Thursday, April 02, 2009

မြမန်းဂီရိ

လွန်ခဲ့တဲ့ ရက်သတ္တ တပတ်လောက်က ကျမရဲ့ မိတ်ဆွေကြီး ကိုပရင့်စ်က မဟာဂီတထဲက မြမန်းဂီရိ စန္ဒယားလက်သံရှိရင် လိုချင်ပါကြောင်း၊ မရှိရင်လည်း ဘယ်မှာ ရနိုင်တယ်ဆိုတာ ပြောပေးစေလိုကြောင်း အော့ဖ်လိုင်း မက်ဆေ့ခ်ျ ပို့လာပါတယ်။

မြမန်းဂီရိ … ....
"မြမန်းဂီရိ" လို့ ကြားလိုက်တာနဲ့ ကျမ စိတ်က ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ဆီ ပြန်ရောက်သွားတယ်။ “မြမန်းဂီရိ သေလာတောင် … နန်းတည်ထောင် … ဘုန်းရောင် နေသို့လင်း ….” ဆိုပြီး ခပ်တိုးတိုး ရေရွတ်မိတယ်။ ကျမ သွေးတွေ ပူနွေးလာတယ်။ ကျမ လက်ချောင်းတွေက တစုံတခုကို ငတ်မွတ်သလို ခံစား လိုက်ရတယ်။ တကယ်တမ်း မြမန်းဂီရိနဲ့ ကျမ လက်ချောင်းတွေဟာ တော်တော်လေးကို ရင်းနှီး ကျွမ်းဝင် ခဲ့ဖူးပါတယ်။
***
ကျမ ခပ်ငယ်ငယ် အရွယ်က စန္ဒယားတီး သင်ချင်ပေမဲ့ စန္ဒယား ၀ယ်နိုင်လောက်တဲ့ ငွေကြေး အခြေအနေ မရှိတော့ ကိုယ်နဲ့ ခြေနိုင်လက်နိုင် ဂစ်တာလောက်တော့ ၀ယ်နိုင်မှာပဲ ဆိုပြီး အမေ့ကို ပူဆာလို့ ဂစ်တာသင်တန်း တက်ခဲ့ဖူးပါတယ်။ စန္ဒယား သင်ချင်ရင်းစွဲ ရှိနေတာမို့ ရစ်သမ် ထက်ကို လိဒ်တီးတာကို အဓိက ထားပြီး သင်ခဲ့တယ်။ တပတ်ကို နှစ်ရက်သင်ပြီး သင်တာ တလမပြည့်ခင်ဘဲ တရက်မှာတော့ ဆရာကြီးက ထူးထူးဆန်းဆန်း မြမန်းဂီရိ သီချင်း နုတ်စ်ကို ပေးပြီး လေ့ကျင့်ခိုင်းပါတယ်။ အဲဒီသီချင်းကို ငယ်ငယ်ထဲက အမေတို့ ကြီးတော်ကြီးတို့ ဆိုဆိုညည်းနေလို့ ကြားဖူးနေခဲ့တဲ့ သီချင်းပါ။ မြန်မာ့အသံ သီချင်းကြီး ကဏ္ဍမှာလည်း မကြာခဏ လွှင့်နေကျဆိုတော့ ရင်းနှီးနေပါတယ်။

