Monday, April 27, 2009

လက်ဆောင်

ဒီနေ့မှ ကိုယ့်အိမ်ကလေးကို ကိုယ်ပြန်ရောက်ပါတယ်။ ပစ္စည်းတွေ ချ၊ ဖုန်တက်နေတဲ့ အခန်းလေးကို အနည်းအကျဉ်း သန့်ရှင်းရေးလုပ်၊ ခြောက်ခမ်းနေတဲ့ ဘုရား သောက်တော်ရေခွက် ကလေးတွေကို ဆေးကြောပြီး သောက်တော်ရေချမ်းကပ် အားလုံးပြီးမှ ဧည့်ခန်းထဲ ၀င်လိုက်တော့ ကျမအတွက် ရောက်နေတဲ့ စာတွေနဲ့ ပါဆယ်တထုပ်ကို တွေ့လိုက်ရလို့ ထိတ်ခနဲ စိတ်ထဲ လှုပ်ရှားသွားမိတယ်။ မျှော်နေတဲ့ အရာတွေ … ရောက်လာပြီလား … ။

ကမန်းကတန်းပဲ အထုပ်ကိုဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ စာအုပ်ကလေးတွေ … ။

ရင်ခတ်ပန်း မဂ္ဂဇင်း ၂-အုပ်၊ ဆရာကြီး (ဦး) တင်မိုး ဂုဏ်ပြု အထူးအစီအစဉ် အဖြစ် ထုတ်ဝေတဲ့ ထောင်စုပြတင်း သတင်းဂျာနယ်* တအုပ်၊ ဆရာကြီးရဲ့ အညာလမ်းက တမာတန်း ကဗျာစု စာအုပ် တအုပ် … ။

ကျမမြတ်နိုးတဲ့ စာအုပ်ကလေးတွေကို ကြည့်ရင်း ရင်ထဲမှာ ပျော်လည်းပျော် ကြည်နူး ၀မ်းသာမိပုံများ ပြောမပြတတ်ပါဘူး။ စာအုပ်တွေကို တကူးတက လက်ဆောင် ပို့ပေးတဲ့ ကိုရီးယားနိုင်ငံမှ ကိုကြီးပေါ် (ခေါ်) ကိုဝင်းပေါ်မောင်ကို ကျေးဇူးတင်လွန်းလို့ စာမေးပွဲအကြောင်းပြပြီး ရပ်ထားတဲ့ ဘလော့လေးပေါ်မှာ အမှတ်တရ မှတ်တမ်း တင်လိုက်မိပါတယ်။
***
စာအုပ်တွေကို အရင်မြည်းစမ်းကြည့်ရအောင် …

ရင်ခတ်ပန်းမဂ္ဂဇင်းက မြန်မာအသင်း (ကိုရီးယား) က ထုတ်ဝေတာပါ။ ကဗျာ၊ ကာတွန်း၊ ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ရသအက်ဆေး၊ ဘာသာပြန်၊ အတို့အဆိတ် … စတဲ့ စတဲ့ ကဏ္ဍ စုံစုံလင်လင်ကို ပါဝင်ပါတယ်။ ရင်ခတ်ပန်း မဂ္ဂဇင်းအမှတ် -၂ ထဲမှာတော့ ကိုကြီးပေါ်ကို စပြီးသိခဲ့ရတဲ့ အာရီရန်နဲ့ မြနန္ဒာ ရသအက်ဆေးကို တွေ့ရပါတယ်။

စာအုပ်ထဲက စကား ….
အားလုံးခေတ္တနားထောင်ပြီး ကျွန်မမေးတာကို ပြန်ဖြေပေးကြပါရှင်
မြန်မာပြည်ကြီး ဘယ်နေရာမှာ ရှိပါသလဲ
မြန်မာပြည်ကြီးဟာ ယခု ဒီနေရာမှာ ရှိနေပါတယ်။
မိတ်ဆွေတို့ အားလုံးဟာ မြန်မာတွေဖြစ်လို့ မြန်မာပြည်ကြီး ဒီနေရာမှာ ရှိနေပါတယ်။
(ပတ်မြောင်ဂျာ-ပူချွန်းအလုပ်သမားရိပ်သာ)
***
ဆရာကြီး (ဦး) တင်မိုးအတွက် ဂုဏ်ပြုထုတ်ဝေတဲ့ ထောင်စုပြတင်း သတင်းဂျာနယ်က မတ် ၁၉၊ ၂၀၀၆ မှာ ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ထဲမှာ ဆရာကြီးကဗျာတွေအပြင် ဆရာစွမ်း၊ ဆရာကြည်အောင်နဲ့ တခြား ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ ကဗျာတွေ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီထဲက ဆရာကြီးရေးတဲ့ ကန္တာရနှစ်များ ကဗျာကို ဦးဆုံး ဖတ်လိုက်မိတယ်။ ရေးခဲ့တာက ၁၉၇၆၊ နိုဝင်ဘာ တဲ့။ ဒါပေမဲ့ … ခုချိန်နဲ့လည်း ကိုက်ညီနေလိုက်ပုံများ … ။

