Wednesday, June 17, 2009

အလွမ်းဘွဲ့

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာမင်ဂန်ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ရင်း ဆရာတော်က ကျမဖတ်ဖို့ စာအုပ်တချို့ ပေးလိုက်ပါတယ်။ အဲဒီထဲကမှ “ကဗျာသင်္ဂဟမေဒနီ” ဆိုတဲ့ ကဗျာ့အဆီအနှစ်ပေါင်းချုပ် စာအုပ်ကလေးကို စပြီး ဖတ်ဖြစ်ခဲ့တယ်။ နွေဘွဲ့ မိုးဘွဲ့ ရာသီဘွဲ့တွေနဲ့ မယ်ဘွဲ့ မောင်ဘွဲ့ သစ္စာတိုင် သစ္စာပျက် ရတု ရကန်တွေ ဖတ်ရင်း ကိုယ်တိုင်လည်း ရေးချင်လာတာနဲ့ ရတုတပုဒ်ကို စမ်းသပ် ရေးဖွဲ့ ကြည့်မိပါတယ်။ တတ်လို့တော့မဟုတ်ပါဘူး။ ရေချင်လွန်းလို့ ဖြစ်ညှစ် ရေးမိတာမို့ လိုတဲ့နေရာများ ရှိခဲ့ရင် ထောက်ပြဝေဖန် ပေးကြပါလို့ … ။
***
အလွမ်းဘွဲ့ ရတုပိုဒ်စုံ

ပန်းပွင့်ဝါနီ၊ ရာသီနွေနှောင်း၊ ရက်လ-ပြောင်းသော်၊ ရွှေကျောင်းတော်ပိတ်၊ ဆိတ်ငြိမ်တိတ်ကာ၊ ဆွေမိတ်တသင်း၊ သူငယ်ချင်းတို့၊ မွေးရပ်သို့ပြန်၊ နှုတ်ဆက်ဟန်ပြင်၊ ပြုံးပျော်ရွှင်လျက်၊ အိမ်ပြန်ခက်သူ၊ ကျွန့်မှာမူကား၊ ဗျာပါပူနွမ်း၊ ရူတမ်းတတ၊ မှန်းဆ၍သာ၊ လွမ်းရပါသည်။ ။ နီဝါပွင့်ပန်း ဝေဆာနှော။

ဆန်းတင့်ဖြာညီ၊ နေ့တာရှည်ကူး၊ ကာလထူးဝယ်၊ ကြည်နူးသံသာ၊ သာရကာငှက်၊ စာရှာထွက်သည့်၊ နံနက်မိုးသောက်၊ အလင်းရောက်မှ၊ ချုပ်ညမှိုင်းရီ၊ နေ၀င်သည်ထိ၊ နာရီကြည့်မှတ်၊ တွက်စစ်လတ်သော်၊ ဆယ့်ရှစ်နာရီ၊ ရောင်ခြည်ဖြာဝင်း၊ အမှောင်ခွင်းကာ၊ လင်းပပါသည်။ ။ ညီဖြာတင့်ဆန်း နေရှာသော။

လွမ်းရင့်ကာစီ၊ ရာသီမေထုန်၊ လနယုန်ဝယ်၊ စပယ်မုလေး၊ ကြိုင်လှိုင်မွှေးကာ၊ လန်းဝေဖြာအောင်၊ တိမ်ခိုးဆောင်လျက်၊ ညိုမှောင်မှိုင်းဆင်၊ တောင်ရပ်ခွင်မှ၊ သွန်းရွာချမည့်၊ ဒေ၀အမ္ဗုန်၊ မိုးပဇ္ဇုန်နှင့်၊ စိမ်းစိုတင့်လန်း၊ မြိုင်တောတန်းရှည်၊ မွေးဌာနီကို၊ မျှော်တ-ငိုသည်။ ။ စီကာရင့်လွမ်း မေမှာမော။
***
မေဓာဝီ
၁၇၊ ဇွန်၊ ၂၀၀၉
၀၀း၃၂ နာရီ

မှတ်ချက်။ ... ။ အင်တာနက်ခက်ခဲတဲ့ နေရာကို ရောက်နေတာမို့ ဘလော့လည်ထွက်ခြင်း၊ ကွန်မန့်ရေးခြင်း၊ သတင်းဖတ်ခြင်း၊ ဂျီတော့မှာ စကားစမြည်ပြောခြင်းများနဲ့ လတ်တလော ကင်းဝေးနေရပါဦးမယ်။ ဒီစာတပုဒ် တင်ဖို့တောင် ၄၅-မိနစ်လောက် အချိန်ပေးနေရတာမို့ ... သည်းခံပေးကြပါလို့ ... ။

4 comments:

တန်ခူး said...

မေရယ်… ကောင်းလိုက်တာ… တော်လိုက်တာ… မေဓာဝီဟာ တို့ ရဲ့အကြိုက်ဆုံး ဘလော့ဂါ ဘာလို့ ဖြစ်နေလဲဆိုတော့ အဲဒီလိုမြန်မာဆန်တာလေးကလဲ တချက်အပါအ၀င်ပေါ့…

hana san said...