ဆရာကြီးက သီချင်းတပုဒ် တီးခိုင်းတော့မယ်ဆိုရင် စစချင်း ခေါင်းစဉ်ကို အုပ်ပြီး အရင်တီးခိုင်းတယ်။ စမ်းတီးကြည့် … ပြီးရင် … ဘာသီချင်းလဲ ပြော … အဲဒီလို အမြဲလုပ်တယ်။ သိတဲ့ အခါလည်း သိ၊ မသိတဲ့ အခါလည်း မသိခဲ့ပါဘူး။ မြမန်းဂီရိကိုတော့ တီးကြည့်လိုက်တာနဲ့ပဲ မြမန်းဂီရိမှန်း တန်းပြီးသိခဲ့ပါတယ်။ စစချင်းတော့ မြမန်းဂီရိလို သီချင်းကြီးကို ဂစ်တာနဲ့တီးခိုင်းတော့ နည်းနည်းအံ့သြမိတာပေါ့။ ဒါပေမဲ့ ပထမတခေါက် တီးပြီးတာနဲ့ တီးရတာ သိပ်အရသာ တွေ့သွားပြီး ဒီသီချင်းကိုပဲ ထပ်တလဲလဲ လေ့ကျင့်ရင်း မကြာခင် အခက်အခဲမရှိဘဲ ချောချောမောမော တီးနိုင်ခဲ့သွားတယ်။ ဆရာကြီးက သူပေးတဲ့ သီချင်းတပုဒ်ကို သူ့စိတ်ကြိုက် တီးခတ်နိုင်ရင် စာရွက်ထောင့်မှာ သူ့လက်မှတ်တိုကလေး ထိုးပေးပါတယ်။ အခု ဒီသီချင်းနုတ်စ် စာရွက်အောက်မှာ ထိုးထားတဲ့ လက်မှတ်က နေ့စွဲကို ကြည့်တော့ 1/6/89 တဲ့။ အနှစ် နှစ်ဆယ်တောင် ကြာခဲ့ပြီပေါ့ ... ။

အဲဒီသီချင်း တက်ပြီးသွားတဲ့ နောက်ပိုင်း သီချင်းကြီးတွေ မြန်မာသီချင်းတွေ တီးချင်လှချည်ရဲ့လို့ ခဏခဏ ကျမပူဆာလို့ ဆရာကြီးခမျာ ခေတ်ဟောင်း သီချင်းတွေ ရသလောက်ရှာပြီး သင်ပေးခဲ့တယ်။ ကျမ အကြိုက်ဆုံး တီးရတာ လက်အတွေ့ဆုံးက မြမန်းဂီရိနဲ့ စုံတောမြိုင်ပါပဲ။ ကျမ ဒီကို လာတော့ ဂစ်တာနုတ်စ်တွေကို ဖိုင်ထဲကနေဖြုတ်ပြီး သေချာ တရိုတသေ ထုပ်ပိုး ယူခဲ့တယ်။ လိုရမယ်ရ ဆိုပါတော့။ အနှစ် နှစ်ဆယ် ရှိပြီဆိုတော့ စာရွက်တွေလည်း ကြွေမတတ်ဖြစ်နေပါပြီ။ ဂစ်တာနုတ်စ်သာ ယူခဲ့တာ ကျမလက်ချောင်းတွေက ဂစ်တာကြိုးတွေနဲ့ ကင်းဝေးနေတာ ကြာခဲ့ပါပြီ။ ဂစ်တာလည်း မ၀ယ်နိုင်ပါဘူး။ လောလောဆယ်တော့ ကျမလက်ချောင်းတွေဟာ ကွန်ပျူတာရဲ့ အေဘီစီဒီ ခလုတ်တွေ၊ ဂဏန်းပေါင်းစက်ရဲ့ တစ်နှစ်သုံးလေး ခလုတ်တွေနဲ့သာ ယဉ်ပါးနေဆဲပါပဲ။ အိမ်မှာကျန်ခဲ့တဲ့ ဂစ်တာလေးကတော့ ဖုန်တွေတက်ပြီး ချောင်ထိုးထားခံနေရမှာ သေချာပါတယ်။

အဲ … ကိုပရင့်စ်ပြောတဲ့ မြမန်းဂီရိ စန္ဒယားလက်သံက ကျမဆီမှာ မရှိတာနဲ့ ယူကျုထဲမှာ မြမန်းဂီရိ (mya mann giri) လို့ ရိုက်ထည့် ရှာလိုက်တော့ Myanmar Traditional dance (Mya Mann Giri) by Thee Lay Thee ဆိုပြီး တွေ့ရပါတယ်။ သီးလေးသီးအဖွဲ့က မြမန်းဂီရိ သီချင်းများ ဆိုတာလားလို့ ကြည့်လိုက်တော့ မြမန်းဂီရိ တီးလုံးနောက်ခံမှာ ဘီလူးနဲ့ မင်းသမီး တွဲပြီးကထားတဲ့ အကပါ။ ကြည့်လို့လည်း ကောင်း၊ သဘောလည်း ကျတာနဲ့ ဘလော့မှာ တင်လိုက်ပါတယ်။ မြမန်းဂီရိရဲ့ စန္ဒယားလက်သံလေးများ ရှိခဲ့ရင်ပဲဖြစ်ဖြစ် ရနိုင်တဲ့ လင့်ခ်ပဲဖြစ်ဖြစ် သိကြရင်လည်း ဝေမျှ ပေးဖို့ တောင်းဆိုချင်ပါတယ်။



