Sunday, April 05, 2009

ကျမနှင့် ဆေးမြီးရှည်

ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေ ကျောင်းက ပြန်ရောက်တော့ လူက နုန်းချိချိ ဖြစ်နေတယ်။ အ၀တ်အစားလဲပြီးချိန်မှာ ချမ်းစိမ့်စိမ့် ဖြစ်လာပြန်ရော။ ခဏနေတော့ တကိုယ်လုံး ကိုက်ခဲလာတယ်၊ ခြေလက်တွေက တဆစ်ဆစ်၊ ခေါင်းထဲက တဒိန်းဒိန်းနဲ့။ ဖျားတော့မလား မသိဘူး ဆိုပြီး စောင်ခြုံထဲ ခဏ၀င်ကွေးလိုက်သေးတယ်။ ခေါင်းပေါ်ကို ခေါင်းအုံးကြီးနဲ့ ဖိပြီး အိပ်ရာထဲ ငြိမ်ငြိမ်လေး လှဲနေပေမဲ့ သက်သာမလာပါဘူး။ ဒါနဲ့ ဆေးသောက်မှပဲ ဆိုတဲ့ အတွေးနဲ့ မထချင် ထချင် ထမင်းထစားပြီး အိပ်ရာနံဘေး ဆေးအံဆွဲထဲက ပါရာစီတမော တလုံးကို ရေနွေးကြမ်း ပူပူနဲ့ သောက်၊ အိပ်ရာထဲ ပြန်ဝင်လှဲရင်း ရောက်တတ်ရာရာ ဟိုဒီတွေးနေမိတယ်။

ပါရာစီတမော သောက်ပြီး တွေးနေမိတာဆိုတော့ ဆေးနဲ့ ပတ်သက်လို့ပဲ ဆိုပါတော့။ ဟိုနေ့က ဗမာဆေးနဲ့ ဆေးဘက်ဝင် အပင် အရွက်တွေအကြောင်း ရေးတော့ ဆေးမြီးတိုလို့ အမည်တပ်ခဲ့တယ်။ အခုတော့ ငယ်ငယ်ထဲက သုံးစွဲခဲ့တဲ့ အင်္ဂလိပ်ဆေး (အနောက်တိုင်းဆေး) တွေ အကြောင်း ရေးချင်တာနဲ့ ဆေးမြီးရှည်လို့ အမည် ပေးလိုက်မိပါတယ်။
***
ငယ်ငယ်တုန်းက မိသားစုဝင်တွေ အကုန် အဘိုးရဲ့ အိမ်မှာ စုနေကြတော့ တအိမ်လုံးမှာ ဆရာဝန် ၄ ယောက် ရှိတယ်။ ဆရာဝန်တွေရှိတဲ့ အိမ်ဆိုတော့ ဆေးကလည်း ပေါပါတယ်။ အိမ်ရဲ့ ထမင်းစားခန်းထဲမှာ အများသုံးတဲ့ ဘုံပိုင် ဆေးဘီရိုလေးတခု လုပ်ထားတယ်။ ပတ်တီးတို့ ဂွမ်းတို့က အစ၊ ဘာမီတွန် ပါရာစီတမောတို့လို အိမ်သုံးဆေးတွေ အလယ်၊ နားကျပ်တို့ သွေးပေါင်ချိန်တဲ့ ကိရိယာတို့အဆုံး ဘီရိုလေးထဲမှာ အသင့် ရှိနေတတ်တယ်။ ကျမတို့ မိသားစုပိုင် အခန်းကလေးထဲမှာတော့ အမေ စီစဉ်ထားတဲ့ ဆေးတွေ သီးသန့်ပေါ့။