Thanks for this post, Ma May.
:)

Harry said...

ကောင်းလိုက်တာ မမေရေ ... အထူးသဖြင့် အချီ အချ စကြာလည် ယူသွားပုံလေးကို အကြိုက်ဆုံးပါပဲ။ စကြာလည်မှာမှ ရိုးရိုးမယူဘဲ ပန်းပွင့်ဝါနီ .... နီဝါပွင့်ပန်း၊ ဆန်းတင့်ဖြာညီ .... ညီဖြာတင့်ဆန်း၊ လွမ်းရင့်ကာစီ ... စီကာရင့်လွမ်း ဆိုပြီး ပြောင်းပြန် ပြန်ယူလို့ ကွန့်ချထားပုံလေးလဲ အရမ်းလှပါတယ်။ ဒါမျိုးအတွေးထွက်လာဖို့ သိပ်မလွယ်လှပါဘူး။

အဲ ... ဒါပေမဲ့ ကျောက်ကောင်းမှန်ရင် အနာမလွတ်ဘူး ဆိုမဟုတ်လား ... နာရီကြည့်မှတ်၊ တွက်စစ်လတ်သော်၊ ဆယ့်ရှစ်နာရီ၊ ... မှာတချက်၊
ဒေ၀အမ္ဗုန်၊ မိုးပဇ္ဇုန်နှင့်၊ စိမ်းစိုတင့်လန်း ... မှာ တချက်၊
အဲဒီ ၂-ချက်မှာ ကာရန်လွတ်နေတာသွားတွေ့ပါတယ် ခင်ဗျ။

နောက်တခုက မှားတယ်တော့မဟုတ်ဘူးပေါ့လေ။ ဘီလူးရယ်စပ်နည်းနဲ့ ကာရန်ယူထားတာတွေ နည်းနည်းများနေသလားလို့ပါ ... ဖတ်ရတာ နဲနဲလေး ထောက်သွားပါတယ်။ ရတုက သတ်စေ့နှက်သုံးချက်ညီ စပ်နည်း (၄-၃-၂) နဲ့ တတ်နိုင်သမျှစပ်တာ အကောင်းဆုံးပဲလို့ မှတ်သားဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် ကြိုက်တာတော့ အတော်လေး ကြိုက်ပါတယ်။ ဒီအလွမ်းဘွဲ့ပိုဒ်စုံလေးကို ဖတ်ပြီး ကျနော်လဲ လွမ်းသွားပါတယ်။
ဒါနဲ့ ကဗျာသင်္ဂဟမေဒနီ ကျမ်းမှာ "တြိချိုး" ဆိုတာ မရှိဘူးလို့ ဆိုထားတယ်လို့ မှတ်သားဖူးပါရဲ့၊ ဒါပေမဲ့ ကဗျာဖွဲ့နည်း နိသျည်း ထဲမှာတော့ ဒါကို လက်မခံပါဘူး။ ဒွေးချိုး၊ လေးချိုးရှိရင် တြိချိုးလဲ ရှိကိုရှိရမယ် လို့ ဆိုထားပါတယ်။ အဲဒါလေး တချက်လောက် ရှာကြည့်ပေးပါလား။ ဖြစ်နိုင်ရင် တအုပ်လုံးသာ scan ဆွဲထားလိုက်ပါ။ (ကျနော့်မှာ မရှိလို့၊ နောက်မှ ပြန်ရှယ်နော်)
အင်တာနက် မြန်မြန်ဝယ်ပါ ... အဲဒီတော့မှပဲ အေးအေး ဆေးဆေး ပြောကြတာပေါ့
သတိရလျက်
ဟယ်ရီ

Maydarwii said...

မတောက်တခေါက် ရေးထားတဲ့ ရတုလေးကို အားပေးကြတဲ့ မတန်ခူး၊ ဒေါ်လေးဟန နဲ့ ကိုဟယ်ရီတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကိုဟယ်ရီပြောသလို ကာရန် မညီတာတွေတို့ ဖတ်ရတာ ထောက်တာတွေတို့ သိတော့သိတယ်။ ဒီ့ထက်ပိုပြီး မဖြစ်ညှစ်နိုင်တော့လို့ ဒီတိုင်းပဲ လွှတ်လိုက်ရတာ။
ကဗျာသင်္ဂဟမေဒနီကို တအုပ်လုံး မဖတ်ရသေးဘူး။ ရှေ့က ဥပဒေသတွေကို ကျော်ပြီး ရတုတွေ အရင်ဖတ်နေတာမို့လေ။ အဲဒီစာအုပ်က ဆရာတော်ဆီက ငှားထားတာမို့ ပြန်မပေးခင် အချိန်ရရင် ရသလို နည်းနည်းချင်း ရိုက်နေပါတယ်။ ဦးရီးတော် အိမ်မှာက စကန်နာမရှိလို့ .. စာအုပ်ကိုလည်း လိုချင်တာနဲ့ ပင်ပန်းခံနေရတယ် .. ။