Monday, December 21, 2009

ဟဒယ… ရွှင်မှ ရွှင်ရဲ့လား?

ငယ်ငယ်တုန်းက ရေဒီယိုနားထောင်ရင် ပုံပြင်လက်ဆောင်၊ ဇာတ်လမ်းပမာ နားဆင်စရာနဲ့ ဟဒယရွှင်ဆေး အစီအစဉ်တွေကို တမက်တမော နားထောင်ခဲ့ဖူးတယ်။
“မောင်ညီမလေးတို့ရေ …” အစချီတဲ့ ပုံပြင်လက်ဆောင် လာခါနီး အဖွင့်တီးလုံးစတာနဲ့ ရေဒီယိုနား အပြေးအလွှားသွားပြီး မော့နေပြီ။
“ဒီကနေ့ ဇာတ်လမ်းပမာ နားဆင်စရာ အခန်းမှာ …” ဆိုပြီး နိဒါန်းပျိုးသံကြားရင် ကစားတာတွေရပ်ပြီး ရေဒီယိုနားထောင်ဖို့ ပြင်ပြီ။
“ဟဒယရွှင်ဆေး တိုက်ကျွေးပါတော့မယ်ရှင် …” ဆိုရင်လည်း သိသိမသိသိ အလိုလို ပျော်နေပြီး ရေဒီယိုထဲက ရယ်သံတွေနဲ့အတူ လိုက်ရယ်မောဖို့ အဆင်သင့်ဖြစ်နေပြီ။

အဲဒီတုန်းကတော့ ဟဒယရွှင်ဆေးကဏ္ဍမှာ ပါဝင်တဲ့သူတွေ ဘယ်သူဘယ်ဝါ မသိပါဘူး။ အဖေပြောပြဖူးတာကတော့ သူတို့ခေတ်တုန်းက ဓာတ်ဆီ၊ ဓာတ်ဆန် (ဦး) လို့ ဆိုပါတယ်။ “ငါးဗျို့ .. ငါး … သံချောင်း တော်ရေ့” ဆိုတဲ့ ငါးရောင်းထွက်တဲ့ ဟာသကလည်း ခဏခဏ နားထောင်လို့ အလွတ်ရနေပေမဲ့ ရယ်သံကြားရင် လိုက်ရယ်မိတာပါပဲ။

ရေဒီယိုခေတ်ကနေ ရုပ်/သံ ခေတ်ရောက်လာပြန်တော့ ဆိုနီ၊ မိုးကျော်၊ ဇာဇာစမ်း တို့ရဲ့ ဟဒယရွှင်ဆေး အစီအစဉ်တွေကို စောင့်ကြည့်ခဲ့ရတယ်။ နောက်တော့ ဦးရွှေငါးတို့လို လူရွှင်တော်ကြီးတွေပါတဲ့ အငြိမ့်တွေ … ။ မင်းသမီးက ယိုးဒယားပြန် အမာစိန်တို့ ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်းတို့ ထင်တယ်။ မင်းသမီးရဲ့ အက ကလည်း ညက်ညက်ညောညောနဲ့ ကြည့်လို့ကောင်း၊ လူရွှင်တော်ကြီးတွေကလည်း ၀ါရင့် သမ္ဘာရင့် ဆိုတော့ သမားရိုးကျ ပြက်လုံးတွေ ပြက်သည့်တိုင် သူတို့ အမူအရာတွေကြည့်ပြီး ရယ်ရတယ်။

နောက် … ဇာဂနာတို့ရဲ့ မိုးနတ်သူဇာ ခေတ်ကတော့ အငြိမ့်တခေတ် ပြောင်းသွားသလိုပါပဲ။ အငြိမ့်မကြိုက်တဲ့သူတွေတောင် အငြိမ့်ကို ကြည့်လာကြတယ်။ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို လူတွေက ပိုပြီး စွဲမက်လာကြတယ်။ ပြက်လုံးတွေက ခေတ်ကို ထင်ဟပ်သလို ဆန်းသစ်တယ်၊ ခေတ်မီတယ်၊ သမားရိုးကျ ပြက်လုံးမျိုးတွေ မဟုတ်ဘူး။ လူတွေပါးစပ်ဖျားမှာ ပြက်လုံးထဲက စာသားတွေ ရေပန်းစားလာတယ်။ မင်းသမီးအက ကြည့်ဖို့ထက် လူရွှင်တော် ထွက်ချိန်ကို လူတွေက ပိုမျှော်လင့်ကြတယ်။