အိမ်မှာ ဆရာဝန်တွေရှိပေမဲ့ တော်ရုံတန်ရုံ ဖျားတာလောက်တော့ အမေပဲ ကျမတို့ကို ဆေးကုပေးပါတယ်။ ခေါင်းကိုက်ရင် ပါရာစီတမော၊ အဖျားရှိရင် ဆာလ်ဖာ၊ နှာစေးရင် ဘာမီတွန်၊ လည်ချောင်းနာရင် စီဗစ် ဆိုပြီး ပါရာစီတမောကို အခြေခံလို့ ကျန်တာတွေ ဖြည့်စွက် ထည့်တိုက်လိုက်တာပဲ။ နေပူစပ်ခါး ဆော့တာများလို့ မျက်စိနာတဲ့အခါ မန်ကျည်းခေါက်နဲ့ မတိုးတော့ရင် တက်ထရာဆိုင်ကလင်းအွိုင်းမန့် ဆိုတဲ့ ကော်လို စေးကပ်ကပ် မျက်စဉ်းဆေးကြီးကို မျက်လုံးဖြဲပြီး အတင်း ခပ်ပေးတယ်။ အဲဒီဆေး ခပ်ပြီးရင် မျက်ခွံနှစ်ခုကို ကော်သုတ်ပြီး ကပ်လိုက်သလို တခါထဲ ဖွင့်လို့မရအောင် ကပ်သွားတော့တာပဲ။ ချော်လဲလို့ ဒူးပြဲရင်တော့ အရက်ပျံနဲ့ အနာကိုဆေးပြီး တင်ချာ အိုင်အိုဒင်း ဖြစ်ဖြစ်၊ ရွှေဝါလူးဆေးဖြစ်ဖြစ် ညှစ်ပြီး အနာကို ထည့်ပေးတယ်။ စပ်လွန်းလို့ တရှူးရှူး တ၀ှူးဝှူး နဲ့ ဆွေ့ဆွေ့ကို ခုန်လို့။

ဗိုက်အောင့် လေအောင့်တာတို့ ၀မ်းသွားတာတို့ ဆိုရင် ဂျဲလ်မက်၊ သာလာဆပ်၊ ဘဲလ်နျူထွန် (စာလုံးပေါင်းတွေ မသိပါဘူး၊ ငယ်ငယ်က ထွက်တဲ့ အသံထွက်အတိုင်း မှတ်မိသလို ရေးထားတာ ဖြစ်ပါတယ်၊ မှားရင် ပြင်ပေးကြပါ။) တို့ တိုက်တယ်။ ၀မ်းကိုက်ရင်တော့ မက်ထရိုပေါ့။ အားရှိအောင် အမေက အားဆေးလည်း မှန်မှန် တိုက်ပါသေးတယ်။ ဖျူရာမင်းဘီစီ ဆိုတဲ့ ဆေးလုံးနီနီလေးတွေ၊ နာမည်ကသာ ဖြူတာ ဆေးက အနီရောင်မို့ နီရာမင်းလို့ ခေါ်ခဲ့ကြတယ်။ နောက်ပြီး သံစော်နံတဲ့ဆေးလို့ ကျမတို့ အမည်ပေးထားတဲ့ ဖဲရပ်စ်ဆာလ်ဖိတ်၊ သိပ်မုန်းတဲ့ ဆေးပေါ့။ သောက်လိုက်ရင် ပါးစပ်တခုလုံး သံချေးစော်ကို နံလို့။ ဆောင်းတွင်းဆိုရင် အအေးဒဏ် ခံနိုင်အောင် ငါးကြီးဆီ တိုက်သေးတယ်။ နောက်ပြီး အရိုးအဆစ် သန်မာအောင် ကယ်လ်ဆီယမ် .. တဲ့။ အဲဒီအချိန်က သောက်ခဲ့သမျှ ဆေးတွေ အားလုံးကတော့ ဘီပီအိုင်က ထုတ်တဲ့ ဆေးတွေချည်းပါပဲ။ အဲဒီကာလတုန်းကတော့ တံခါးပိတ်ဝါဒ ကျင့်သုံးတာမို့လား မသိ၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယက လာတဲ့ ဆေးတွေ မရှိသေးဘူး ထင်ပါရဲ့။