မြမန်းဂီရိကို ဂစ်တာနဲ့ သင်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း မိတ်ဆွေတယောက်ကို ပြောပြမိတော့ သူက … သီချင်းကြီးနဲ့ ဂစ်တာ မအပ်မစပ် လုပ်တာ မဟာဂီတကို ဖျက်ဆီးတာ ဆိုတဲ့ သဘောတွေ ပြောလာပါလေရော … ။ ကျမကတော့ သူပြောသလို မတွေးမိပါဘူး။ ဘယ်လို သီချင်းအမျိုးအစားမဆို တီးခတ်တဲ့ တူရိယာ ပစ္စည်းက အဓိကမဟုတ်ဘဲ ဖန်တီးသူ ခံစားသူရဲ့ အတွင်းအဇ္ဈတ္တက ဒီဂီတအပေါ် မြတ်နိုးမှု အတိုင်းအတာ ပေါ်မှာသာ မူတည်တယ်လို့ ထင်တာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ကျမလက်ချောင်းတွေ ဂစ်တာကြိုးလေးတွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရတဲ့ တနေ့ … မြမန်းဂီရိအပါအ၀င် ကျမ သင်ခဲ့ဖူးသော ကျမ မြတ်နိုးသော မြန်မာ သီချင်းကြီးတွေကို တီးခတ်နေမိဦးမှာပါပဲရှင် … ။
***
မေဓာဝီ
၂၊ ဧပြီ၊ ၂၀၀၉
၂၁း ၂၄ နာရီ
***
ဖြည့်စွက်ခြင်း ။ ... ။
မြမန်းဂီရိနှင့် အခြား မြန်မာသီချင်းများ
(ပတ္တလားလက်သံ - အလင်္ကာကျော်စွာ စောင်းဦးဘသန်း)
Burmese classic မှ ယူထားပါသည်။


21 comments:

ကလိုစေးထူး said...

မြမန်းဂီရိ သီချင်းကို တီးနိုင်တယ်ဆိုတော့ ဘယ်ခေလိမ့်မလဲ။ ကျနော်ဖြင့် ဂီတာတောင် ရမ်သမ်လေး တဗျတ်ဗျတ်ပဲ တီးတတ်တယ်။ ငယ်ငယ်က ဦးငယ်တို့တွေ စုံတောမြိုင်သီချင်းကို လိဒ်တီးကြတာကိုတော့ ခဏခဏနားထောင်ဖူးတယ်။ မြမန်းဂီရိ စန္ဒယားလက်သံကတော့ ကျနော်လဲ ယူကျုမှာ မတွေ့မိသေးဘူး။ အားတဲ့အခါ လိုက်မွှေကြည့်ပြီး တွေ့ရင်ပြောမယ်နော်။

ဒါနဲ့...၊ သီးလေးသီးရဲ့ အဲဒီသရုပ်ဖော်ကကွက်ကို ပြီးခဲ့တဲ့အပတ်ကပဲ အပြည့်အစုံ ကြည့်ခဲ့ရတယ်။ (ဒါက ကြွားတာ :P)

ATN said...

