ဒီကဗျာ (၃) ပုဒ်ကတော့ ပုံစံခြင်းမတူတဲ့ ကဗျာတွေပါ။ ပထမကဗျာကို ရေးဖြစ်တာကတော့ အောက်တိုဘာ ၃၁ ရက်နေ့က။ ဟိုနေရာ ဒီနေရာ လူတကာ တစ္ဆေခြောက်နေကြတဲ့ အချိန်ဆိုတော့ ကိုယ်လည်း “တစ္ဆေခြောက်တဲ့ ည” ဆိုပြီး ရေးဖြစ်သွားတယ်။ ဒေါက် .. ဒေါက်၊ ဖြောက် .. ဖြောက်၊ ချောက် ... ချောက် ဆိုပြီး ကာရန်တူ မြည်သံစွဲ စကားလုံးနဲ့ အစချီပြီး စမ်းရေးကြည့်တာပါ။
တစ္ဆေခြောက်တဲ့ည
"ဒေါက် … ဒေါက် …"
တံခါး ခေါက်သံ
ခြေသံဖျပ်ဖျပ်
လျှပ်တိုက်နင်းသွား
ဘယ်သူများလဲ
တွေးနေဆဲမှာ
အရိပ်မည်းနက်
ရုတ်တရက်မြင်
မှင်သက်မိ … ။
"ဖြောက် … ဖြောက်"
မိုးပေါက်မိုးစက်
အိမ်ခေါင်ထက်ဆီ
စီရီကြွေကျ
ပြတင်းဝမှာ
ဇာခန်းဆီးစ
တလွလွလွင့်
လေပင့်သက်ရှိုက်
ညင်သာတိုက်စဉ်
ပီပြင်မကွဲ
နားထဲကြားယောင်
“သွားရအောင်ပါ
လာလေ … လာကွယ့်”
ဆိုတဲ့စကား
နားထောင်မိ … ။
"ချောက် … ချောက် ..."
ရောက်လုပြီလား
နာရီများစွာ
ရွေ့လျားလည်ဆဲ
ကုန်ခဲလွန်းလှ
သန်းခေါင်ည၀ယ်
ကြယ်ရိပ်မလင်း
လမင်းမရှိ
မှုန်တိမှုန်မွှား
ဝိုးတ၀ါးတွင်
မြင်ယောင်နေမိ
ထိုသည့်အရိပ်
တိတ်တိတ်လေလား
အနားတိုးကပ်
စိမ်းသက်ရနံ့
ဝေ့လွင့်ပျံ့ကာ
ကိုယ်ပေါ်မှာလည်း
ချည်နှောင်တည်းပတ်
သက်ရှူခက်နေ
အို … တစ္ဆေ လား …
မှားထင်မိ ... ။
***
၃၁၊ အောက်တိုဘာ၊ ၂၀၀၉
ည ၁၀း၅၃ နာရီ
***
(၅)
တစ္ဆေခြောက်ခံရပြီး နောက်တညမှာပဲ နောက်ထပ် ကဗျာတပုဒ် ရေးဖြစ်တယ်။
ကျမက ညတွေကို စိတ်ဝင်စားတယ်။ ညနဲ့ ဆိုင်တဲ့ ကဗျာတွေလည်း မကြာမကြာ ရေးခဲ့ဖူးတယ်။ အဲဒီနေ့ကတော့ ပျောက်သွားတဲ့ ညတည အကြောင်းရေးဖြစ်ခဲ့တယ် ဆိုပါတော့။ ကာရန်မပါလို့ ကဗျာမဟုတ်ဘူးဆိုလည်း ပျောက်ဆုံးသွားတဲ့ညဟာ ကဗျာမဟုတ်တဲ့ စာစု တချို့လို့သာ ဆိုကြပါစို့ရဲ့။
ကျမက ညတွေကို စိတ်ဝင်စားတယ်။ ညနဲ့ ဆိုင်တဲ့ ကဗျာတွေလည်း မကြာမကြာ ရေးခဲ့ဖူးတယ်။ အဲဒီနေ့ကတော့ ပျောက်သွားတဲ့ ညတည အကြောင်းရေးဖြစ်ခဲ့တယ် ဆိုပါတော့။ ကာရန်မပါလို့ ကဗျာမဟုတ်ဘူးဆိုလည်း ပျောက်ဆုံးသွားတဲ့ညဟာ ကဗျာမဟုတ်တဲ့ စာစု တချို့လို့သာ ဆိုကြပါစို့ရဲ့။
ပျောက်ဆုံးသွားတဲ့ ည
မကြားရတဲ့ အသံတွေ
ဆိတ်ညံနေတဲ့ ညထံ
ရောက်သွားတယ် … ။
မှားယွင်းနေတဲ့ အမှန်တရားအတွက်
ပေးဆပ်ရတဲ့ ညက
ခြောက်ခြားဖွယ် … ။
တည်မြဲနေတဲ့ မရှိခြင်းများ
ထင်ရှားနေတဲ့ ညတည
ပျောက်သွားတယ် … ။
***
၁၊ နိုဝင်ဘာ၊ ၂၀၀၉
၁၂း၄၄ နာရီ
***
နောက်တပုဒ် ကတော့ ကိုဟယ်ရီရဲ့ “ကြွေ” ကဗျာကိုဖတ်ပြီး ပြန်ရေးဖြစ်ခဲ့တဲ့ အချိုး ကဗျာလေးပါ။ ကိုဟယ်ရီက အဲဒီကဗျာကို ဖေ့စ်ဘွတ်ထဲမှာတင်တော့ ကျမက ကွန်မန့်အနေနဲ့ ရေးလိုက်တာကို သူက သဘောကျပြီး သူ့ဘလော့မှာ တင်ခဲ့တယ်။ လောကအလှက ဒေါ်လေးဟနစံက “လွင့်” လို့ ခေါင်းစဉ်တပ်ပြီး လောကအလှမှာ ပြန်လည် ဖော်ပြပေးခဲ့ပါတယ်။
လွင့်
မမှန်းသာ
ပန်းကဗျာ သီကာကုံး
မမုန်းပါနှင့်။
အရှင့်ထံ...
ခွင့်ပန်လွှာ ကဗျာပန်းကို
အသာလှမ်းကာ ပေးအပ်လည်း
ပြေးထွက်သူ ရှောင်ခွါလို့
ယောင်ချာချာ မျှော်တမ်းရှိုက်
လွမ်းလှိုက်လေလွင့် ... ။
***
၆၊ နိုဝင်ဘာ၊ ၂၀၀၉
ည ၈ နာရီ
***
နောက်ထပ် ရေးဖြစ်တာတွေ ရှိနေပါသေးတယ်။ ကျောင်းစာဖတ်နေရတယ် ဆိုပြီး ကဗျာတွေချည်း ရေးနေမိတာတော့ မတတ်နိုင်ဘူးရှင်။ ခေါင်းထဲရောက်လာတဲ့ အတွေးတွေကို မပျောက်ပျက်စေချင်လို့ စာလုံးလေးတွေအဖြစ် ချရေးမိလိုက်တာပါပဲ။ :)
***မေဓာဝီ
၁၇၊ ဒီဇင်ဘာ၊ ၂၀၀၉
နေ့ ၁၁း၃၀ နာရီ
1 comment:
ဟိုတလောတုန်းက အသံဖိုင်တင်ထားလို့ ကျနော် နား
ထောင်သွားတယ်၊ ကောင်းပါတယ်၊ အားပေးလျက်ပါ။
Post a Comment