မိဘတွေကတော့ စေတနာတွေနဲ့ ကောင်းနိုးရာရာဆေးတွေ တိုက်ကျွေးတာပါပဲ။ ကျမကတော့ ရှောင်လို့ရသမျှ ရှောင်ပြီး တတ်နိုင်သမျှ မသောက်ခဲ့ပါဘူး။ အဲ … အမေတိုက်တဲ့ သောက်ဆေးတွေနဲ့ မတိုးတော့တဲ့ အဆုံးမှာတော့ ဦးလေး၊ အဒေါ် တယောက်ယောက်က အပ်ပြုတ်တော့တာပဲ။ အဲဒီတုန်းက တခါသုံး အပ်ရယ်လို့ ခေတ်မစားသေးပါဘူး။ ဆေးထိုးအပ်တွေ ပြုတ်ပြီး သုံးကြတာပဲ။ အိမ်မှာလည်း ဆေးထိုးအပ်နဲ့ ကိရိယာ တန်ဆာပလာတွေ ပြုတ်တဲ့ အိုးသေးသေးလေးရှိတယ်။ အဲဒီ အပ်အိုး တည်ပြီဆိုရင် အလိုလိုနေရင်း လူက တွန့်နေပြီ။ အပ်အိုးပွက်တဲ့အသံ ဂလောက် ဂလောက် ဂလပ် ဂလပ်ဆိုရင် ဘယ်နားနေရမှန်း မသိတော့ဘူး။ ထိုးဆေးဖန်ဗူးကလေးကို တဂျွိဂျွိနဲ့ လှီးနေပြီဆိုရင်တော့ အလိုက်တသိ အိပ်ရာပေါ်မှောက်ပြီး ဆေးထိုးခံဖို့ တင်ပါး အသင့်လှန်ပေး ထားရပါတော့တယ်။ ဆေးထိုးခံပြီးရင်တော့ နာလို့မဆုံး၊ ပွတ်ပေးခိုင်းလို့ မဆုံးတော့ဘူး။ ခြေထောက်ကြီးတောင် တန်းသွားသလိုလို လမ်းလည်း သိပ်မလျှောက် နိုင်တော့တာမို့ အဖေက ချီပြီး အိပ်ရာထဲ ပို့ပေးရတဲ့ အထိပဲ။

အဒေါ်တွေ ဦးလေးတွေ တာဝန်အသီးသီးနဲ့ တမြို့ တနယ် တပြည်တရွာကို သွားကြတဲ့ အခါမှာတော့ အိမ်နားက ဆေးခန်းလေးတွေကိုပဲ အားကိုးရပြန်တယ်။ မိသားစုဆရာဝန်လို ဖြစ်နေတဲ့ သူတို့က ကျမတို့နဲ့ အဆင်ပြေမယ့် သောက်နေကျ ဆေးမျိုးတွေပဲ ပေးပြီး ကုသပေးခဲ့ကြတယ်။ ခရီးသွားဖို့ရှိရင်လည်း အမေတို့က ဆေးဝါးအစုံအလင် ထည့်သွားနေကျဆိုတော့ ထွေထွေထူထူး ဒုက္ခ မရောက်ခဲ့ကြဘူး။

အဲ … မိသားစုနဲ့မဟုတ်ဘဲ ကျမနဲ့ ရုံးကအမကြီး နှစ်ယောက်ထဲ မန္တလေးသွားရတဲ့ အခါမှာတော့ ကျမ ဒုက္ခ လှလှ တွေ့တော့တာပါပဲ။ မန္တလေးရောက်တော့ မြို့ခံအသိတယောက်က ရှမ်းဆိုင်မှာ လိုက်ကျွေးပါတယ်။ ရှမ်းရိုးမ လို့ထင်တာပဲ။ သေချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီဆိုင်မှာ စားပြီး တညလုံး ၀မ်းတွေ သွားလိုက်တာ မှတ်မှတ်ရရ ၂၁ ခါ။ တညလုံး မအိပ်ရဘူး။ မိုးလင်းတော့ တည်းတဲ့ ဟိုတယ်ကို ဆရာဝန် ခေါ်ခိုင်းတဲ့အခါ တနင်္ဂနွေနေ့မို့ ခေါ်မရဘူး ပြောတယ်။ ဒါနဲ့ သူတို့ညွှန်းတဲ့ ကြေးမုံ ဆေးခန်းကိုသွားတော့ ဆေးခန်းက ပုလင်းချိတ်တဲ့ ဆေးခန်းဖြစ်နေပါတယ်။ ဆေးခန်းတခန်းလုံး ပက်လက်ကုလားထိုင် ခုံတန်းလျားရှည်လေးတွေ ဘေးမှာ ပုလင်းချိတ်ဖို့ တိုင်ကလေးတွေ ထူလို့။ လူသန်သန်မာမာကြီး တယောက်လည်း ပက်လက်ကုလားထိုင်ပေါ်မှာ အေးအေးလူလူ ထိုင်ရင်း ဆေးသွင်းခံနေတာ မြင်ခဲ့ပါသေးတယ်။