မမေက ဂစ်တာတီးတတ်တာကိုး... ကောင်းသဗျာ...
ကျနော်လည်း ငယ်တုန်းက သိန်းတန်(မြန်မာပြည်)ရဲ့ စုံတောမြိုင်ကို သဘောကျလို့ လိုက်တီးနေတဲ့ အချိန်ပေါ့... ဗမာသီချင်းကြီးတွေ လိုက်တီးရင်းနဲ့ ပန်းဆိုးတန်းလမ်းက စာအုပ်ဟောင်းဆိုင်မှာ တွေ့တဲ့ သီချင်းကြီးတွေရဲ့ နုတ်စ်တွေ (ပါကားနုတ်စ်နဲ့) ပါတဲ့ စာအုပ် တအုပ် ရခဲ့တယ်လေ။ အဲထဲမှာ မြမန်းဂီရိလည်း ပါတယ် ... ဒါမယ့် အဲ နုတ်စ်တွေက စောင်းအတွက်ဆိုတော့ ဂစ်တာနဲ့ တီးဖို့ သိပ် မလွယ်ကူတာကတော့ အမှန်ပဲ... ခု မမေ ပြထားတဲ့ နုတ်စ်က body notes ကိုး... ဒီ နုတ်စ်အတိုင်းကို keyboard နဲ့ တီးပြီး အနောက်ကနေ chord ကို arpeggio backing ထည့်လိုက်ရင် piano နဲ့ တီးသလို ထွက်လာမယ်ထင်တယ်... အချိန်ရရင် ကျနော် Keyboard နဲ့ တီးကြည့်ပေးမယ်... နောက်တခုက သီချင်းကြီးပဲဖြစ်ဖြစ် ဘယ်သီချင်းပဲ ဖြစ်ဖြစ်ပါ ဘယ်တူရိယာနဲ့မဆို တီးလို့ ရပါတယ်... ဖန်တီးသူက ပြန်လည် ဆန်းသစ်လို့ ရပါတယ်... ကျနော်လည်း အဲလိုပဲ သဘောရပါတယ်...

pandora said...

ပန်ဒိုရာလည်း တီးတတ်ချင်လိုက်တာ
မမေရေ ဒီဆိုဒ်မှာ ရှာကြည့်ပါလား
http://www.burmeseclassic.com/song_kethaung1.php

Anonymous said...

creditပေးတာမပေးတာနဲ့ပတ်သတ်လို့ကွန်မန့်ကိုဒီမှာချခဲ့ပါမယ်
ဟိုဘက်ပို့စ်မှာဆိုရင်ဖတ်ဖြစ်ချင်မှဖတ်ဖြစ်ကြမှာ

ဒီနေ့ဘလောဂ့်တခုဝင်ဖတ်မိရင်း သူတို့ပိုစ့်တခုကို သူများ credit မထည့်ဘဲ တင်ထားလို့ အီးမေလ်းအပြန်အလှန်နဲ့ တောင်းပန်တာတွေ ကွန်မန့်ရေးထားတာတွေ ဘလောဂ့်မှာတင်ထားတာကို ဖတ်မိရင်း ခေါင်းထဲမှာ မဟုတ်တရုတ်အတွေးပေါ်လာတယ်။

ဒီဖော်ရမ်ထဲမှာတောင်မှ အင်္ဂလိပ်ဘလောဂ့်တွေကနေ ယူလာပြီးတင်ထားတဲ့ဟာ (သူတို့မူပိုင်ရေး) လေးတွေရှိပါတယ်။ credit တော့မပါဘူး။ အဲ့ဒီအတွက် ဖော်ရမ်ကိုလည်း ဘယ်သူမှရန်မရှာဘူး။ ခရက်ဒစ်မပေးရကောင်းမလားဆိုပြီးတော့လည်း အဲ့ဒီဘလောဂ့်ပိုင်ရှင်ကလည်း လာမပြောဘူး။
သူတို့ဘာလို့ မပြောတာလည်း (မတွေ့လို့ဆိုတာမျိုးကြောင့်တော့မဟုတ်ဘူး။ Google ကြီးတခုလုံးရှိနေတာဘဲလေ။) မရှာလို့ ဂရုမစိုက်လို့ သူတို့ အနုပညာ အကုန်လုံးယူသွားလည်း သူတို့အတွက် ဘာမှပဲ့ပါသွားတာမဟုတ်လို့ပါ။ Public ချပေးရင်း ပျံ့လေကောင်းလေဆိုတဲ့စိတ်မျိုးထားနိုင်လို့ပါ။ (*** ဒါကျမရဲ့ တီကောင်ဦးဏှောက် အတွေးပါ)။ မှန်ချင်မှလည်း မှန်မှာနော်။

