ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက ကျောင်းပြန်ဖွင့်လို့ စာတွေပိနေတာက တကြောင်း၊ ဘလော့မှာ ပို့စ်အသစ်တင်ရင် ဦးရီးတော်နား ပေါက်ကြားသွားမှာ စိုးရိမ်တာကတကြောင်း၊ စာမေးပွဲနီးလို့ လူရော စိတ်ပါ ပင်ပန်းနေတာကတကြောင်း … စတဲ့ စတဲ့ အကြောင်းကြောင်းတို့ကြောင့် ပို့စ်အသစ် မတင်ဘဲ ရပ်ထားခဲ့တာပါ။ ပို့စ်အသစ် မတင်ဖြစ်ပေမဲ့ မရေးရမနေနိုင်လို့ ကဗျာအတိုအစ လေးတွေ ရေးနေဖြစ်ခဲ့တယ်။ ရေးဖြစ်ခဲ့တဲ့ ကဗျာတွေကိုလည်း ပို့စ်အနေနဲ့ မတင်ဘဲ ဘေးနားက ဆိုဒ်ဘားမှာဘဲ ရသေ့စိတ်ဖြေ ရေးထည့်ထားဖြစ်တယ်။ (ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။) ခုတော့ စာမေးပွဲအပြီး ကျောင်းခဏပိတ်ချိန်မို့ စာရေး ကဗျာရေး ပို့စ်အသစ်တင်တာကို လူကြီးမိဘများ နားလည် ခွင့်လွှတ်မယ် ထင်တာကြောင့် ရေးပြီးသား ကဗျာလေးတွေကို ပျောက်ပျက်မသွားရအောင် ဒီမှာ ပြန်စုပြီး တင်လိုက်ပါတယ်။ ဖတ်ပြီးသားဆိုလည်း အားနာပါနာနဲ့ ထပ်ဖတ်ပေးကြပါဦးရှင်။
***(၁)
ဒီကဗျာကို မရေးခင်အချိန်က ကျမစိတ်ထဲ တစုံတယောက်ရဲ့ ပယောဂကြောင့် ပူလောင် လှုပ်ရှားနေခဲ့တယ်။ “ငါ” ဆိုတဲ့ အတ္တနဲ့ မာန်မာနတွေ၊ “ငါ့ကို ဒီလိုလုပ်ရင် ငါကလည်း …” ဆိုတဲ့ တုန့်ပြန် ကလဲစားချေချင်တဲ့ ဒေါသ ၊ အာဃာတ စိတ်ရိုင်းတွေနဲ့ ပူလောင်နေတဲ့ စိတ်ကို ဘယ်လို ဖြေဖျောက်ရမလဲ စဉ်းစားတော့ ကိုယ်တိုင် ခဏခဏရေးနေမိတဲ့ “မေတ္တာ” ဆေးကို ပြေးမြင်မိပါတယ်။ ဒါနဲ့ ထိုသူကို မျက်စိထဲ မြင်ပြီး မေတ္တာပို့ ဆုတောင်းတယ်။ နေ့ရော ညရော အချိန်တိုင်း ဆုတောင်းပြီးနောက်မှာ ကျမစိတ်တွေ အေးချမ်းသွားတယ်။ ပူလောင်နေတဲ့ ဒေါသတွေနဲ့ ထောင်လွှားနေတဲ့ မာန်မာနတွေ မရှိတော့ဘူး။ ဒါနဲ့ပဲ ဒီကဗျာလေးကို ချရေးခဲ့ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးထားတဲ့ ကဗျာလေးပါ။ သန္နိဋ္ဌာန် … တဲ့။
သန္နိဋ္ဌာန်
မဟုတ်မကြံ၊ မမှန်မဆို
အပိုမချဲ့၊ ကဲ့ရဲ့မပြော
ဒေါသမပွါး၊ အမှားကင်းကင်း
စကားတင်းရှောင်၊ မာန်မထောင်လွှား