ဆရာဝန်မကြီးက အပြောဆိုးဆိုး ထွားထွားကျိုင်းကျိုင်းကြီး။
“နင်ဒီလောက်ဝမ်းသွားနေတာ ပုလင်းချိတ်ရမယ်” တဲ့ … ။
“ကျမ ပုလင်းမချိတ်ချင်ဘူး … အချိန်လည်း မရဘူး၊ ကိစ္စရှိသေးတယ်၊ သောက်ဆေးပဲ ပေးပါ”
သူရေးပေးတဲ့ များပြားလှစွာသော ဆေးတွေ ၀ယ်၊ တကြိမ်ပဲ သောက်ရသေးတယ် လူက ပျော့ခွေနုန်းချိ သွားတော့တာပဲ။ ကျမနဲ့အတူပါလာတဲ့ အမကြီးလဲ ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ရော။ ဒါနဲ့ ရန်ကုန်အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောတော့ အိမ်က အမလတ် ညွှန်ကြားတဲ့ ဆေးတွေကိုပဲ ဟိုတယ်က လူတယောက်ကို ထွက်ဝယ်ခိုင်းပြီး သောက်တော့မှ သက်သာခဲ့ရတယ်။ အဲဒီလိုမျိုး ကြုံရပြီးတဲ့ နောက်ပိုင်း ဘယ်သွားသွား ဆေးဝါးအစုံအလင်နဲ့ သွားရတော့တာပဲ။

ဒီလာမယ်ဆိုတော့ ဦးရီးတော်က ဆရာဝန်ဖြစ်ပေမဲ့ အမေက ကျမအတွက် လိုအပ်မယ်ထင်တဲ့ ဆေးတွေ ထည့်ပေးလိုက်ပါတယ်။ ပုံမှာမြင်ရတဲ့ ဆေးတွေကတော့ အမေပေးလိုက်တဲ့ ဆေးထဲက တချို့တလေပါ။ ပါရာစီတမော၊ ဒိုင်ဂျင်း၊ အဲအိတ်စ်၊ အမ်ပက်ဆလင်၊ ကီးမို့စ်၊ ဘာမီတွန်၊ အမ်အိုအမ်၊ စတေလ်မတေးလ်နဲ့ ဒီကိုတေးလ်၊ ထိခိုက်ရှနာအတွက် ဘီတာဒင်း လိမ်းဆေးရည်၊ အရက်ပျံထုတ်ကလေးတွေနဲ့ ဇမ်းဘတ်ပေါ့။ ဇမ်းဘတ်ကတော့ စင်္ကာပူက မိတ်ဆွေတယောက် အမေ့အတွက် ပေးတဲ့ဟာကို ယူလာခဲ့တာပါ။ သြော် … ဟိုအလုံးလေးတွေက ကျမ ဆံပင်ကျွတ်တယ်ဆိုလို့ အမေက ဆံပင်ထဲ ထည့်ရအောင် ၀ယ်လာခဲ့ပေးတာ။ ဆံပင်အတွက် အားဆေး ဆိုပါတော့။