ကိုယ့်ဦးဏှောက်ကထွက်လာတဲ့ အနုပညာ ပညာကို သူများယူသုံးပြီး Credit မပေးတိုင်းသာ တချို့တွေလိုမျိုး လူသိရှင်ကြား လိုက်အော်မယ်ဆိုရင် Microsoft, Adobe, စတဲ့ နာမည်ကြီး ကွန်ပြူတာ ဆော့ဝဲတွေ သီချင်း ရုပ်ရှင် (မှတ်ပုံတင်ပြီး) ထုတ်တဲ့ လူတွေအဲ့လိုလိုက်လုပ်လို့ ကျမတို့ သိက္ခာလည်း ကျန်မှာတောင်မဟုတ်တော့ဘူး။

အင်တာနက်ပေါ်မှာစာရေးတဲ့ လူတွေဟာ ကွန်ပြူတာနဲ့ ပါတ်သတ်နေရတဲ့ လူတွေပါ။ ကွန်ပြူတာသုံးတဲ့ မြန်မာလူဦးရေ 99 ရာခိုင်းနှုန်းဟာ ဆော့ဝဲမူရင်း ဝယ်သုံးတာမဟုတ်ဘူး။ တန်ရာတန်ကြေးမပေးဘဲ အလကားရတဲ့ Ebook ဆိုတာကို မဖတ်ဖူးတဲ့သူမရှိဘူး။ သီချင်းအလကားဒေါင်းပြီး နာမထောင်ဖူးတဲ့လူမရှိဘူး။ ဒါဆို သူများရဲ့ ပညာကိုကျတော့ ခိုးသုံးတယ် သူတို့ Public ချ တင်ပေးတဲ့ စာတွေကြတော့ credit မပေးရင် ဆတ်ဆတ်ခါနာတယ်။ (မူပိုင်ခွင့်ဝယ်ထားသူများ စာအုပ်ထုတ်ရောင်းနေသော စာရေးဆရာများကို မဆိုလိုပါ။) အဲ့ဒါ တရားသလား?


ကျမရေးထားတဲ့ ပိုစ့်တွေကို တနေရာမှာ တင်ထားပြီး credit မပေးထားရင် ကျမလည်း အဲ့လိုအော်မှာဘဲလားလို့ ထပ်စဉ်းစားမိတယ်။

မသိသေးပါဘူး။ ကျမလည်း ဘယ်တုန်းကမှ လိုက်မရှာ လိုက်မကြည့်ဖူးဘူး။


ကျမတွေးမိတာက အကယ်၍ ကိုယ်က သူများ Software တွေ ရုပ်ရှင်တွေ သီချင်းတွေ စာအုပ်တွေကို Original (ဥာဏ်ပညာပူဇော်ခ) မစိုက်ထုတ်ဘဲ သုံးတယ် အဲ့ဒီအတွက်လည်း ဘာမှမခံစားရဘူး ဘယ်မှာမှလည်း ကျေးဇူးတင်ကြောင်းတို့ ခရက်ဒစ်ပေးတာတို့ မရှိခဲ့ဖူးဘူးဆိုရင် ကိုယ့်ပညာ ကိုယ့် အတွေးခေါ်ကို သူများက ဘာမှမစိုက်ထုတ်ဘဲ ဘာခရက်ဒစ်မှာမပေးဘဲ ယူသုံးသွားရင်လည်း ကိုယ်ကဘာလို့ ခံစားချင်နေရတာလည်း။ ကိုယ့်ကိုယ်ကို အကောင်းဘက်ကကြည့်ရင် ပညာ အလှုလုပ်တယ် (နောက်တဖက်ကကြည့်ရင် ဝဋ်လည်တယ်) လို့ မစဉ်းစားပေးနိုင်ဘူးလား? မြန်မာတွေဘဲ မြန်မာပိုစ့်တွေ မြန်မာစာတွေကိုဖတ်တာပါ။ ကိုယ့်လူမျိုးအချင်းချင်းအတွက်ဘဲလို့ ဘာလို့မစဉ်းစားပေးတာလည်း? ဘာလို့ မြန်မာလူမျိုးအချင်းချင်း အရှက်ကွဲအောင် လုပ်ချင်ရတာလည်း?