စာအုပ်ထဲက ကဗျာ …

“ကန္တာရနှစ်များ”

ရှိုက်သံ
ဆံဖြူတချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော။

ဤနှစ်များ
ပျားတို့သည် မချို
မှိုတို့သည် မပေါက်
ယာတို့သည် ခြောက်ကုန်၏။

မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုန်တွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ကာ
မိုးမရွာသည်
ရွာပါသော်လည်း
မိုးမသည်း။

ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံ နတ္ထိ
ကပ္ပိယအို
ခေါင်းတုံးတိုသာ
တိုင်ကြိုတိုင်ကြား လဲလျက်။

မြေကြီးလည်း
မသီးဝံ့ဝံ့၊ အသီးဆွံ့၍
ရှက်ရွံ့အားနာ သောမျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏။

ရှိုက်သံပြောင်း၍
ခေါင်းလောင်းဘယ်ခါ ချိုမည်နည်း။ … ။
***
(ဦး) တင်မောင်သန်းရဲ့ သခင်နိုင်ငံတော် - ၂၀၀၂ ဒီဇင်ဘာက ထုတ်ဝေခဲ့တာပါ။ သင့်ဘ၀မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ စာတမ်းအချို့ကို စုစည်းထားခြင်း ဖြစ်ပါတယ်။

စာအုပ်ထဲက စာ …
သခင်ဆိုသည်မှာ -
သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက် လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်းတို့၏ လူတန်းစေ့ နေရေးထိုင်ရေးတို့ကို ကြံစည် အားထုတ်သူတိုင်း သခင်ဟု ခေါ်သည်။ လူတိုင်း လူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန် လိုသည်။

***
၂၀၀၆ မတ်လ၊ ကိုရီးယားနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ဆရာကြီးတင်မိုးရဲ့ အညာလမ်းက တမာတန်း။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို အမှီပြုပြီး ဒီကဗျာစုကို ရေးတယ်လို့ ဆရာကြီးက အမှာစာမှာ ရေးထားခဲ့တယ်။ အညာရနံ့ တမာရနံ့ ထုံသင်းပျံ့တဲ့ ကဗျာစုပေါင်း ၁၄၀ ပါဝင်ပါတယ်။
အဲဒီထဲက အမှတ် ၉၉ ခုမြောက် ကဗျာလေးကို ဖတ်မိတယ်။

မှတ်သားလောက်တဲ့ ကဗျာ …

လမ်းအပြိုင်လျှောက်ရင်း
ပန်းတိုင်ပျောက်တတ်တယ် - သတိ။
မိမိတို့ဘက် မှန်တယ်ဟု
သူ့ဘက် အပြစ်ရှု - ဂရု။
သူ့အုပ်စုကို ငါမမှု
ငါ့အုပ်စုကို သူမမှု
အကျိတ်အခဲတွေ စု။
အုပ်စုတွေကွဲ တုတ်တွေဆွဲ
ရန်သူ တဟဲဟဲ။
ကောင်းကြသေးရဲ့လား - ကဲ။
၂၁၊ ၁၂၊ ၂၀၀၅
***
စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ကျမ ဒီစာအုပ်တွေကို လက်က မချနိုင်ဘဲ စာအုပ်တွေနဲ့ ပျော်မွေ့ရင်း … ကျောင်းစာကို တညလောက် မေ့ကြည့်လိုက် ပါဦးမယ်။
ဒီတညထဲပါ …. ။
နက်ဖန်ဆိုရင် … ကျောင်းပြန်ဖွင့်ပြီလေ … ။
***
မေဓာဝီ
၂၆၊ ဧပြီ၊ ၂၀၀၉
၂၁း၂၁ နာရီ
***
နောက်ဆက်တွဲ။ … ။

ဒီစာကို မနေ့က ရေးပြီးတော့ မတင်သေးဘဲ ကိုကြီးပေါ်ဆီကို ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ အခု ကိုကြီးပေါ်ဆီက ခွင့်ပြုချက်ရလို့ တင်လိုက်တာပါ။ ကျမရေးထားတဲ့အထဲက လွဲနေတာလေးကို ကိုကြီးပေါ်က ပြင်ဆင်ပြီး ထပ်မံ ဖြည့်စွက် ပေးထားတာလေးပါ ဖော်ပြပေးလိုက်ပါတယ်။