ရောက်ကတည်းက ထွေထွေထူးထူး သိပ်မဖြစ်တော့ ပါရာစီတမောနဲ့ ဒိုင်ဂျင်းလောက်ပဲ အလွန်ဆုံး သောက်ဖြစ်တယ်။ တခြားဆေးတွေ ဖောက်ကို မဖောက်ရသေးတာ။ ကြာရင် ရက်လွန်ကုန်တော့မယ်။ ခုလို ဆေးတွေကို တကူးတက သယ်လာခဲ့ရတာ ဒီက ဆေးတွေက မကောင်းလို့လည်း မဟုတ်၊ အထင်သေးလို့လည်း မဟုတ်ပါဘူး။ ဆေးတွေက အလွန်ကောင်းပါတယ်။ တချို့ဆေးတွေက ဦးရီးတော်ဆီကလည်း အလကားရသလို ကျောင်းသားမို့ ဆေးဖိုးလည်း ထွေထွေထူးထူး မကုန်ပါဘူး။ ဒါပေမဲ့ ကျမ ဒီကဆေးတွေ ခုထိ သေချာ မသောက်ဖြစ်ခဲ့ပါ။ ခံနိုင်ရည် စွမ်းအားဆိုတာ တအိမ်ထဲနေတဲ့ ညီအမချင်းတောင် တယောက်နဲ့ တယောက် တူကြတာမှ မဟုတ်ဘဲ။ ဒါကြောင့် ဆေးတွေက ကောင်းပေမဲ့ ကိုယ်နဲ့ အကျွမ်းတ၀င် မရှိတဲ့အတွက် ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကိုတော့ ကျမ ကြောက်တယ်။

တကယ်တော့ ဆေးမြီးတိုရယ် ဆေးမြီးရှည်ရယ် မဟုတ်ပါဘူး။ ကိုယ်နဲ့ အသုံးတည့်ရင်၊ ကိုယ့်အတွက် အဆင်ပြေရင်၊ ပြီးတော့ .... တကယ်တမ်း လိုအပ်လာခဲ့ရင် … ကျမကတော့ ဘာဆေးမဆို သောက်ဖြစ်မှာပါပဲ။ အဓိကက ရောဂါ ပျောက်ကင်းဖို့ပဲ မဟုတ်လား။
***
မေဓာဝီ
၅၊ ဧပြီ၊ ၂၀၀၉
၁၁း၂၁ နာရီ

10 comments:

Prince said...

အားပါး .... သူယူ သွားတဲ့ ဆေးတွေက လဲ မနဲပါလား၊ ကျနော် ဖြင့်ခေါင်းတောင်မူးနေ ပြီ ဆေးနာမည်တွေဖတ်လိုက်ရလို လေ....ဆေးတော့ မသောက်တော့ပါဘူး သံပုရာရည်လေးဘဲ သောက် ပြီး သံပုရာသီးလေဘဲ ရှု လိုက်တော့မယ်။

ဆေးဝါးအပြည့်အစုံ လက်တကမ်းမှာ ထားတာ တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဘာသောက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိ တော့၊ ကျနော် ဆို ရင်လဲ ဘာမှ သောက် မှာ မဟုတ်ဘူး။

သောက်ပြီးသွားခါမှ ... ဟာ.. ငါသောက်တာ များသွားပြီ ... ငါသောက်တာ မှားသွာပြီဆို ဒုက္ခနော်.....ဆိုရိုးစကားရှိတယ် လေ..Little knowledge, dangerous things.
မမေတို့လိုဆရာဝန် လက်တကန်းမှာ ရှိတဲ့ သူတွေက တော့ ဘာဘဲ သောက်သောက် မသောက်ခင်တော့ သေချာ မေးကြည့် ပြီးမှ သောက် တာ ပိုကောင်းမယ် ထင်တာဘဲ။ဆရာဝန်က တော့ ဆေးအကြောင်း သေချာ သိ တဲ့သူမဟုတ်လား.....
အဲ ဆရာဝန် လက်တကန်းမှာ မရှိတဲ့နေ ရာဆိုရင် တော့ ဆေးညွန်းလေးဘာလေး ဖတ်ပြီမှ သောက်တာ ကောင်းတာပေါ့။
ဆေးပညာက သိထားတာတော့ ကောင်းပါတယ်။