ကျမပြောတာ Credit မပေးသင့်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ပညာကို ခရက်ဒစ်မပေးတာတွေ့ခဲ့ရင်တောင် လူသိရှင်ကြားတွေ မလုပ်သင့်ဘူးလို့ တွေးမိတာပါ။

ဒီအတွေးနဲ့ပါတ်သတ်ပြီး မကျေနပ်တာရှိရင် cr.crystalrays@gmail.com ကို မေလ်းပို့လို့ရပါတယ်

ကလိုစေးထူး said...

အပေါ်က တယောက်...၊
ဒီမှာ အားလုံးက ပို့စ်နဲ့သက်ဆိုင်တာကိုပဲ ပြောဆိုနေကြတယ်။ ခင်ဗျားက ဘာတွေမှန်း မသိလာပြောတယ်။ မမြင်မှာစိုးလို့ ဆိုတာက ပါလိုက်သေးတယ်။ ရေးထားတာတွေကလဲ တောင်စဉ်ရေမရ။
ခရက်ဒစ်ပေးတယ်တွေ မပေးဘူးတွေ ဆိုတာထက် လူတွေ အဓိက ပြောနေတာက ကိုယ်မရေးတဲ့စာ၊ သူများရေးထားတဲ့စာကို ကိုယ်ပဲရေးထားလေသယောင်ယောင် ကိုယ့်နာမည်ခပ်တည်တည်တပ်ထားတာကို မလုပ်သင့်တာကို ပြောနေတာ။ ခင်ဗျားက မဆီမဆိုင်တွေ လျှောက်ပြောနေတယ်။ ခင်ဗျားပြောတဲ့ အင်္ဂလိပ်ဘလော့ဂ်တွေ မကလို့ အင်္ဂလိပ်အဘကြီး ဘလော့ဂ်ပဲဖြစ်ဖြစ် သူတို့ရေးထားတဲ့စာကို အဲဒီလိုပုံစံ လုပ်တာကို သိရင် ဘယ်သူမှ မခံဘူး။ ရှင်းရှင်းလေးကို ရှုပ်နေတယ်။ ခက်တာပဲ။ ပြီးသွားတဲ့ကိစ္စကို လာထပ်ပြောနေတာကိုက မဟုတ်တာပဲ။

မေဓာဝီ said...

ကိုစေးထူးရဲ့ ရစ်သမ်တဗျတ်ဗျတ်က သီချင်းတွေ အများကြီး စပ်ခဲ့နိုင်တာပဲ။ သီချင်းတွေ ထပ်ရေးပါအုံးလို့ ကြုံတုန်း တိုက်တွန်းပါရစေ ...။

ကိုအောင်သာငယ် ... ကျမက မတောက်တခေါက် တီးတတ်တာပါ။ အချိန်ရရင် keyboard နဲ့ တီးပေးမယ်ဆိုလို့ ၀မ်းသာလိုက်တာ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ပန်ပန်ရေ လင့်ခ်အတွက် ကျေးဇူး။ ရှာလို့ မတွေ့သေးပေမဲ့ ဗမာသီချင်းတွေ အများကြီးတွေ့လို့ ပျော်သွားတယ်။

အမည်မဲ့ cr.crystalrays ဆိုသူရှင့်... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပို့စ်မှာ အားလုံးပြောပြီးသားမို့ ဒီနေရာမှာ အကျယ်မပြောလိုတော့ပါဘူး။ ကျမတို့ ပညာအလှူလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို သူများနာမည် တံဆိပ်ကပ်ပြီးလှူတဲ့အထိတော့ မရက်ရောနိုင်ဘူးရှင်။ နောက်တခုက ကျမဘလော့မှာ တခြားစာရေးသူတွေရဲ့ ကဗျာတွေ စာတွေကို ယူသုံးတဲ့အခါမှာလည်း သက်ဆိုင်ရာ စာရေးသူရဲ့ အမည်ကို တပ်ပါတယ်။ ကျမတို့ ဆိုလိုတာက အဲဒါပါပဲ။

မှတ်ချက်လေးများအတွက် ကျေးဇူးတင်ပါကြောင်း ... ။

မေဓာဝီ

ဝင်းပေါ်မောင် said...

