“မေ … ငါ အခုပဲ အိမ်က ထွက်ခဲ့တော့မယ်၊ နောက် ငါးမိနစ်ဆို တက်ခ်စီလာတော့မှာ၊ ၁၅ မိနစ်အတွင်း ဘူတာရုံရောက်မယ်”
မနက်စောစောစီးစီး ဖုန်းဆက်လာသူက အာဖရိကန်သူ မမဂျူလီပါ။ ဂျူလီဖုန်းဆက်တဲ့ အချိန်မှာ ကျမ အိမ်က ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ပိုက်ဆံကို အမြဲတမ်း ချွေချွေတာတာ သုံးလေ့ရှိတဲ့ ဂျူလီတောင် ဒီကနေ့တော့ တက်ခ်စီနဲ့ ဘူတာရုံကို သွားမယ်ဆိုပဲ။ ကျမအိမ်နဲ့ ဘူတာကတော့ မိနစ် ၂၀ လောက် လျှောက်ရင် ရောက်တာမို့ ကျမကတော့ လမ်းပဲ လျှောက်သွားလိုက်တယ်။ ဘူတာရောက်တော့ ဂျူလီက ရောက်နှင့်နေပြီ။ ကျမတို့စီးမယ့် ရထားလာဖို့ ၁၅ မိနစ်လောက် လိုပါသေးတယ်။ ချမ်းချမ်းစီးစီး ဘူတာပလက်ဖောင်းက ထိုင်ခုံလေးမှာ ထိုင်ပြီး ဂျူလီနဲ့ ထွေရာလေးပါး စကားစမြည် ပြောရင်း စိတ်လှုပ်ရှားမှုကို ဖြေဖျောက်နေကြတယ်။
ဟုတ်တယ်။ ကျမတို့ နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြတယ်။ ပွဲတော်က ကျမတို့ကို ဆွဲဆောင် ဖမ်းစားထားတယ်လေ။ ပွဲတော်ကလည်း နှယ်နှယ်ရရမှ မဟုတ်ဘဲ၊ တနှစ်မှ နှစ်ကြိမ်သာ လုပ်တဲ့ပွဲ။ ဒီပွဲအတွက် လက်မှတ်ကို ပွဲမတိုင်ခင် နှစ်လလောက်ကြိုပြီး အွန်လိုင်းကနေ ၀ယ်ထားရတယ်။ ဂျူလီနဲ့ ကျမ တချိန်ထဲ အတူတူဝယ်တာတောင် ထိုင်ခုံနံပါတ် ကပ်လျက် မရဘူး။ ကြားထဲမှာ တယောက်ခြားသွားသေးတယ်။ ပွဲသွားမယ့်သူတွေ များသလား မများသလားဆိုတာ အဲဒါပဲ ကြည့်တော့။ ပွဲသွားမယ့် သူတွေများမယ့်သာ များတယ် ပွဲစဉ်တခုအတွက် ဈေးကလည်း မနည်းလှပါဘူး။ တရက်စာ လက်မှတ်တစောင်ကို စတာလင်ပေါင် ၆၄ ပေါင်၊ ကျမတို့က ပွဲစဉ် နှစ်ခုမို့ စုစုပေါင်း ၁၂၈ ပေါင် … ဆိုတော့ ဈေးမနည်းဘူး ဆိုရမယ် မဟုတ်လား။ ပြီးတော့ ပွဲက တခြားမြို့မှာ ကျင်းပတာမို့ အဲဒီကို သွားရတဲ့ ရထားခ အသွားအပြန်က ၆ ပေါင်နဲ့ ၇၀ ပဲနိ။ ရထားစီးရတာကတော့ သိပ်မကြာလှပါဘူး၊ မိနစ် ၂၀ သာသာ လောက်ပဲ။ ဟိုရောက်တော့ ဘူတာကနေ ပွဲကျင်းပမယ့် နေရာကိုသွားဖို့ တက်ခ်စီ ငှားရပြန်တယ်။ တက်ခ်စီခက ၈ ပေါင်။ နှစ်ယောက်မျှပေးရတာဆိုတော့ တယောက် ၄ ပေါင်ပေါ့။
ပွဲကို မိုးလုံလေလုံ အားကစားခန်းမကျယ်ကြီးတခုမှာ လုပ်ပါတယ်။ ကျမတို့ ရောက်သွားတော့ ဘယ်သူမှတောင် မရောက်ကြသေးဘူး။ တကယ်တမ်း ပွဲစမှာက ၁၀ နာရီ၊ ကျမတို့ ရောက်သွားတာ ၈ နာရီ ၃၈ မိနစ်။ ပွဲကျင်းပမယ့် ခန်းမထဲ ၀င်ခွင့်မရသေးတာကြောင့် အပြင်ဘက် နားနေတဲ့ နေရာက ထောင့်ကျကျ ထိုင်ခုံတခုမှာ ထိုင်ရင်း စာအုပ်ထုတ်ဖတ်နေလိုက်တယ်။ (တကယ်တော့ ဂျူလီသာ စာဖတ်တာ၊ ကျမက ကင်မရာတလုံးနဲ့ သူ့ကို လိုက်နှောက်ယှက်နေတာပါ) တဖြည်းဖြည်းနဲ့ လူတွေ တဖွဲဖွဲ ရောက်လာကြ၊ နှုတ်ဆက်ကြ၊ ဟိုဟိုဒီဒီ မေးမြန်းကြမို့ အသံပလံတွေ ဆူညံလာတယ်၊ နားနေဆောင်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ အားလုံးက ပွဲတော်ကို မျှော်လင့်တကြီး စောင့်စားနေကြသူချည်းပါပဲ။