နောက် BPI ကဆေးတွေကို ကျနော် တို့ ငယ်ငယ်က တကယ်ကို သုံးခဲ့ရတာ ပါ။ တကယ် လဲ ကောင်းပါတယ်။ ကျနော်တို့ဗမာပြည် က ဆေးက အကောင်းဆုံးလို့ နာမည် ကြီးခဲ့တယ်မဟုတ်လား။ အဲဒီတုန်းက ဆေးခန်းဆိုတာလဲ မရှိခဲ့ တော့ ဘာဘဲ ဖြစ်ဖြစ် ဆေးရုံကို ပြေးရတာပါဘဲ။ ဆေးလဲ အခမဲ့၊ ထမင်းတောင် ချက်ကြွေးသေးတယ်။ပြောရရင် တော့ကျနော်ကို လျှောက်ပြောနေတာလို့ ပြောကြလိမ့်မယ်။ ကျနော်တကယ်ပြောတာ။

ဘာဘဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတယောက် ကျမ်းမာဖို့က.... ကံ၊စိတ်၊ဥတု နဲ့ အဟာရ မျှတ မယ်ဆိုရင်တော့ ဘာ မှ မှီဝဲ ဖို့မလိုဘူးလို့ ထင်တာဘဲ....

ဟနစံ said...

ဟိဟိ...ဆေးမြီးတိုနဲ့ပဲ ကုမယ်။ ဆေးမြီးရှည် အန်တီဘိုင်အိုးတစ်တွေ အန်ကယ်ဘိုင်းအိုးတစ်တွေက ခေါင်းမူးတယ်။ ၀မ်းသွားတယ်။

PAUK said...

ကျနော်ကျတော့ မြန်မာဆေးတွေ ၀ယ်လာတာများတယ်..
မှန်ချို..အာယုဒီဃ..ထက်လင်း..
ရှောက်သီးဆေးပြား..ဦးချိန်တီ..

T T Sweet said...

ဒီမှာလဲ နေမကောင်းရင် ပါရာနဲ့ ဘာမီတုန်ပဲ အွန်တာပဲ။ ဘီပီအိုင်အစစ်မှနော်။ခုချိန်ထိတော့ စလုံးရောက်ကတည်းက အပူချိန်တွေတက်ပြီး မဖျားဖူးဘူး။ ၁၀နှစ်ရှိပြီ။

ခုမှလာဖတ်ဖြစ်တယ်။ နောက်မှတစ်ခြားပို့စ်တွေ လာဖတ်ဦးမယ်။

Anonymous said...

မမေ...
မတွေ့ရတာအရမ်းကြာနေသလိုပဲ..
ကျမ်းမာပါစေ.. စာတွေလဲအဆင်ပြေပါစေ..
အားရင် ပိုစ်လေးတော့ရေးပါ..

ခင်မင်လျှက်..
မလေး

မေ့သမီး said...

အမရေ ဆေးကတော့ အပြင်ထွက်လာတော့ သယ်လာရတယ်။ ဒီကဆေးဝယ်ရလည်း ဆရာဝန်ညွှန်းတာမဟုတ်ရင် မလွယ်ဘူးကြားဖူးလို့။ အစာမကြေတာလောက်ဆိုရင်တော့ လျှက်ဆားပဲစားတယ်။ လူကလည်းဖြစ်လိုက်ရင် ရင်ပြည့်ရင်ကယ်ပဲဖြစ်တာ။ အစားကသိပ်မသောင်းကျန်း ဘူးဆိုတော့။ :P အမလိုပဲ ဆေးတွေအများကြီးသယ်လာတယ်။ ဆေးမြီးတိုရော၊ ဆေးမြီးရှည်ရောပဲ။

Thet Oo said...

ဟိုတလောက ကိုယ်လည်း အပူဝမ်းတွေ သွားသေးတယ်။ မေဓာဝီလို ၂၁ ခါ ဆိုပြီး အတိအကျတော့ မမှတ်မိဘူး။

မေဓာဝီ said...