မြမန်းဂီရိ စန္ဒယားသံတော့ ရှိမရှိ မသိပါ။ ပတ္တလားသံတော့ ရှိပါတယ်။ အင်္လကာကျော်စွာ စောင်းဦးဘသန်း တီးထားတာပါ။ ယင်းမာ တေးသံသွင်းက စီဒီထုတ်ထားတာ ရှိပါတယ်။

မေဓာဝီ said...

ပတ္တလားလက်သံရလည်း နားထောင်ချင်ပါတယ် ကိုကြီးပေါ်ရေ ... ။ စီဒီပဲ ရှိတာလား ... အင်တာနက်ထဲ ဘယ်နေရာမှာများ ရနိုင်မလဲ မသိဘူး။ ခုတလော သီချင်းကြီးတွေကို ချဉ်ချဉ်းတပ်နေလို့ပါ။

မေဓာဝီ said...

ပန်ပန် ပြောတဲ့လင့်ခ်မှာ စောင်းဦးဘသန်းရဲ့ ပတ္တလား လက်သံကို ၀င်နားထောင်လိုက်တာ ချက်ချင်းပဲ တွေ့သွားပါပြီ။ လင့်ခ်ပေးတဲ့ ပန်ဒိုရာရော ... စောင်းဦးဘသန်းတီးကြောင်း hints ပေးတဲ့ ကိုကြီးပေါ်ရော ... အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

ဝင်းပေါ်မောင် said...

``မြမန်းဂီရိ တီးလုံးနောက်ခံမှာ ဘီလူးနဲ့ မင်းသမီး တွဲပြီးကထားတဲ့ အကပါ။´´... အဲဒါကို `ဘီလူးပန်းစိုက်အက´လို့ ခေါ်ပါတယ်။ အတီးကို ယိုးဒယား ကရောင်းတီးချက်လို့ ခေါ်ပါတယ်။ မူရင်းက ကုန်းဘောင်ပရမေ ပတ်ပျိုးကြီးထဲက အပိုဒ်တပိုဒ်ပါ။ ဒီအတီးပိုဒ်ကို ယူပြီး မြမန်းဂီရိကို ရေးတာလို့ ဆိုပါတယ်။ ရာမဇာတ်မှာလည်း ဒီအပိုဒ်ကိုပဲ ကရောင်းသံဖြည့်ပြီး တီးတာပါ။

မေဓာဝီ said...

အကနဲ့ ပတ်သက်ရင် ညီမက အဲလောက်ထိ ဗဟုသုတ နည်းပါးတာ အကိုရေ ... ။ ဒါကြောင့် ကြည့်နေတာ ... ဘီလူးကြီးက ဘာကြောင့်များ ပန်းပွင့်လေးကိုင်ပြီး ကနေပါလိမ့်လို့ ... ။ ခုလိုပြောပြပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်။

Prince said...

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မဟာဂီတ ကို စိတ်ဝင်စားလို့ပါ။ ကျနော်က အသေအချာ တော့မသိပါဘူး။ ကျနော်ငယ်ငယ်က တော့ ဗမာဂီတာနဲ့ အိမ်နားက ဦးလေးကြီးတယောက် တီးခတ်တာကို အရမ်းသဘောကျခဲ့မိပါတယ်။ မမေ တီးတာက အနောက်တိုင်းဂစ်တာနဲ့ တီးတာထင်တယ်နော်။ ဘာဘဲ ဖြစ်ဖြစ် အားလုံးက ဗမာတေးဂီတ စစ်စစ်ကို စိတ်ဝင်စားကြတော့ လေးစားပါတယ်။

ကောင်းကောင်း said...

မြမန်းဂီရိသေလာတောင် ..ဆိုတာကိုကြားဖူးတယ်ဗျ။ ငယ်ငယ်တုန်းက ဆိုဖူးတယ်။ ကောင်းကောင်းဆိုတာမဟုတ်ဘူး။ဖျက်ပြီးဆိုတာဗျား။ အဟေးဟေး။ မြမန်းဂီရိသေလာတောင်.....ဘာမှန်းမသိတဲ.သေနာကောင်.....တဲ.

kay said...

