာပဲ။ အဲဒီလို မဟုတ်တဲ့နေရာ ချွေတာပြီး တခြားနေရာမှာ သုံးဖြုန်းနေတတ်တဲ့ လူတွေနဲ့ ကြုံရင် ကျမတို့က penny wise, pound foolish လို့ တီးတိုးတီးတိုး သဖန်းပိုး ပြောလေ့ရှိတယ်။

အဘိုးလေး ပြောပြဖူးတာ ရှိသေးတယ်၊ သူ့မိတ်ဆွေ ခပ်ကြီးကြီးပိုင်းထဲက လူကြီးတယောက် ဆိုပါတော့။ သူ့အိမ်သွားရင်တောင် လုံခြုံရေးအထပ်ထပ်ကို ဖြတ်ပြီးသွားရတာမျိုး။ အဘိုးလေးနဲ့ ငယ်သူငယ်ချင်းဆိုတော့ တပတ်တခါလောက် တရားဆွေးနွေးကြရင်း ထမင်းအတူ စားကြတယ်တဲ့။ တခါတော့ ထမင်းစားသောက်ပြီး အဘိုးလေးက သွားကြားညပ်လို့ သွားကြားထိုးတံ ရှိလားမေးတော့ အဲဒီလူကြီးက second hand လေးတော့ ရှိတယ်ကွလို့ ပြောသတဲ့။ သွားကြားထိုးတံတောင် second hand ပြန်သုံးတယ်ဆိုတော့ အံ့သြကုန်နိုင်ဖွယ် ပဲနိဝိုက်စ်ပေပဲလို့ တွေးမိပါရဲ့။

တခြားသူတွေရဲ့ ပဲနိဝိုက်စ်တွေ တွေးနေရင်း မနက်စောစောစီးစီး သွားတိုက်ဆေးဗူး ခြေကန်ညှစ်နေတဲ့ ကျမကိုယ်တိုင်ရော ပဲနိဝိုက်လား မ၀ိုက်လား ပြန်လည် သုံးသပ်ကြည့်မိတယ်။
အင်း … ကျမကတော့ …
… … … … … … … … …
… … … … … … … … …
… … … … … … … … …
ဟုတ်ကဲ့ ...
တနှစ်တခါ ကျောင်းလခနဲ့ အထွေထွေ အသုံးစရိတ်အဖြစ် ဦးရီးတော်ပေးတဲ့ ထောင်နဲ့ချီတဲ့ စတာလင်ပေါင်တွေကိုလဲ ၀ိုက်ပါတယ်။
တလတခါ မုန့်ဖိုး ပဲဖိုးအနေနဲ့ ကျမအမပေးတဲ့ ၂၀၀ မျိုး ၃၀၀ မျိုး ပဲနိလေးတွေကိုလဲ ၀ိုက်ပါတယ်။ (ငွေပမာဏ နည်းလို့ ပဲနိလို့ တင်စားလိုက်တာပါ၊ အမ ဖတ်မိရင် စိတ်ဆိုးပြီး နောက်မပေးတော့ရင် ဒုက္ခ)

ဒါကြောင့် … ကျမကတော့ ပဲနိလဲဝိုက်တယ်၊ ပေါင်လဲဝိုက်တယ် … ကဲ ... မကောင်းဘူးလား ... ကိုယ့်ဟာနဲ့ကိုယ်တော့ အဆင်ကိုပြေလို့။
***
မေဓာဝီ
၃၀၊ ဇွန်၊ ၂၀၁၀
၉း၁၉ နာရီ

ပုံယူသောနေရာ

20 comments:

ကိုအောင်(ပျူနိုင်ငံ) said...

