Friday, April 17, 2009

နှစ်ကူး နှုတ်ဆက် ...

သင်္ကြန်လည်းပြီး … ခရီးကလည်း ပြန်ရောက်ပါပြီ။
ဒါပေမဲ့ မဝေးသောကာလမှာ ကြုံတွေ့ရတော့မယ့် “စာမေးပွဲ” ဆိုတာကြီးအတွက် စိတ်ဖိစီးမှုတွေ များနေတာမို့ ဘလော့မဂင်းသေးဘူး စိတ်ကူးထားမိတယ်။ (ဒီစိတ်ကူးက ဘယ်လောက်ထိ ကြာကြာခံမလဲတော့ မပြောတတ်သေးပါဘူး။ လောလောဆယ် ဆိုပါတော့။) ဒီကနေ့တော့ မြန်မာနှစ်ဆန်းတရက်နေ့မို့ ခင်မင်ရာ ခင်မင်ကြောင်း တချို့ဘလော့တွေမှာ လိုက်လံ ခွန်းဆက်ရင်း ကိုယ့်ဘလော့ပေါ်ကနေလည်း ခေတ္တ ပျောက်ဦးမည့်အကြောင်း စာဖတ်သူ အပေါင်းအား သတင်းကောင်းပေး ပါရစေ .. ။
***
မနှစ်ကတော့ ကျမရဲ့ တမ်းတဖွဲ့ ပိုဒ်စုံရတုအတွက် ပြန်ရေးပေးတဲ့ ရတုတပုဒ်ကို အကိုတော် တယောက်ဆီက နှစ်ကူးလက်ဆောင်အဖြစ် ရခဲ့တယ်။ ဒီနှစ်တော့ ကျမရဲ့ ပန်းကြွေလမ်း တြိချိုးကဗျာလေးကို ဖတ်ရတဲ့ ကိုဟယ်ရီက “ပန်းကြွေလမ်းပဲ လျှောက်ရအောင်” ဆိုတဲ့ တြိချိုးတပုဒ် ပြန်ရေးပြီး မေးလ်နဲ့ပို့ပေးခဲ့တယ်။ သူ့ဘလော့မှာလည်း တင်ထားပါတယ်။ ဒီနှစ်အတွက်တော့ အဲဒီကဗျာလေးကိုပဲ ကျမအတွက် နှစ်ကူးလက်ဆောင်လို့ ကိုယ့်ဟာကိုယ် သဘောထားလိုက်ပါတယ်။ ကိုဟယ်ရီရေ … ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
***
ကိုဟယ်ရီရဲ့ စာနဲ့ ကဗျာကတော့ အောက်ပါအတိုင်းပါပဲ။
***
…. …. ….
ကျနော်လည်း မမေရေးထားတဲ့ ပန်းကြွေလမ်း ဆိုတဲ့တြိချိုးလေးကို ဖတ်ရင်းနဲ့ စိတ်ကူးပေါ်လာလို့ အဲဒါကို ပြန်တဲ့ ကဗျာရေးနေတာ ... တြိချိုးပဲပေါ့။ အခုပဲ ရေးပြီးသွားတယ်။ ဖတ်ကြည့်ပါဦး ... အစကတော့ ကွန်မန့်မှာ ရေးမလို့ပဲ ... နောက်တော့ စိတ်ပြောင်းသွားတယ် ... ကျနော့်ဘလော့ဂ်မှာ တင်လိုက်မယ်နော် ...

“ပန်းကြွေလမ်းပဲ လျှောက်ရအောင်”

လျှောက်ပါရစေ၊
တယောက်နှမမေ ဝေဒနာရနေလား၊
ပိတောက်အလှတွေ ကြွေကာကျလာတော့၊
ဝေဖြာလှပါတဲ့ သည်လမ်းကို၊
လှမ်းလိုလို့လေ။

ပန်းပိတောက်သခင်၊
နွမ်းခြောက်ရင်တောင် သင်းပျံ့ကြိုင်ပါလို့၊
လှမ်းလျှောက်ချင်အောင် မင်းရနံ့လှိုင်နေရဲ့၊
ရှင်းသန့်မြိုင် သင်္ကြန်အတာပွဲမှာ၊
မပန်သာဘဲ ကြွေလည်းလေ၊
မြေထဲမှာပင်မွှေး။

