Monday, December 28, 2009

ကြိုဆိုပါတယ် နှစ်ထောင့်တဆယ်

ဆန္ဒတွေကို ချရေး
မျှော်လင့်ချက်တွေ တထွေးကြီးနဲ့
မဝေးမနီးမှာ ရောက်လာတော့မယ့်
နှစ်ထောင့်နဲ့တဆယ်ကို
ကြိုဆိုရပေအုံးမယ် … ။

ပြုံးပျော် ရယ်မောရင်း …
တွေဝေ ငေးမောရင်း …
ရင်ခုန် လှိုက်မောရင်း …
အချိန်တွေ စီးဆင်းခဲ့တာ
ဘာလိုလိုနဲ့ တနှစ်ကုန်ဆုံးခဲ့ပါပေါ့လား … ။

အမှားတွေနဲ့ပျော်မွေ့
အမှန်တွေကိုမေ့လျော့
ပေါ့ပေါ့ဆဆ ရှင်သန်
နည်းမမှန် လမ်းမကျ
တိုတောင်းလှတဲ့ ဒီဘ၀မှာ
ဘယ်အရာကိုမှ ညီမျှခြင်း ဆွဲမရဘူးဆိုတာ
အချိန်ကြာလာတာနဲ့အမျှ သိလာခဲ့ရပြီ … ။

ဘ၀ဆိုတာ … သင်္ချာပုစ္ဆာတပုဒ်လား …
ဘ၀ဆိုတာ … ဓာတုဓာတ်ပေါင်းစုတခုလား
ဘ၀ဆိုတာ … ရူပဗေဒ သီဝရီလား …
ဒါမှမဟုတ် -
ငြင်းချက်ထုတ်နေကြတဲ့ ဖီလော်ဆိုဖီလား …
အားကြီးသူဘက် ရပ်တည်ခဲ့ကြရတဲ့ သမိုင်းတွေလား …
ခံစားသူ စိတ်တိုင်းကျ ဖန်တီးခဲ့ကြတဲ့ စာပေ ဂီတလား …
စဉ်းစားလို့ မရတော့ပါဘူး … ။

တကယ်တမ်းကျ …
ဘ၀ဆိုတာ စက်ဝိုင်းတခုပမာ …
ခွါပြီးရင်ဆုံ … ဆုံပြီးရင်ခွါ
လည်ပတ်နေတဲ့ သံသရာပဲ မဟုတ်လား … ။

ဒီသံသရာဝဲသြဃက
မလွတ်မြောက်နိုင်သေးသမျှတော့
ဖြစ်ချင်တဲ့ ဆန္ဒ
တောင့်တတဲ့ မျှော်လင့်ချက်
လိုအပ်တဲ့ ငြိမ်းချမ်းမှု
အစုစု အဖြာဖြာ
ရရာရကြောင်း
ကောင်းကောင်းဆိုးဆိုး
ကြိုးစားကြရင်း …
ဘ၀အမောတွေ သောကတွေနဲ့
မောလျနေကြရတာပါပဲ … ။

ကဲပါလေ … ဘာပဲဖြစ်ဖြစ်
ညစ်တာတွေ ဖယ်ရှား
မေတ္တာတွေ တကယ်ပွါးလို့
သစ္စာဆိုတဲ့ အမှန်တရားကို မတွေ့သေးသမျှတော့ …
ဆန္ဒတွေကို ချရေး
မျှော်လင့်ချက်တွေ တထွေးကြီးနဲ့
မဝေးမနီးမှာ ရောက်လာတော့မယ့်
နှစ်ထောင့်နဲ့တဆယ်ကို
ကြိုဆိုရပေအုံးမယ်။
***
မေဓာဝီ
၂၈၊ ဒီဇင်ဘာ၊ ၂၀၀၉
၁၆း၁၀ နာ၇ီ

10 comments:

ကိုအောင် said...

2010 ကို ကြိုဆိုပါတယ် အန်တီရေ ...း)။

အိမ့်ချမ်းမြေ့ said...

မမေရေ...

နှစ်သစ်တွက် မလေး စောစောစီးစီးလာနှုတ်ဆက်သွားတာပါ.. သတိရတယ်..

တန်ခူး said...

မေရေ… ဆန္ဒတွေကို ချရေးကြည့်မိတယ်… ပြီးတော့… မတွေးတော့ပါဘူးလေ… မေပြောသလို ချရေးရုံလေးရေးတာ ပိုငြိမ်းချမ်းပါတယ်နော်… နှစ်ထောင့်တဆယ်မှာ ချစ်တဲ့မေတယောက် ချရေးတဲ့ဆန္ဒတွေ ခဏလေးနဲ့ ပြည့်စေသော်ဝ်…

ကိုလူထွေး said...

လွန်ခဲ့တဲ့ ၁၀ နှစ်က အဖြစ်တွေကို
ပြန်တွေးမိရင်
မနေ့တနေ့ကလိုပဲ ခံစားရတုန်း...

Y2K ဆိုပြီး
စိုးရိမ်ခဲ့ကြတာ...
စီမံကိန်းတွေ ဆွဲကြတာ...
နောက်ဆုံးတော့ ဒီကိစ္စကို
ကျော်ဖြတ်သွားနိုင်တာ...

ဘာပဲဖြစ်ဖြစ်
ဆင်ခြင်တတ်တဲ့လူဟာ
အမှားအမှန်ကို အဝေးကြီးထဲက ကြိုတင်မြင်တတ်ပြီး
အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်တတ်သူ

Happy New Year...

းဝ)

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ မမေရေ...

ချစ်ခင်လျှက်
မွန်းသက်ပန်

Nge Naing said...

Happy New Year! 2009 ကို နှုတ်ဆက်ခဲ့ပါတယ်။ ကျွန်မတော့ နှုတ်ဆက်တဲ့ ပို့စ်ပဲ တင်ရသေးတယ် ကြိုဆိုတဲ့ ပို့စ်က မနက်ဖြန်မှ တင်မယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

မေ့သမီး said...

အမရေ Happy New Year. နှစ်သစ်ကိုကဗျာလေးနဲ့ကြိုတာ တကယ်လှတယ်။ :D

ကိုပေါက်စ said...

ဟုတ်ပါတယ်..သစ္စာဆိုတဲ့ အမှန်တရားကို...ရှာမတွေ့သေးသမျှတော့...

Moe Cho Thinn said...

ဘ၀ဆိုတာ စက်ဝိုင်းတခုပမာ …
ခွါပြီးရင်ဆုံ … ဆုံပြီးရင်ခွါ

ဟုတ်ပါတယ်။ နှုတ်ဆက်လျက် ကြိုဆိုနေရသူပါပဲ။ Happy New Year ပါ ညီမရေ.. အကောင်းဆုံးတွေသာ ပိုင်ဆိုင်ရပါစေ။

Anonymous said...

ကိုယ်က ဘာမှ မရေးတက်တော့ မမေကဗျာလေးနဲ့တူတူ နှစ်သစ် ၂၀၁၀ ကို ကြိုလိုက်ပါပြီ...

မောင်ကြီး