Friday, June 19, 2009

မွေးနေ့ဆုတောင်း ...

မွေးနေ့ဆုတောင်းဘွဲ့ ရတုပိုဒ်စုံ

မှောင်လွှမ်း ထုရှည်၊ ချုပ်ညရီချမ်း၊ ရာသီနွမ်းမှာ၊ လူများစွာတို့၊ မှန်းကာမျှော်ဆ၊ ရမ်းရော်တ-သည့်၊ သာစွရောင်ရှိန်၊ နေသူရိန်မင်း၊ ထိန်ဝါလင်းလျက်၊ ဒေါင်းငှက်တွန်ကျူး၊ အိုးဝေမြူးမည့်၊ ထူးသည့်ချိန်ခါ၊ မင်္ဂလာရက်၊ ရောက်လာလတ်ဟု၊ ရွယ်မှတ်ပြုလေ၊ တောင်းဆုချွေသည်။ ... ။ နံနက်နေ လန်းဖြာသာစေကြောင်း။

ဆောင်မြန်းသူ့ဆီ၊ ရွယ်ကာရည်စူး၊ ပွင့်ဖူးတင့်ဆန်း၊ မွှေးပျံ့လန်းကြိုင်၊ ဤပန်းခိုင်ကို၊ လှမ်းပိုင်သီဆွတ်၊ စိတ်ဝယ်ညွတ်ကာ၊ လွတ်လပ်စေကြောင်း၊ ဆုမွန်တောင်း၍၊ အပေါင်းလက်ချီ၊ တူညီထက်သန်၊ မွန်မြတ်မှန်သည့်၊ ရည်ထန်စိတ်ဇွဲ၊ မယိုင်လဲအောင်၊ မေတ္တာဆောင်လျက်၊ အောင်ပန်းဆက်သည်။...။ အဖျက်တွေ လှမ်းကွာပါစေကြောင်း။

အောင်ဆန်းစုကြည်၊ အာဇာနည်သွေး၊ မြန်ပြည်ရေးတွက်၊ စွန့်လျက်ဘ၀၊ နှစ်-လ-ရက်ပေါင်း၊ ရှည်ကြာညောင်းလည်း၊ အားခဲသည်းခံ၊ ဇွဲရင့်သန်ကာ၊ ၀င့်မာန်မလျှော့၊ ခေါင်းမော့ဦးတည်၊ ပန်းတိုင်ဆီသို့၊ ယုံကြည်ချက်လွှမ်း၊ ရောက်မည်မှန်းလျက်၊ ခြေလှမ်းဆက်သူ၊ လူထုသခင်၊ တို့မိခင်သည်။...။ အသက်ရှည် ကျန်းမာပါစေကြောင်း။
***
မေဓာဝီ
၁၇၊ ဇွန်၊ ၂၀၀၉
၁၆း၂၂ နာရီ

(ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄-နှစ်ပြည့် မွေးနေ့ကို ရည်စူး၍ ရေးဖွဲ့ပါသည်။)

3 comments:

Anonymous said...

Very good poem!.. Great!!!

Harry said...

အရမ်းအရမ်းကို ကောင်းပါတယ် ... သိပ်ကြိုက်ပါတယ်
ဂုဏ်ပြုပါတယ် မမေရေ ...
ထူးထူးခြားခြား ၈-လုံးချထားပါလား ... ဒါလဲကောင်းတာပါပဲ ... တွေ့ရခဲပါရဲ့

မြူးသျှရီ said...

ပထမဆုံးလာလည်တာပါ
ဖတ်ရတာကောင်းလိုက်တာ
အရမ်းကိုကောင်းပါတယ်
၆၄ နှစ်မှသည်နှောင်နျစ်ပေါင်း
တရာတိုင်အောင် မေမေကျန်းမာ
လိုရာဆန္ဒပြည့်ဝပါစေလို့
ဆုတောင်းလိုက်ပါတယ်

လင့်ခွင့်ပြုနော်