လေအဝင့်မှာ၊
ကြွေလွင့်ကာကျနေဆဲ၊
မြရည်ထဲ အဝါဆင်တဲ့၊
အတာသဘင်ရဲ့ ပိတောက်ပန်းကို၊
ကညာခင်နွဲ့ တယောက်မနမ်းသာပေမယ့်၊
လျှောက်စမ်းပါ လက်တွေတွဲကာပေါ့၊
မျက်ရည်လည်း မဝဲပါနဲ့မေရယ်၊
အသည်းမာ တမင်နင်းတာမဟုတ်ပါဘူး၊
ရင်တွင်းမှာ ပိတောက်ဝေဆဲပါပဲ၊
ကြွေလည်းလေ ရနံ့သင်းနဲ့၊
ဖြန့်ခင်းရာ ပိတောက်လမ်းကို၊
လျှောက်လှမ်းစို့လေး။
***
နည်းနည်းတော့ ရှည်သွားတယ်ဗျ ... ကျနော်က နဘေနဲ့ရေးတာ လက်ပိုတွေ့လို့ ... အကျင့်ပါနေပြီ။

ဒါနဲ့ မမေ ကဗျာလေးမှာ အခံချိုးက ကာရန်ပြန် တချက်လွတ်သွားတာ ကျနော် သွားတွေ့တယ်ဗျ။
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။ မှာ အဆုံးသတ်ပါဒက ပထမတ၀က်မှာ အယ် ကာရန် မပါဘူး ဖြစ်နေတယ်ဗျ ... မမေ အမှတ်တမဲ့ဖြစ်သွားတယ်ထင်တယ်။ နဘေယူရင် အဲဒါ ဖြစ်တတ်ပါတယ်။ နဘေကိုက်နေတော့ ကာရန်ပြန် ကို သတိမထားမိ လိုက်ဘူးလို့ ထင်ပါတယ်။

အဲဒါ သာစွပေ အစား သာစွကွယ် ဖြစ်ဖြစ်ပေါ့ ... ပြင်လိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဆရာလုပ်တာ မဟုတ်ပါဘူးနော် ... အကြံပေးတာပါ။
နှစ်သစ်မင်္ဂလာပါခင်ဗျာ ...
ခင်မင်လျက်
ဟယ်ရီ
***
ကိုဟယ်ရီရဲ့ ကဗျာလေးက လှသလို … အကြံပေးချက်ကလည်း အဖိုးတန်ပါတယ်။ ကျမလည်း တြိချိုး တခါမှ ရေးဖူးတာ မဟုတ်လို့ ဖြစ်ညှစ်ပြီး ရေးလိုက်ရတာမို့ ကာရန်တွေ လွဲသွားတယ်။ နားလည်တဲ့သူတွေ ခုလိုပြင်ပေးတော့ အမှန်ဖြစ်တာပေါ့ … ။ မြန်မာကဗျာလေးတွေမှာ အပြန်အလှန်ရေးကြတဲ့ အလေ့အထ ရှိတာမို့ အမှတ်တရ အနေနဲ့ ကျမဘလော့မှာ တင်လိုက်တာပါ။

မြန်မာနှစ်သစ် အကူးအပြောင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းရင်း … အားလုံးကို နှုတ်ဆက်လိုက်ပါတယ် … ။
***
မေတ္တာဖြင့်
မေဓာဝီ
၁၇၊ ဧပြီ၊ ၂၀၀၉
၁၁း၁၂ နာရီ

11 comments:

Anonymous said...

နှစ်သစ်မှာပျော်ရွှင် ပါစေ..


လွမ်းတယ် ...

Harry said...

ဝမ်းလည်းသာ ကျေးဇူးလည်းတင်ပါပဲ မမေရေ ...
မင်္ဂလာနှစ်သစ်ပါဗျာ

ကလိုစေးထူး said...

အခြေအနေ မပေးလို့ ခဏတဖြုတ်ပြန်နားရတယ်လို့ပဲ မှတ်ပါတယ် မမေ။ ပြန်ရေးဖို့ အချိန်အခါဆိုတာ ရောက်လာဦးမှာပါ။ ကျနော်တော့ အဲဒီအတိုင်းပဲ ယုံကြည်နေပါတယ်။ အားလုံး အဆင်ပြေပါစေ။

Anonymous said...

မမေ...
မင်္ဂလာနှစ်သစ်ပါရှင်
စာမေးပွဲပြီးရင်တော့ ပိုစ်တွေ မျှော်နေမယ်နော်

တန်ခူး said...