ဒီလိုနဲ့ ၉ နာရီ ၄၅ မိနစ်မှာ ခန်းမထဲ ၀င်ခွင့်ရကြောင်း ကြေငြာတယ်။ အားလုံး လက်မှတ်လေးတွေ အသီးသီးကိုင်ပြီး ခန်းမထဲ ၀င်လိုက်ကြတယ်။ ခန်းမကျယ်ကြီးထဲမှာ ကိုယ်ထိုင်ရမယ့် ထိုင်ခုံနေရာကို ရှာတော့ ကျမခုံက နောက်ဆုံးပဲ။ နောက်ဆုံးတန်းဆိုတော့ ကျမက ပိုသဘောကျပါတယ်။ ကျမနဲ့ တယောက်ခြားမှာတော့ ဂျူလီပေါ့။ အားလုံးနေရာယူပြီးချိန်မှာ အခန်းအနားမှူးက အစီအစဉ်ကို ကြေငြာတယ်။ သူ့အသံမကြားတချက် ကြားတချက်။ အစီအစဉ်ကို မသိချင်ဘူး။ ကျမတို့အားလုံး သိချင်စိတ် စောနေကြတာ … မကြာခင် စ-တော့မယ့် ပွဲ … ။
***
၁၀ နာရီ။
ပွဲစပြီ။
အသံတွေ တိတ်ဆိတ်သွားတယ်။
လူတွေအားလုံး ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေကြပေမဲ့ စိတ်တွေ လှုပ်ရှားနေကြတယ်။ ရာသီက အေးပေမဲ့ ချွေးတွေပြန်နေကြတယ်။ နာရီကို တကြည့်ကြည့်နဲ့ အချိန်တွေ မြန်မြန်ကုန်ပြီး ပွဲပြီးသွားမှာလည်း စိုးရိမ်နေကြတယ်။ အသက်တောင် ၀၀ မရှူနိုင်ကြဘူး။ ခဏတဖြုတ် အပေါ့အပါးလည်း ထမသွားကြဘူး။ တစက္ကန့်, တမိနစ်တောင်မှ ဒီထိုင်ခုံက မခွါနိုင်ကြဘူး။
ဒီပွဲအတွက် ကြိုတင်ပြင်ဆင် ခဲ့ရတာ …
ဒီပွဲအတွက် ရင်ခုန် မျှော်လင့်ခဲ့ကြတာ …
ဒီပွဲအတွက် စိုးရိမ် ပင်ပန်းခဲ့ရတာ …
… … … … … …
… … … … … …
… … … … … …
၁ နာရီ ၁၅ မိနစ်။
ပွဲပြီးသွားပါပြီ။
ခန်းမထဲကနေ လူတွေ ရုံးစု ရုံးစု ထွက်လာခဲ့ကြတယ်။ တယောက်နဲ့တယောက် မေးကြ မြန်းကြ နှုတ်ဆက်ကြနဲ့။ ဂျူလီလည်း အနားရောက်လာတယ်။
“ဘယ်လိုလဲ …”
“ဒီလိုပဲ …”
ကျမတို့ အချင်းချင်း ပြောရင်း ရယ်လိုက်ကြတယ်။ ဟုတ်တယ် … ဘယ်လိုလဲ ဆိုတာ ကျမတို့ မပြောတတ်ဘူး။ ရယ်နေလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။
***
“ပွဲသွားကျော့ကျော့ .. ပွဲပြန်မော့မော့” တဲ့။ စကားပုံရှိပေမဲ့ ကျမတို့ ပွဲအသွားမှာလည်း မကျော့သလို ပွဲအပြန်မှာလည်း မမော့နိုင်ပါဘူး။ “ပွဲပြီး မီးသေ” ဆိုသလိုလည်း မီးမသေခဲ့ကြပါဘူး။ ပွဲရဲ့ ရလဒ်ကို တကယ်တမ်း သိရမှ … ကျမတို့ ပျော်နိုင် မော်နိုင်ကြမှာပါ။ ခုလောလောဆယ်တော့ ပွဲအပြီးမှာ အမြီးကလေးတွေ အသာကုပ်ပြီး ကျမတို့ အိမ်ပြန်ခဲ့ကြပါတော့တယ်။
***
မေဓာဝီ
၂၂၊ ဒီဇင်ဘာ၊ ၂၀၀၉
၁၃း၀၂ နာရီ
(ဒီဇင်ဘာ ၈ ရက် နှင့် ၁၄ ရက်တွင် ဖြေဆိုခဲ့သော စာမေးပွဲ အမှတ်တရ)
11 comments:
၃ နာရီနဲ့ ၁၅ မိနစ်တောင် ကြာတဲ့ ပွဲတစ်ခုပါလား
အောင်မြင်ပါစေဗျာ ...။
အားလုံးအဆင်ပြေလို့
အောင်မြင်ပါစေခင်ဗျာ..