မမေရေ- စိတ်ဝင်စားတယ်။ မြန်မာ့ဂီတ ရော ဘာရော ဂီတဆို တာ ဖန်တီးမူနဲ့ သွားနေတဲ့ အရာပဲ။
အပျော်ထမ်းဆိုရင်တောင်.. ကျမတို့လို နားထောင်သမားသက်သက် တွေ အတွက်တော့..ငေးနေရမှာပါ။း)

Harry said...

မမေ ဘလော့ပြန်ရေးပြီကိုး ... ၀မ်းသာပါသဗျာ
ဂီတဆိုတာ ဘာတူရိယာနဲ့တီးတီး ... ခံစားမှုရယ်၊ ကျွမ်းကျင်လှပ လက်ရာမြောက်မှုရယ် ရှိမယ်ဆိုရင် ဂီတ ပါပဲ။ သီချင်းကြီးနဲ့ ဂစ်တာ မအပ်မစပ် ဆိုတဲ့သူတွေ ကျနော် မေးချင်တာက အဲဒီ သီချင်းကြီးတွေကို တီးနေတဲ့ piano ကရော၊ မြန်မာတူရိယာစစ်စစ်ဟုတ်လို့လားလို့ ...
အဲဒီ ရှေးရိုးစွဲတယူသန် အတွေးအခေါ်တွေကြောင့် မြန်မာ့ ဂန္တ၀င်ဂီတဟာ ထွန်းကားသင့်သလောက် မထွန်းကားတာ လို့ပဲ ပြောချင်ပါတယ်။
ကျွန်တော် အချိန်ရရင့် harmony ထည့်ပြီး classical guitar နဲ့ တီးကြည့်ပါဦးမယ် ... အခုတလောတော့ အလုပ်ကများသား မမေရေ ... နည်းနည်းတော့ ကြာမယ်နော် ... တကယ်လုပ်ချင်တာကတော့ စောင်းသိန်းဖေရဲ့ ငွေညှို့သံကို လုပ်ချင်တာ ... ဒါပေမယ့် သီချင်းရှာလို့ မရသေးလို့ဗျ ...

ကိုဇေယျာ said...

welcome back sis,
Its been a while I haven't been to your blog.
အမ စာတွေပြန်ဖတ်ရတာ ရင်ထဲနွေးသွားတယ်ဗျာ။
မြန်မာသီချင်းကြီးတွေနားထောင်ရတာ၊ ဖတ်ရတာ သိပ်အရသာရှိပါတယ်။
Thanks alot!!

Unknown said...

http://www.facebook.com/permalink.php?story_fbid=116015855118512&id=104548919606968


မြမန်းဂီရိ စန္ဒယားတေးသံ

Unknown said...

http://www.facebook.com/permalink.php?story_fbid=116015855118512&id=104548919606968

မြမန်းဂီရိ စန္ဒယားတေးသံပါ

myanmar.classical said...

မြမန်းဂီရိကတော့လူငယ်ကြိုက် လူကြီးကြိုက်ပါပဲ။

http://www.mediafire.com/?3wr2bdbwjid2vwy
မှာ ဒေါ်ရီရီသန့်နဲ့ကိုကျော်ဆွေ တို့ရဲ့မြမန်းဂီရိပါ။

မြန်မာသီချင်းကြီးသီချင်းခန့်တွေကို လိုချင်ရင်တော့
www.myanmarclassical.wordpress.com မှာရယူနိုင်ပါတယ်။

သူကြီးမင်း said...

ဂစ်တာလဲ တင်း
လူလဲ ပျင်း
မိုးမလင်းသေးပါ မိမေဓာ။

မြမန်းဂီရိ
ပဟေဠိ
ဖြေညှိပြပါ မိမေဓာ။

သော မသတ်နိုင်
စုံတောမြိုင်
အပိုင်တီးပါ မိမေဓာ။

ဂစ်တာလဲ ပြို
လူလဲ အို
တေးဆိုပြပါ ဘွားမေဓာ။

သက်လေးဆယ်ကျော်
ကံတွေပေါ်
ပျော်ပျော်အိုပါ ဘွားမေဓာ။

.

Geordie said...

ဆရာရေ ကျွန်တော် က ၀ါသနာရှင်ပါ...ဆရာရထားတဲ့ note လေ လိုချင်ပါတယိ