*လိမ္မော်ရောင် စာအုပ်က ထောင်စုပြတင်းဂျာနယ်က ထုတ်တဲ့ ဆရာတင်မိုး ဂုဏ်ပြုအစီအစဉ် (စာအုပ်) ပါ။ ဂျာနယ် မဟုတ်ပါဘူး။ ဂျာနယ်က သပ်သပ်ထုတ်ပါတယ်။ ခေါင်းစည်းကို ဂျာနယ်ခေါင်းစည်းအတိုင်း တမင်သုံးထားတာပါ။ အဲဒီစာအုပ်လေးက တကယ့်ကို အမှတ်တရ။ ပထမထုတ်တာ ၂၀၀၄။ ဆရာတင်မိုး နယ်သာလန်ကပေးတဲ့ ပရင့်စ်ကလော့ဆု ရတုန်းက။ အမေရိကန်က မိတ်ဆွေတယောက်က ``ဆုပေးပွဲမှာ ဘာမှ ကမ်းစရာရှိဟန်မတူဘူး၊ ကိုပေါ် တခုခု လုပ်ပေးနိုင်ရင် ကောင်းမယ်´´ လို့ အကြံပေးတာနဲ့ လုပ်ဖြစ်သွားတာ။ နယူးယောက်မှာ ဝေခဲ့တယ်။ ၁၉ မတ် ၂၀၀၆ မှာ ဆရာ့ဟောပြောပွဲ လုပ်ဖို့ စီစဉ်တော့ ကိုရီးယားပွဲမှာ ဝေဖို့ဆိုပြီး နဂိုဟာကို ထပ်မွမ်းမံ ဖြည့်စွက်ပြီး ထုတ်တာ။ ဒါပေမဲ့ ဆရာ မလာနိုင်လို့ ပွဲမကျင်းပလိုက်ရဘူး။ အဲဒါ သုံးကြိမ်မြောက် ပွဲပျက်တာ။ ကျနော်က နောက်ထပ် ကြိုးစားပြီး ပွဲဖြစ်မှ ဝေမယ် စိတ်ကူးနဲ့ စာအုပ်တွေကို သိမ်းထားခဲ့တယ်။ အဲဒီ သိမ်းထားတဲ့ စာအုပ်တွေက ၂၀၀၇ မှာတော့ ဆရာ့ ဈာပနမှာ ဝေဖို့ ဖြစ်သွားခဲ့ရပါတယ်။
……………………………………………….
……………………………………………….
……………………………………………….
***
၂၇၊ ဧပြီ၊ ၂၀၀၉
၁၅း၄၂ နာရီ

9 comments:

ဟနစံ said...

ံပျော်လိုက်တာ...မမေ။ ဒီပို့စ်လေးကို ဖတ်ရတာ ဟန ပျော်လိုက်တာ။

တန်ခူး said...

မေရေ… တခါတလေ ဒီလို breakလေးယူပေါ့…
စာဆက်တက်ကျက်ရရင် သိပ်ခေါင်းထဲမ၀င်တော့ဘူးလေ…
ကိုဝင်းပေါ်မောင်ဆိုတဲ့ နာမည်လေးကြားလိုက်တာနဲ့  မှတ်မိသွားတယ်…
စာအုပ်လေးတွေက ကောင်းလိုက်တာနော်…
မေ့ဆီ တကူးတက ပို့ ပေးတာ ကျေးဇူးတင်စရာ…

လင်းကြယ်ဖြူ said...

အင်မတန်ကောင်းတဲ့ ကဗျာလေးတ္ဂေပါပဲခင်ဗျာ။
ဆက်လက်ရေးသားနိုင်ပါစေ။
ကျေးဇူး။

pandora said...

မမေရဲ့ လက်ဆောင်ထုပ်ကြီးကို လာချောင်းသွားတယ် ပျော်စရာပဲ

Anonymous said...

ဟနက ဘာလို့ပျော်တာလဲဟင်

မသိလို့ပါ

Unknown said...

မင်္ဂလာပါ
ကြိုးစားပါ
ဖတ်ရတာ အင်မတန်မှ အဆင်ပြေပါတယ်
စိတ်ဝင်စားစရာ ကောင်းကောင်းလေးရှိရင်ကျေးဇူးပြုပြီး
အီးမေးလ်ဖြင့်ပို့ ပေးစေလိုပါသည်
အဝေးတစ်နေရာမှ
ခေတ္တဘန်ကောက်

မေ့သမီး said...

အမ ဆရာတင်မိုးကဗျာနာမည်ကိုက မှတ်သားလောက်တဲ့ ကဗျာလား။ ကြိုက်လို့ ကူးသွားတယ်နော်။ အမကိုကျေးဇူး။

Anonymous said...

မမေ ရေ လွမ်းလို့ လာလည်သွားပါတယ်။ ကိုထွန်းလည်းပျော်တယ် မမေရေးတဲ့စာဖါတ်ရလို့

ကိုလူထွေး said...

ဆရာတင်မိုးရဲ့ ကန္တာရနှစ်များကို ရှာရင်းနဲ့ MDW ဆီရောက်သွားတယ်...

းဝ)