*.*.*
ကျနော်က အခုနောက်ပိုင်း အိပ်မက်ထဲမှာပဲ အဲဒီ ပွဲကို ကြုံရတော့တာ။ ကြုံတိုင်းလည်း တလွဲတချော်တွေချည်းမို့ လန့်နိုးရတဲ့ အိပ်မက်ဆိုးတွေပေါ့။ ဘာသာမှားကြည့်သွားမျိုး၊ ဘာမှ မပြင်မဆင်ရသေးတာမျိုးတွေချည်း ရွေးပြီးမက်တယ်။
စာမေးပွဲမိုလားမေ… အဖြေမှန်မမှန်ပြောပြဦးလေ… (လုပ်တာက အားကစားရုံလို နေရာဆိုတော့ စာမေးပွဲဟုတ်ပါ့မလားလို့ လဲ ထင်မိတယ်)… မေ့သူငယ်ချင်း ဂျူလီက ခင်ဖို့ ကောင်းတယ်နော်… အဲဒီပွဲရလာဒ်လေးက ပျော်ရွှင်စိတ်ချမ်းသာရမယ့် ရလာဒ်လေးဖြစ်ပါစေလို့  ဆုတောင်းပေးတယ်နော်…
စာမေးပွဲဖြစ်ခဲ့တာကိုး။ ရင်တုန်စရာကို ဓါတ်ပုံတောင်ထုတ်ရိုက်နိုင်သေးတယ်ဆိုတော့ တော်တော်ချီးကျူးဖို့ကောင်းတယ်။
အောင်မြင်ပါစေ အန်တီး)))
ကိုအောင် ... ဟုတ်တယ်ရှင့် မေးခွန်းဖတ်ချိန်က ၁၅ မိနစ်၊ ဖြေဆိုချိန်က ၃ နာရီပါ။
လင်းကြယ်ဖြူ ... ဆုတောင်းပေးတာ ကျေးဇူးပါ။
ကိုပေါ ... ကျမလည်း စာမေးပွဲအိပ်မက် ခဏခဏ မက်တယ်။ ဒီတသက် စာမေးပွဲမဖြေရတော့ဘူး ထင်နေတာ ... အခုပြန်ဖြေနေရတယ်။ စာမေးပွဲ အိပ်မက်ဆိုးကတော့ ခုထိမက်တုန်း။
မတန်ခူး ... စာမေးပွဲလေ .. မ-ရဲ့။ ဖြေတဲ့လူများတော့ အားကစားရုံမှာ လုပ်ရတာ။ ဟုတ်တယ်.. ဂျူလီက ခင်ဖို့ကောင်းတယ်။ မေ ဆိုးသမျှလည်း ခံတယ်။ :P ဒါကြောင့် ပိုခင်တာ။
ကြယ်ကလေး ... အဲလိုပဲလေ .. အကျင့်ကပါနေတော့ သွားလေရာ ကင်မရာသယ်သွားတာ။
လာရောက်ဖတ်ရှု ဆုတောင်းပေးကြသူများအားလုံး ကျေးဇူးတင်ပါတယ်ရှင်။
“ပွဲကြိုက်ခင်“ တော့ မဟုတ်ဘူး မဟုတ်လား... :P
အောင်မြင်ပါစေ MDWး))))
ဘာပွဲလဲလို့ စဉ်းစားလိုက်ရတာ။ ရလာဒ်တွေဘာတွေ ပါလာတော့ အားကစားပွဲလားလို့။ စကားပုံတွေ တွေ့လိုက်တော့ ခေါင်းတောင်ရှုပ်သွားတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် အမရေ။
ဘာပွဲများလဲ လို့
ပွဲတကာ့ပွဲ.. ဒီပွဲတော့ စိတ်ညစ်တယ်။
အစကနေ အဆုံးနားရောက်တဲ့အထိ ပွဲတခုခု သွားကြည့်တယ်ပဲ ထင်နေတာ... စုံထောက်ဝတ္ထုရေးလို့ရတယ်။
မမေရေ..
ဒီပွဲမှာ..
အဆင်ပြေပါစေနော်...။။
Post a Comment