Tuesday, June 09, 2009

အို ... မိခင်

မနေ့ကပဲ … စာမေးပွဲပြီးသွားပါပြီ။
ကြားရတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေရဲ့ စေ့ဆော်ပေးမှုကြောင့် မအားလပ်တဲ့ ကြားမှာပဲ ဒီကဗျာလေး တပုဒ် ရေးဖြစ်ခဲ့ပါတယ်။
***
အို … မိခင်ရင်မှမွေးဖွား ချစ်သည့်သားနှင့်
တိုင်းသားပြည်သူ ယှဉ်လာမူကား
အများအရေး ဦးစားပေးကာ
သားမြေးမငဲ့ စွန့်ဝံ့ခဲ့သည်
ပါရမီရှင် … အို … မိခင်။

အိမ်တွင်ပိတ်လှောင် ထောင်တွင်ထည့်ထား
နှစ်ရက်များစွာ ရှည်ကြာပါလည်း
မလျှော့ဇွဲဖြင့် ရဲမာန်ဝင့်တင်း
စိတ်ဓာတ်ပြင်းသည်
အလင်းသခင် … အို … မိခင်။

လိမ်ဆင်ဉာဏ်များ လှည့်စားတတ်သူ
ထိုလူတစု နှိပ်စက်မှုအောက်
ဖန်ဖန်ရောက်လည်း
ကြောက်သည် မပြော
မောသည် မဆို
ငိုသည် မရှိ
သတ္တိပြည့်သည်
တိုင်းပြည်အရှင် … အို … မိခင်။

အို … မိခင် …
အမိ* ကောင်းမှု
ပြုသည့် ပါရမီ
တည်သည့် စိတ်ဓာတ်
မြတ်သည့်ဆန္ဒ
အ၀၀ကြောင့်
ကျမည့် ဘေးရန်
အန္တရာယ်ခပ်သိမ်း
ဖယ်ခွါတိမ်း၍
ငြိမ်းချမ်းပါလို
တောင်းဆု ဆိုသည် …
အလိုဆန္ဒ ပြည့်စေသောဝ် … ။
***
ဆုတောင်းတယ်ဆိုတာ ရည်မှန်းချက်ထားတာပါ။ သစ္စာပြုတယ်ဆိုတာကတော့ ကိုယ့်ရည်မှန်းချက် အောင်မြင်ရေးအတွက် အထောက်အကူ ဖြစ်စေဖို့ မှန်ကန်သော စကားကို ပြောဆို တိုင်တည်တာပါ။ တခြား ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်သေးတဲ့ ကျမအတွက်တော့ အဝေးတနေရာကနေပြီး ရည်မှန်းချက် တခုရောက်စေဖို့ တိုင်တည် နေမိပါတော့တယ်။
***
မေဓာဝီ
၁၇၊ ၅၊ ၂၀၀၉
၁၇း၀၅ နာရီ

မဇ္ဈိမ

မှတ်ချက်။ ။ စာပိုဒ်ရေ ၄-တွင် "သင်၏ကောင်းမှု" ဟုရေးဖွဲ့ထားသည်ကို "အမိကောင်းမှု"ဟု ပြန်လည် ပြင်ဆင်ထားပါသည်။ အသုံးအနှုန်းမှားယွင်းမှုကို ထောက်ပြ ပြင်ဆင်ပေးသော ဘာမင်ဂန်ဆရာတော် ဦးဥတ္တရဉာဏကို ကျေးဇူးတင်ပါကြောင်း။

7 comments:

Anonymous said...

ကျမလည်း ဆုတောင်းနေပါတယ်။

စုချစ် said...

ထပ်တူထပ်မျှ တိုင်တည် ဆုတောင်းနေပါတယ်...။

စာရေးတာမတွေ့လို့ သတိရနေတာ... ကဗျာလေးဖတ်လိုက်ရလို့ ကျေးဇူးအထူး...
စုချစ်

ကိုပေါ said...

ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်လှတဲ့ ကဗျာလေးပါ။

Unknown said...

ထပ်တူထပ်မျှပါပဲ.....

မိမိကိုယ်ကြိုးမဟုတ်ပဲ အများပြည်သူအတွက်
အမှန်တရားအတွက် လွတ်လပ်မှုအတွက် ပေးဆပ်နေစဲဖြစ်တဲ့ ကျနော်တို့အားလုံးရဲ့ အမေကို ကျနော် အဝေးကနေ ဆုတောင်းနေရတာ ၀မ်းနည်းမိတယ်...

အမှန်တရားအတွက် ရပ်တည်နေတဲ့အမေ
အမြန်ဆုံးလွတ်မြောက်အေးချမ်းပါစေလို့
ဆုတောင်းလိုက်ပါတယ်...

Anonymous said...

စာမေး ပွဲပြီးလျှင် ပြီးချင်း ပွဲဦးထွက် ပို့စ်ဟာ အင်အားတွေ အပြည့်နဲ့ပါ။ သစ်ာ စူးပါစေ သား လို့ ထမ်းလောင်းပြီး သစ်စာပေါ် သစ်စာ ဆင့်လိုက် ပါတယ်။ ဒီသစ်စာ စကားေုကာင့် အမေနဲ့ မြန်မာပြည် လျှင်မြန်စွာ ငြိမ်းချမ်းပါစေသား....

မောင်ုကီး...

တန်ခူး said...

မေရေ… ကဗျာလေးက ကောင်းလိုက်တာ… ကြက်သီးများတောင် ထ မိတယ်… မေနဲ့ ထပ်တူ သစ္စာဆိုမိတယ်…

kiki said...

ပြုတဲ့ သစ္စာ ဖြစ်ထွန်းပါစေ။
တူညီ ဆန္ဒ ပြု မိပါသည် ။

ခင်မင်လျှက်..
ကိကီ