တစ်ပေါင်ဆိုင်မှာ ဈေးလျှော့တဲ့ အခါ များများ ၀ယ်ထား
ပေါ့ ....း)၊ လူနေမှု စရိတ်ကြီးတဲ့ နေရာမှာ
ကျောင်းသား တော်တော်များများ အဲလို ပဲသီးခေါက်လေ့
ရှိတယ်ဗျ၊ နောက်တာပါ ...းP

ကြည်ဖြူပိုင် said...

ဇ၀နဥာဏ်ရွှင်လိုက်တာတော့......
အရမ်းကောင်းတယ်
ဒါနဲ့ဒီပို့စ်ကိုအမမဖတ်မိအောင်ထိန်းဦးနော်
တော်ကြာ..သူစိတ်ဆိုးသွားလို့ဖြတ်တောက်သွားရင်
ဝင်ငွေလျော့သွားဦးမယ် :D
အနော်ဆို,,,မမကြီးအနော့်ကိုဆူတဲ့အကြောင်းရေးထားရင်
သူ့ကိုပေးမဖတ်ဘူး မုန့်ဖိုးမရတော့မှာစိုးလို့.အဟား
:D

SHWE ZIN U said...

မမေဓါဝီ ရေ

ပျော်ရွှင်စွာ ဖတ်သွားပါတယ် အမ လည်း ပြန်သတိရ သွားတယ် မဆလ ခေတ်က သွားတိုက်ဆေးဘူးလေး နဲ့ ကာဘောလစ် ဆပ်ပြာခဲ တပိုင်းလေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပဲနိ တွေ ပေါင် တွေ ဝိုက်ပြီး သူဌေးမကြီး လုပ်မလို့လားးးးးးးးးးးးးးး

Anonymous said...

သိတ်လဲ ကပ်စေးမနည်းနဲ့လေ။ သေရင် ကိုယ့်နောက်ပါတာမဟုတ်ဘူး။ ၀ိုက်ထားတာတွေ သုံးသာသုံး ။

ကလူသစ်

pandora said...

ပေါ့ပါးနေပုံရတယ်။ ပျော်စရာပို့စ်လေးတွေ များများ တင်နိုင်ပါစေ။

ဟိုဘက်က ဟင်းတွေရော သွားတိုက်ဆေးရော ကြည့်ရှုသွားပါကြောင်းး)

မင်းနေဝေး said...

အမှန်က ကတ်စီးကုတ်တာပါ ... :P
စာလာဖတ်သွားပါတယ်ခင်ဗျာ

khin oo may said...

e ညှစ်တယ်ထင်လို့။

Anonymous said...

အမလိုပဲ မုန့်ဖိုးလိုချင်လိုက်တာ..

အမရေ..ဘုံးထားတာလေးထဲကနဲနဲလောက်ပေးပါ..ကျေးဇူးမမေ့ဘူး။

မုန့်ပြန်ကျွေးမယ်

မျိုးနတ်

နေ၀သန် said...

ကျွန်တော်အရင်က အီးဋီကာရေးနေကျဆိုတော့ ပထမစစဖတ်ချင်း မဟုတ်တာတွေ သွားတွေးနေတယ်.. ဟီးဟီး... မကျန်တော့တဲ့သွားတိုက်ဆေးကို ညှစ်ပြိးသုံးရတာ အရသာတစ်မျိုးနော်.... အားလည်းကုန်တယ်... လက်လည်းနာတယ်... နို့ပေမယ့် အဲဒီက ထွက်လာတာလေးကို မြင်လိုက်ရရင် ကြည်နူးသွားတယ်... ဟဲဟဲ..... စိတ်ချင်းတူတယ်..အပေါင်းအသင်းလုပ်လို့ရပြီ...း)))))))))



ခင်မင်တဲ့
နေ၀သန်

သက်ဝေ said...

ဟားဟားဟား... တော်တော်နောက်တဲ့ မမေ...း))
နောက်ကိုလဲ ပျော်စရာလေးတွေ များများရေးနိုင်ပါစေ...

Anonymous said...