ဟာသဆိုတာကလည်း လူတွေရဲ့ ဟဒယနှလုံးကို ရွှင်ပြုံးစေတဲ့ အကောင်းဆုံး ဆေးတခွက်ပဲ မဟုတ်လား။ ညစ်ညူးမွန်းကျပ်နေတဲ့ ဘ၀အမောတွေကြားမှာ နေ့စဉ်နဲ့အမျှ ကျင်လည်နေကြရတော့ လွတ်လွတ်လပ်လပ် ရယ်မောချင်ကြတယ်။ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ ဒုက္ခတွေကို ထိထိမိမိ သရော်ထားတဲ့ ဟာသပြက်လုံးတွေကို သိပ်သဘောကျကြတယ်။ ဒါကြောင့် မင်းသမီးရဲ့ အနုပညာထက် လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ပိုပြီး နှစ်သက်ကြတာ မဆန်းပါဘူး။

ဒါပေမဲ့ လူရွှင်တော် ပြက်လုံးတိုင်း နှစ်သက်စရာလား … ။ စွဲမက်စရာလား … ။ ကျမတော့ မထင်မိပါဘူး။

မကြာသေးခင်က ကိုပေါရဲ့ဘလော့က “မရယ်ရသောပြက်လုံးများ” ဆိုတဲ့ပို့စ်ထဲမှာ ခေါက်ရိုးကျိုးနေတဲ့ ပြက်လုံးတွေ မရယ်ရတဲ့ အကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။ ဟုတ်တာပဲ။ တချို့ပြက်လုံးတွေက အစချီလိုက်တာနဲ့ နောက်ဘာလာမယ်ဆိုတာ ကြိုသိနေတော့ ရယ်စရာ သိပ်မကောင်းတော့ပါဘူး။ ရှေ့လူတွေ ထွင်ခဲ့တာကို နောက်က ထပ်မထွင်ဘဲ သံတူကြောင်းကွဲလောက်သာ ပြောင်းပြီး ယူသုံးနေကြတော့ ရိုးအီလာတော့ တာပေါ့။

ဒါ့အပြင် … မရယ်ရတဲ့ ပြက်လုံးတွေ ရှိပါသေးတယ်။
ဟိုးအရင်နှစ်တွေတုန်းက သီတဂူဆရာတော် မွေးနေ့အငြိမ့်မှာ မော့စ်တို့ပြက်တဲ့ ပြက်လုံးတွေ သိပ်ညစ်ညမ်းတယ်လို့ သိရတယ်။ ဗုဒ္ဓ၀င် ဇာတ်တော်တွေကိုပါ မဖွယ်မရာ ပြက်တဲ့အတွက် ဝေဖန်သံတွေ ကြားခဲ့ဖူးပါတယ်။ အဲဒီလို ပြက်လုံးတွေကျတော့ ခေါက်ရိုးကျိုး ဟာသတွေထက် ပိုဆိုးပါတယ်။ ညစ်ညမ်းပြက်လုံးတွေနဲ့ လူရယ်အောင် လုပ်တာကို သဘောမကျသလို အားလည်း မပေးချင်ပါဘူး။ ဒါပေမဲ့ အဲဒါကတော့ အပြင်အငြိမ့်ပွဲ ဆိုတော့ ရှိစေတော့ … ။

တနေ့က ကျမအစ်မကြီးနဲ့ စကားပြောဖြစ်တော့ သူက မြန်မာ့အသံ၊ မြ၀တီနဲ့ MRTV 4 မှာ လာတဲ့ ဟဒယရွှင်ဆေး အစီအစဉ်တွေအကြောင်း ပြောပြတယ်။
“မက်မဆုံးတဲ့ ပြက်လုံးများတို့ … စကားနပမ်းတို့ ဆိုပြီး နာမည်ပေးထားတယ်၊ ငါတို့ကတော့ အောက်မလွတ် ပြက်လုံးတွေလို့ပဲ ခေါ်တယ်၊ တကယ်ကို ညစ်တီးညစ်ပတ် ပြက်လုံးတွေပဲဟယ် … အဖေရှိနေရင်တောင် ငါတို့ ပိတ်ထားရတယ်၊ အဲဒီလို ညစ်ညမ်းတဲ့ ဟာသတွေကြည့်ပြီး ဘယ်လိုလုပ် ရယ်နိုင်မှာလဲ”