ကိုပရင့်စ်ရေ .. အမေထည့်ပေးလိုက်လို့ ယူလာရတာပါရှင်။ ကိုပရင့်စ်ပြောသလို သံပုရာရည်လေး သောက်တာတော့ အကောင်းဆုံးပေါ့၊ အစာလည်းဆေး၊ ဆေးလည်း အစာ မဟုတ်လား။

ဒေါ်လေးဟန ... မမေလည်း ဆေးမြီးတို ပိုအားသန်တာ။ ဒါကြောင့်ကြည့်ပါလား ဆေးတွေက ရက်လွန်တော့မယ် ဖောက်ကို မဖောက်ရသေးဘူး။

ပေါက်ရေ ... မြန်မာတိုင်းရင်းဆေးလည်း သယ်လာပါတယ်။ အင်္ဂလိပ်ဆေးတွေသာ မကုန်တာ။ မြန်မာဆေး ကုန်သွားလို့တောင် ထပ်မှာရသေးတယ်။

တီတီဆွိ ... ကျန်းမာရေးကောင်းတာပေါ့နော်။ ၁၀ နှစ်မှာ တခါမှ မဖျားဘူးဆိုတော့။ အားကျစရာပဲ။ ပါရာနဲ့ ဘာမီတွန်ကတော့ ကျမတို့ရဲ့ လက်စွဲပဲ။ ဒီကိုဂျင်တွေ ဘာတွေ ပေါ်ပေမဲ့ မသောက်ဖြစ်ပါဘူး။ လာဖတ်တာ ကျေးဇူးပါရှင်။

ဆုတောင်းပေးတာ ကျေးဇူးပဲ မလေးရေ .. ။ မလေးလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်နော်။

မေ့သမီး ... ဟုတ်တယ် တချို့ဆေးက ဆရာဝန် ညွန်းတာ မပါရင် ၀ယ်လို့မရဘူး။ လျက်ဆားကတော့ ကျမတို့ မြန်မာလူမျိုးတိုင်း သုံးစွဲကြတဲ့ ဆေးတလက်ပါပဲ။

ကိုသက်ဦး ... ညီမက အဲဒီခရီးစဉ်ကို မှတ်မှတ်ရရရှိလို့ ၀မ်းသွားတဲ့ အကြိမ်ရေတောင် မှတ်မိနေတာ။ :)
အကိုဝမ်းသွားတော့ ဘာသောက်တုန်း။ ဆေးမြီးတိုလား ဆေးမြီးရှည်လား ... :P

မှတ်ချက်လေးတွေ ရေးပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ... ။

တန်ခူး said...

မေရေ… မေက ကံကောင်းတယ်နော်… အနားမှာ ဆရာဝန်ဆွေမျိုး တယောက်မဟုတ်တယောက်ကတော့ ရှိနေတယ်…
အမကတော့ ခဏခဏနေမကောင်းဖြစ်တယ်မေရေ… အိပ်ရာထဲ လဲနေတာ မဟုတ်ပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့… ဖြစ်ရင် ညီမလေးရေးပေးလိုက်တဲ့ ဘာဖြစ်ဘာသောက်ဆိုတဲ့ ဆေးအညွှန်းဖတ်ပြီး မေပြောတဲ့ ဆေးမြီးရှည်ဗူးကြီးဖွင့်သောက်ရတော့တာပဲ…
တခါတခါ အဲဒီအညွှန်းတဲ့မပါတဲ့ ထူးထူးခြားခြားဆို ဖုန်းဆက်ပြီးမေးရတာလေ…
အဲဒီမှာက ဆေးအလကားကုရတာကိုက တော်တော်ကို အဆင်ပြေနေပြီမေရေ…
အမလဲ မေ့လိုပဲ… တော်ရုံဆိုဆေးသိပ်မသောက်ဖူး… ဘေးဆိုးကျိုးတွေ ကြောက်လို့ လေ…

sarpawtun said...

ဟင်း................
ငါပြောဖို့လဲဘာမှမကျန်တော့
သူတို့ဘဲ ပြောပြောနိုင်လွန်း
တကယ် တကယ်