မေတ္တာထားကာ၊ လှည့်စားခြင်းဖျောက်
မကောက်မကျစ်၊ မညစ်မပတ်
မဖျက်မဆီး၊ အပူမီးခွါ
ချမ်းမြေ့ပါရန်၊ သန္နိဋ္ဌာန်သည်
မြဲမြံတည်တံ့ ခိုင်စေသောဝ် … ။ … ။
***
၆၊ ၉၊ ၂၀၀၉
၂၁း၂၀ နာရီ
***
(၂)
နောက်တပုဒ်ကတော့ မြန်မာပြည်ကို ခွဲခွါခဲ့တာ နှစ်နှစ်ပြည့်တဲ့ နေ့အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ လွန်ခဲ့တဲ့ ၂-နှစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၆-ရက်နေ့က ချစ်သောသူများကို နှုတ်ဆက်ပြီး အေးစက်စက် အင်္ဂလန်မြေမှာ အကျွမ်းမ၀င်တဲ့ စာတွေကို သင်ဖို့ ယောင်ချာချာနဲ့ ထွက်လာခဲ့ရတယ်။ ဘယ်လိုပဲ အဆင်ပြေအောင် ၀ိုင်းဝန်းထောက်ပံ့ ကြည့်ရှုကြပေမဲ့ ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဌာနေနဲ့ မိဘတွေကိုတော့ဖြင့် လွမ်းမိတာပါပဲ။ အထူးသဖြင့် မိုးတွေတစွေစွေ ရွာနေတဲ့ အချိန်မျိုးတွေမှာပေါ့ … ။ ဒီလိုနဲ့ မိုးတွေစွေတဲ့ နေ့တနေ့မှာ ဒီကဗျာလေး ရေးဖြစ်ခဲ့ပါတယ်။ လွမ်းလို့ ရေးတဲ့ ကဗျာမို့ လွမ်းတယ်လေ့ လို့ ခေါင်းစဉ်ပေးထားပါတယ်။
လွမ်းတယ်လေ့
နေမင်းသူရိန် ရောင်မထိန်
ညိုတိမ်အုံ့ဆိုင်း ကွယ်ကာသိုင်း
မှိုင်းတယ်လေ့ … မှိုင်းတယ်လေး။
တောင်ရိုးတခွင် တိမ်ခိုးဆင်
မိုးမျှင်မိုးဖွဲ … ရွာမစဲ
သဲတယ်လေ့ … သဲတယ်လေး။
လေပြင်းကချွေ လှိုင်းကမွှေ
ဒီရေကတိုး ညဥ့်ယံမိုး
ဆိုးတယ်လေ့ … ဆိုးတယ်လေး။
ခန်းဆောင်အလယ် နှမငယ်
အတွေးနယ်ချဲ့ ရာသီဘွဲ့
ဖွဲ့တယ်လေ့ … ဖွဲ့တယ်လေး။
မှန်ပြတင်းမှာ ကြွေဆင်းလာ
ဒေ၀ါပုလဲ မျက်ရည်တွဲ
ဝဲတယ်လေ့ … ၀ဲတယ်လေး။
နှမရှိုက်သံ နရီမှန်
သည်းထန်ငိုတမ်း မျှော်ရည်မှန်း
လွမ်းတယ်လေ့ … လွမ်းတယ်လေး။
***
၆၊ အောက်တိုဘာ၊ ၂၀၀၉
ခွဲခွါခြင်း ၂-နှစ်ပြည့်
***
(၃)
ဒီကဗျာကတော့ နာရီ တနာရီ နောက်ဆုတ်ရတဲ့ အောက်တိုဘာ ၂၅-ရက် နေ့က ရေးခဲ့တဲ့ ကဗျာလေးပါ။ နာရီပြောင်းပြီးနောက်မှာ နေ့တာက တဖြည်းဖြည်း တိုသွားမယ်၊ အမှောင်ထဲမှာ နေရတဲ့ အချိန်က ပိုပိုများလာမယ်၊ အဲဒီတော့မှ သဘာဝ အလင်းရောင်ကို ပိုတန်ဖိုး ထားတတ်မိလာတယ်။ အဲဒီလို နေ့မျိုးဆို အမှတ်တရ ကဗျာ သို့မဟုတ် စာတပုဒ်ပုဒ် ရေးနေကျမို့ ရေးလိုက်မိပါတယ်။