မောင်နဲ့နှမ သားနဲ့အမိ နားထောင်လို့ ကြည့်လို့မှ မသင့်တော်တဲ့ ပြက်လုံးတွေလို့ သူက ဆိုပါတယ်။
“အဲဒါတွေကို ဆင်ဆာလည်းမလုပ်ဘူး၊ တရားဝင် ပြခွင့်ပြုထားတယ် … အများဆုံး ရိုက်တဲ့သူက ဒါရိုက်တာ မောင်သီ၊ ပြီးတော့ လူရွှင်တော်တွေတွင် မကဘူး မင်းသား မင်းသမီးတွေကိုပါ လူပြက်လုပ်ခိုင်းပြီး အဲဒီလို ညစ်တီးညစ်ပတ်တွေ ပြောခိုင်းတာ”

ဘုရား … ဘုရား …
ကျမ ဘုရားသာ တ-မိတယ်။ ဆင်ဆာအဖွဲ့က ဘာတွေကို ဆင်ဆာလုပ်သလဲ မသိပါဘူး။ ဘာသာရေးနဲ့ ပတ်သက်ရင်လည်း အဓမ္မ၀ါဒီတွေ ဟောပြောတဲ့ တရားတွေ လွှင့်ခွင့် ပေးခဲ့တယ်။ အခုလည်း ဟာသပြက်လုံး … ၊ ရိုက်တဲ့လူကလည်း ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးတွေ ရိုက်ကူး တင်ဆက်နေရတာလဲ၊ သရုပ်ဆောင်တဲ့ သူတွေကရော … ဒါမျိုး မပြောနိုင်ဘူး မငြင်းကြဘူးလား။ ပိုက်ဆံရရင်ပြီးရော ရိုက်ကြတာပဲလား။ မြန်မာ့အသံကလည်း မြန်မာ့ယဉ်ကျေးမှု … မြန်မာ့ယဉ်ကျေးမှု အော်နေပြီး ဒါမျိုး ညစ်ညမ်းဟာသတွေတော့ လွှင့်ခွင့်ပေးသလား။ နိုင်ငံရေးမပါရင် ပြီးရော ဆိုပြီး အောက်တန်းကျတဲ့ ဟာသတွေနဲ့ လူတွေကို ကလိထိုး ရယ်ခိုင်းနေတာကတော့ မဟုတ်သေးဘူးထင်ပါတယ်။

ကျမတို့ တအိမ်သားလုံးကတော့ ဒီအစီအစဉ်ကို စိတ်ပျက်ကြတယ်။ ရှုံ့ချကြတယ်။ တခြားလူတွေရော … ဒီပြက်လုံးတွေကို ရယ်ကြသလား၊ ကြိုက်ကြသလား … ကျမ မသိပါဘူး။ ဒါပေမဲ့ ဟာသ ပြက်လုံးတွေနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်မိတယ်။ ညစ်ညမ်း စကားလုံးတွေ ပြောမှ ဟာသလား။ ဟာသကို ဟဒယရွှင်ဆေး လို့ ဘာလို့ ခေါ်တာလဲ။ ဟဒယရွှင်ဆေး ဆိုတာ စိတ်နှလုံးကို ရွှင်ပြုံးစေတဲ့ ဆေးမဟုတ်လား။ ခု ဒီဟာသတွေကို ကြည့်ပြီး တကယ်ရော ဟဒယ ရွှင်မှ ရွှင်ကြရဲ့လား။ တကယ်ပဲ စိတ်လက် ပေါ့ပါးသွားသလား။ ဒီလို ညစ်ညမ်းဆေးတွေ မှန်မှန် တိုက်ကျွေးပြီး လူတွေကို အာရုံထွေပြားအောင် သက်သက်မဲ့ မှိုင်းတိုက် ဖန်တီးနေကြတာများလား … ကျမ တွေးမိတွေးရာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၂၁၊ ဒီဇင်ဘာ၊ ၂၀၀၉
နံက် ၁၀း၄၈ နာရီ

7 comments:

ကိုလူထွေး said...

ဟုတ်တယ် MDW ရ။ ခုတလော မြန်မာကားတွေ ကြည့်တိုင်းလိုလို သတိထားမိတယ်။ သာမာန် အရပ်သူအရပ်သားတောင် ပြောကြဆိုကြတဲ့ စကားတွေ မဟုတ်တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူတွေ အပျော်အကြူးရှာသူတွေရဲ့ ဖရုဿဝါစာ စကားလုံးတွေဖြစ်နေတာ ခဏခဏ ကြားရတယ်။

ဒါမြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောကအတွက်ပါမက မြန်မာပြည်သူလူထု မျိုးဆက်တခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာတခုမို့ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဝေဖန်သင့်ပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်လည်း တခါက ဦးစိန်ရိုးကြီး ပြက်လုံးထုတ်လို့
ဒေါ်ကြည်ကြည်ဋ္ဌေး အော်ဆဲတာ တွေ့ခဲ့ဖူးတယ်၊ လူရွှင်တော်တွေ လူပျက်တွေက ပျက်လုံး တစ်ခု ထုတ်မယ် ဆိုရင် သူတို့ခမြာလည်း သတိထားနေရတယ်၊ သူတို့ ရတဲ့ အခကြေးငွေက စားဝတ်နေရေး ပြေလည်ရုံလောက်ပဲ ရရှာတာ၊ အောက်ပိုင်းပြက်လုံး မဟုတ်တဲ့ တခြားပျက်လုံးတွေက အခန့်မသင့်ရဲ့ ကားပြာပေါ် ရောက်တတ်လို့၊ ဘာသာရေးတို့ ယဉ်ကျေးမှုတို့ စည်းတွေနဲ့ ကြည့်ရင်တော့ မကောင်းဘူးပေါ့၊ သို့ပေမဲ့ လက်ရှိခေတ်မှာ သင်္ကြန်တွင်းမှာဆို အသက် (၅၀)ကျော် အမျိုးသမီးကြီးတွေ ကိုယ်တိုင် မမြင်ဝံ့စရာ ကောင်းတဲ့ ၀တ်စုံတွေ ၀တ်နေကြတော့ ပြောရတာ ခက်နေမလားလို့ ....။

Ko Paw said...

ဟိုခေတ်က လူရွှင်တော်ကြီးတွေ သမ္ဘာရင့်ချက်ကတော့ မပြောနဲ့။ လူရွှင်တော်ပေမယ့် ခွန်းထောက်တို့ သဖြန်တို့ကို အသံနေအသံထားနဲ့ ဆိုပြီဆိုရင် နားထောင်လို့ မငြီးဘူး။ အလှည့်ကျလို့ မင်းသမီးကို ခေါ်ထုတ်ပုံကအစ နားထောင်လို့ ကောင်းတယ်။ နားဝင်ပီယံရှိတယ်။

အခုခေတ် လူရွှင်တော်အချို့ကတော့ အလွယ်လမ်းကို လိုက်ကြတယ်ထင်ပါ့။ မင်းသမီးခေါ်ပြီဆိုရင် စာချိုးလေးနဲ့ ခေါ်မယ်မရှိဘူး။ “ကဲ..ကဲ... အငြိမ့်မင်းသမီးချောအလှည့်ကျရောက်လာပြန်ပြီမို့ ကတော်ရုပ်ကို ဖော်ထုတ်ကြစို့လှဗျာ။ ခင်ဇာခြည်ဆိုတဲ့ နှမပျို...ရေ” .... ဆိုတာလောက်နဲ့ ပြီးသွားတာမျိုး။ တခါတလေ အငြိမ့်ပွဲတခုထဲမှာတင် အဲဒီလိုမျိုး နှစ်ခါ သုံးခါထပ်အောင် ခေါ်တတ်သေးတယ်။

ကလူသစ် said...

နိုင်ငံရေးကလွဲ အကုန်လုပ်လို့ရပါတယ်ဆိုမှပဲ ဟာပဲ
အရင် ရေဒီယိုက ဓာတ်ဆီ ဓာတ်ဆန်ကြိုက်တယ်။ နောက်ပိုင်း ဇာဂနာကြိုက်တယ်။ ခု ဘာမှနားထောင်စရာမရှိတော့ဘူး။ ကိုယ့်ကိုယ်ကို သနားလိုက်တာ

ရေတမာ said...

မရွှင်ရပါဘူးအမရယ်..း( ခါးအောက်ပိုင်း ပြက်လုံးနဲ့ အက်ကြောင်းထပ် ပြက်လုံးတွေပဲ တွေ့နေရတယ်။ တခုခုတော့ လွဲနေသလိုပဲ။ ဘာလွဲနေမှန်းတော့မသိဘူး။းP

SDL said...

Youtube မှာ အရင်က မြန်မာ့အသံမှာ မေတ္တာတို့ ကွမ်းသီးတို့ ပြက်လုံးတွေ ပြန်ကြည့်တိုင်း ပြောမိတယ်၊ ခုနောက်ပိုင်းမှာ လူရွှင်တော်တွေ ဘာလို့ ညစ်ညစ်ပတ်ပတ်ပြက်နေကြတာလဲလို့၊ မရယ်ရတဲ့အပြင် စိတ်ပါ ညစ်ရတယ်။

Kay said...

သေချာတာပေါ့..မမေရယ်..