မေရေ… စာမေးပွဲကို အခက်အခဲ အဖုအထစ်မရှိ ချောမွေ့ စွာ ဖြေဆိုနိုင်ပါစေလို့  ဆုတောင်းပေးနေတယ်နော်…
စာမေးပွဲတွင်းမှာ ဘလော့ကို ခဏမေ့ထားလိုက်နော်…
စာမေးပွဲပြီးလို့  ဘလော့တံခါးပြန်ဖွင့်ရင် အိမ်ပေါက်ဝမှာ ထိုင်စောင့်နေတဲ့ တို့ ကိုတွေ့ လိမ့်မယ်… လွမ်းလို့ လေ… စာမေးပွဲပြီင်္းမှ အလွမ်းတွေ ဖြေကြတာပေါ့ညီမရေ…
ရည်ရွယ်ချက်တွေ အောင်မြင်ပြည့်ဝသော နှစ်သစ်ဖြစ်ပါစေလို့ ….

တန်ခူး said...

မေရေ… ကဗျာလေးအကြောင်းပြောဖို့ ကျန်သွားလို့ …
မေ့လက်ရာလေးကလဲကောင်း ကိုဟယ်ရီလက်ရာလေးကလဲကောင်း
တော်လိုက်ကြတာနော်… အဲဒီလိုလေးတွေ ရေးတတ်ချင်လိုက်တာ…
တကယ့်မြန်မာစာရေးဆရာကောင်းကောင်းတွေပါပဲ…

Anonymous said...

မမေရဲ့.. ကဗျာ.. ကိုဟယ်ရီရဲ့ ကဗျာလေးတွေကို ဖတ်ရင်း..တလွင့်လွင့်..ေုကွ....ဆိုတဲ့ စာသားလေးနဲ့ စတဲ့.. မာမာအေးရဲ့ ပိတောက်လမ်း... ချိုပုံးရဲ့ ပန်းပိတောက်တို့ေုကွရာမြေ...စသည့်စသည့်.. ပိတောက်နဲ့ ပတ်သက်တဲ့ သီးချင်းလေးတွေကို သတိရမိပါတယ်။ ပိတောက်နဲ့ ချစ်သူများ.. ဆိုတဲ့ ခေါင်းစည်းနဲ့..မြန်သီချင်းများကို..ရှာဖွေ ခံစားချင်စိတ် ပေါ်မိတယ်.. မမေ ဘလောက်ကလေးက စာပေ၀ါသနာအိုးတွေ များတော့ တောင်းဆိုချင်ပါတယ်.. ပိတောက်ပန်းနဲ့ ဖွဲ့တဲ့ သီချင်းများကို ရသလောက်.. သိသလောက် ဒီနေရာလေးမှာ အမှတ် တရ..စုပေုးကလျှင် မကောင်းဘူးလား ဗျာ...
မောင်ုကီး

Thet Oo said...

တော်ကြပါပေတယ်။ တို့များတော့ ရေးတတ်ပေါင်။

ကိုပေါ said...

မင်္ဂလာနှစ်သစ်ပါ။ ရွှင်လန်းချမ်းမြေပါစေ။ စာမေးပွဲဆိုသော အပူကြီး၏ ဖိစီးမှုကို အေးဆေးစွာ ကျော်ဖြတ်နိုင်ပါစေ။ နောက်ပြီးတော့ ခဏပဲ ပျောက်ပါလို့ တောင်းဆိုလိုက်ပါတယ်။ (အတုမြင် အတတ်သင်ဆိုသလို ကျနော်တောင် တောင်းဆိုချက်တွေ ထုတ်တတ်လာပြီ။း-)

ဟန said...

ွှမမေ နဲ့ ကိုဟယ်ရီ ကို နှစ်သစ်တွင် အထူးကျေးဇူးတင်ရှိပါကြောင်း။

မေ့သမီး said...

စာမေးပွဲရှိလို့ မဘလော့ဘူးပေါ့။ ညီမလည်း ဒီလိုပဲပြောနေတာပဲ။ :P ဒီနေ့ဖြေနေတာတောင် ဘလော့ကို ခိုးဝင်လိုက်သေးတယ်။ တြိချိုးတို့၊ ရတုတို့က ပိုစည်းကမ်းများတယ်နော်။ ညီမကြိုက်တော့ ကြိုက်တယ်။ ကိုယ့်ဘာသာရေးလောက်အောင်တော့ မရဘူး။