Tuesday, June 30, 2009

အိမ်ပြန်ပါရစေ ... အမေ ...

စကားသံတွေကို ကျောခိုင်း
တရားသံတွေကို ကျောခိုင်း
တောရိုင်းလေးမှာသာ
နေပါရစေတော့ … အမေ … ။

အမှားနဲ့အမှန်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ …
တယောက်နဲ့အများ ဘယ်သူက မှားသလဲ …
အများနဲ့တယောက် ဘယ်သူ့ကို ကြောက်ရမလဲ …
နောက်ဆုံးတော့ ….
တရားမရှိတဲ့ ကိုယ်
တရားမသိတဲ့ ကိုယ်
အမှားအပြည့်နဲ့ ကိုယ်
မငိုဘဲ မျက်ရည်ကျ
ဒုက္ခတွေနဲ့ ရစ်ပတ်
ကိုယ့်ဘ၀ကိုယ်လဲ မနှစ်သက်မိတော့ပါ အမေ … ။

အမေ့ရဲ့ အိပ်မက်
အဖေ့ရဲ့ အနာဂတ်
မဖျက်ဆီးရက်ပေမဲ့
မရင့်ကျက်တဲ့နှလုံးသားက
ခံစားရတာများလွန်းတော့
ပွန်းရိနေပြီပေါ့ အမေ … ။

ဟန်ဆောင် ခေါင်းညိတ်
စိတ်လက်မပါ
အပြုံးတုတွေနဲ့သာ
နေရတာကြာလာတော့
ကိုယ်ဟာ ဘာလဲ …
မှန်ထဲတောင် ရဲရဲမကြည့်ဝံ့တော့ပါ အမေ … ။

ငှက်တေလေ တကောင်လို
ကိုယ့်အတောင် ကိုယ်အားကိုးပြီး
မိုင်ထောင်ချီခရီးကိုနှင်
ပြန်လို့ရရင် ပြန်လိုက်ချင်ပါရဲ့ …
ဒါပေမဲ့လေ …
တကယ့်လက်တွေ့မှာတော့
စက်ရုပ်တရုပ်ပမာ
ထားရာနေ စေရာသွား
အမှန်နဲ့ အမှား မခွဲခြားနိုင်
ပန်းတိုင်တွေလဲ ပျောက်ဆုံးကာ …
ခလုတ်တွေနဲ့ မကြာမကြာတွေ့တိုင်း
အမေ့ကိုသာ အခါခါတမ်းတ …
အိမ်ပြန်ပါရစေ …. အမေ …. ။
***
မေဓာဝီ
၃၀၊ ဇွန်၊ ၂၀၀၉
၁၇း၂၄ နာရီ

5 comments:

ရေတမာ said...

မကြီး မေဓါဝီရေ ဖြစ်သင့်တာတွေလုပ်ပြီးရင် တနေ့နေ့အိမ်ပြန်ကြမယ်လေ..အဲ့ဒီအတွက် ရသင့်ရထိုက်တာရပြီး.ဆုံးရှုံးတာတွေလည်းရှိခဲ့ရင် ကံတရားပဲပေါ့

မကြီးကိုလေးစားတဲ့
ရေတမာ

ရွက်လွင့်ခြင်း said...

လာရောက် ခံစားသွားပါတယ်

Ko Boyz said...

ကိုယ့်သဘောနဲ့ကိုယ်ဆိုရင်တော့ ပြန်သာပြန်ပါလေ။ အမေ့ရဲ့ အေးရိပ်လောက် အေးချမ်းတာ မရှိပါဘူး။
တစ်ခြားသော အကြောင်းတွေကြောင့် မပြန်နိုင်တာဆိုရင်တော့ မသိဘူး။

အိမ်ချမ်း said...

မမေ...
ခံစားသွားပါတယ်

ခင်မင်လျှက်...
မလေး

Anonymous said...

ပြန်စေ...ဟီး