ကြီးမေ
မညစ်ရတဲ့ ဆားနဲ့ ချားကိုးလေး သုံးရအောင်လေ
ရွှေပြည်မှာ ညစ်လို့ကုန်လဲ မီးဖိုချောင်ကြီးတစ်ခုလုံးရှိနေမှ ပူပေါင်နော်
ကြီးမေေ ဘောပွဲတွေမရှိတော့ ပျင်းနေပြီလား

ခင်မင်စွာဖြင့်
seesein

sosegado said...

သွားတိုက်ဆေး ညှစ် နေတာကိုး၊ ပျော်ရွှင်စွာဖတ်သွားပါသည်၊

စူးနွယ်လေး said...

မိဘလက်ကထွက် ကိုယ်တိုင်ပိုက်ဆံစရှာကတည်းက မျက်နှာသစ်ဆပ်ပြာကို ကပ်ကျေးနဲ့ ဖြတ်သုံးဖူးတယ်....အခုတော့ သူများရှာစာထိုင်စားလို့ အဲလောက်မချွေတာတော့ဘူး... ဟိ

မောင် လေး said...

အိမ်မှာတုန်းကအဲလိုပဲညှစ်သုံးရတယ်..။သွားတိုက်ဆေး
ပြောပါတယ်..။အဲလိုမှမသုံးရင်အမေကဆူရောဗျ။
ဒီရောက်တော့လဲ အကျင့်ပါနေလို့ ညှစ်မြဲပဲ..။
တလောက fair price မှာ ကုန်ကာနီးtube ဘူးတွေကို
ညှစ်တဲ့ ညှပ်ကလေးတွေ့လိုသဘောကျမိသေးတယ်..။
လူအတော်များများက အဲလိုညှစ်သုံးရတာကို သဘောကျ
တယ်ထင်ပါရဲ့

မောင်ဘကြိုင် said...

ဟိဟိ အမှန်ပဲဗျ
ကုန်ခါနီးမှ ဇွတ်ညှစ်တတ်တာ သွားတိုက်ဆေး
ဗူးကိုး)း) ပြုံးချင်စရာလေးး)

ဏီလင်းညို said...

မမေရေ.......

အနော်ကတော့ အဲ့သလိုမဖြစ်အောင် ၀ယ်လာပြီးကတည်းက..ရေချိုးခန်းထဲက ခြင်းထဲတည့်ထားလိုက်သည်ပဲလေ......အေးရောပေါ့နော့်....း)
ဆေးလိပ်သောက်တတ်ပြီးမီးခြစ်မဆောင်တတ်တဲ့သူတော်တော်များများတော့တွေ့ဖူးတယ်..။
သွားကြားထိုးတံ စက်ကန်းဟမ်းသုံးတဲ့လူတော့ တွေ့ဖူးသေးဘူးရယ်ဗျ................း)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

မြစ်ကျိုးအင်း said...

သွားတိုက်ဆေး ကဗျာစာချိုးလေး သဘောကျတယ်ဗျ။
ဟာသဓါတ် ရွှင်ပုံရတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

khin oo may said...
e ညှစ်တယ်ထင်လို့။

တူတူပဲ အစပိုင်းကို ဖတ်လိုက်တာ.. မမကွန်ထင်သလိုပဲ ထင်မိသေးတယ်....
:D

ဧပရယ်လ်ပူး@ပူးတေ said...

khin oo may said...
e ညှစ်တယ်ထင်လို့။

တူတူပဲ အစပိုင်းကို ဖတ်လိုက်တာ.. မမကွန်ထင်သလိုပဲ ထင်မိသေးတယ်....
:D

ရေတမာ said...

ဟိ ကျနော်လည်း သွားတိုက်ဆေး မျက်နှာသစ်ဆပ်ပြာ မဝယ်သေးပဲ ကပ်တီးမူးလဲ လုပ်နေတယ် ။ မီတူး ပဲနိဝိုက်းP