အမှောင်ထဲက မျက်ရည်
နံနက်ခင်း
အလင်းမှိန်သွဲ့
အေးတဲ့ရာသီ
နာရီကိုလှည့်
နေ့ရဲ့လက်တံ
နောက်ပြန်ကာပြောင်း
ဆောင်းဦးဝင်စ
ထိုကာလ…
လေပွေရမ်း
ပက်ဖြန်းမိုးစက်
သူခြွေဖျက်သော်
ပင်ထက်ပေါ်မှ
ညိုရော်ဝါပြောင်း
ရွက်ဟောင်းများကြွေ
မြေပေါ်ကိုခ
သဘာဝ …
ရှင်နေမင်း
အလင်းမဖြာ
တိမ်လွှာအကြား
ခိုဝင်သွားကာ
စိတ်နာသယောင်
သူပုန်းရှောင်သည်
အမှောင်လောက
မျက်ရည်ကျ … ။
***
လောလောဆယ်တော့ ဒီ ၃-ပုဒ် အရင် တင်လိုက်ပါတယ်။
နောက်မှ ဆက်တင်ပါဦးမယ်။
***
မေဓာဝီ
၁၆၊ ဒီဇင်ဘာ ၂၀၀၉
၆း၃၀ နာရီ
3 comments:
အပေါ်က နှစ်ပုဒ်ကတော့ ဖတ်ပြီးသား...
ဆောင်းဦးအမှတ်တရ ကဗျာကလည်း မျက်စေ့ထဲ ကွင်းကနဲကွက်ကနဲ မြင်မိလောက်အောင်ကို ကောင်းပါတယ်...
(ဦးရီးတော်နဲ့တိုင်ပြောခင်တာကတော့ တလောတုန်းက စာကျက်နေရင်းနဲ့ ဘလော့တချို့ကို တိတ်တိတ်လေး လိုက်လည်သေးတယ် ဆိုတာပါပဲ...)
းဝ)
မေရေ… ၃ ပုဒ်လုံးကြိုက်တယ်… အပူမီးတွေငြိမ်းစေတဲ့ သန္နိဋ္ဌာန် ကဗျာလေးတော့ အလွတ်ရတဲ့အထိ မှတ်ထားလိုက်ဦးမယ်… ကိုယ့်ကိုယ်ကိုပြန်သတိပေးဖို့ လေ… လွမ်းတယ်လေ့ကဗျာလေးက လွမ်းစရာလဲကောင်း ချစ်စရာလဲကောင်း… ဆောင်းကို ချစ်ပေမယ့် နေ့ တာတိုတာကိုတော့ အမစိတ်ထဲ ၀မ်းနည်းသလိုကြီးမို့  နောက်ဆုံးကဗျာလေးကလဲ ခံစားချက်တွေ ထပ်တူကျနေတယ်… (ဦးရီးတော်ရေ ကျောင်းပိတ်တုန်းလေး မေ့ကို စာရေးခွင့်ပေးလိုက်ပါနော်… ကဲပြောလိုက်ပြီမေ… သဘောကောင်းတဲ့ ဦးရီးတော်က ခေါင်းငြိမ့်တယ်မိုလား…)
မမေဓာဝီ...
စာမေးပွဲ ဖြေနိုင်ရဲ့လား။
ကျနော်တော့ ဒုတိယ ကဗျာလေးကို အကြိုက်ဆုံးပဲ။
အဲဒီအသွားမျိုးနဲ့ ရေးစပ်ထားတဲ့ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာလေးတပုဒ်ကိုလည်း လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က ဖတ်ဖူးတယ်။ “ထင်းဆယ်ကြသူများ” တဲ့။ အနီနဲ့အပြာ ကဗျာများစာအုပ်မှာ ပါတယ်။ အခုတော့ မမှတ်မိတော့ဘူး။
Post a Comment