Monday, February 25, 2008

ဆက်မရတဲ့ အဆုံး

မနက်က ...
စောစောစီးစီး အိပ်ရာထ၊ ညတုန်းက ဆေးထားတဲ့ ပန်းကန်တွေကို စင်ပေါ်လှမ်းတင်လိုက်ပြီး တဘက်လှည့်လိုက်တုန်း ...

ဝုန်း ... ချွလွမ် .. ခွမ် ... ချွင် ...

ဆိုတဲ့ အသံတွေနဲ့အတူ ပန်းကန်အထပ်လိုက် စင်ပေါ်က ပြုတ်ကျပြီး ကွဲကုန်ပါလေရော ... ။
တစစီ ကွဲနေတဲ့ ပန်းကန်ကွဲအပုံနား ငုတ်တုတ်ထိုင်ချရင်း ညစ်ညူးတဲ့စိတ်၊ နှမြောတဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေ ဖြစ်ရင်း
ဒီစင်ပေါ် မတင်လိုက်မိရင် အကောင်းသားဆိုပြီး နောင်တတွေ ရနေမိတယ်။ ပန်းကန်ကွဲ အပိုင်းအစ လေးတွေကိုလည်း ပြန်ရလိုရငြား ဟိုတစ ဒီတစ ဆက်ကြည့်နေမိသေးတယ်။

ဒီပန်းကန်တွေဆိုတာက ပြုတ်ကျတာနဲ့ ကွဲလွယ် အက်လွယ် ထိခိုက်လွယ်တဲ့ အမျိုးအစားတွေပဲ။ ကွဲပြီးသွားရင်လည်း ဘယ်လိုမှ ပြန်ဆက်လို့ မရနိုင်ပါဘူး။ ဒါကို သိနေရက်နဲ့ စိတ်ထဲ နှမြောလို့ ပြန်ဆက်ကြည့်နေမိတာပါ။

အစကတည်းက အမြင့်မှာတင်ရင် သေသေချာချာ ဂရုစိုက်ပြီး တင်ရမှာကို နမော်နမဲ့နဲ့ ပြီးစလွယ် တင်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရင်း ပန်းကန်ကွဲပုံကြီးနား စိတ်ညစ်ညစ်နဲ့ ထိုင်နေမိတယ်။

မဖြစ်နိုင်တဲ့အရာကို ကြိုးစားရတာ စိတ်ရော လူပါ ပင်ပန်းလွန်းလှတယ်။ တခါတလေတော့လည်း လစ်လျူရှုပြီး စိတ်ထဲက အားလုံးကို ထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲလို့ တွေးမိတာနဲ့ ... စိတ်ကို ဒုန်းဒုန်းချပြီး ...

ကွဲသွားပြီးတဲ့ အရာတွေကို မိုက်မဲစွာ ပြန်ဆက်ဖို့ မကြိုးစားတော့ဘဲ တံမြက်စည်းနဲ့လှဲ၊ ဂေါ်ပြားနဲ့ ကျုံးပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတော့တယ်။
***
မေဓာဝီ
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၂း၁၅ နာရီ

10 comments:

Anonymous said...

အမ..
ကွဲသွားတဲ့ အခါ ပြန်ဆက်တာ ဆက်လို့ရဦးတော့ အကွဲရာ လမ်းကြောင်းကြီး ကျန်နေတယ်အမ...
ကျနော် အခုချိန်ထိ အကောင်းတိုင်း ပြန်ဆက်ပေးနိုင်တဲ့သူ ရှာနေဆဲပဲ...
တချိန်ချိန်တော့ တွေ့မယ်ထင်တာပဲ..
သက်မဲ့ တောင် သံယောဇဉ် တွယ်တတ်သေးတာ သက်ရှိဆို ရင် ပိုဆို သေး တယ် ...
ဒီလိုပါပဲ... အမရယ် ဘ၀ ဆိုတာ ...

နောက်စာကောင်းများကို လဲ မျှော်လင့်လျက်
လေးစားလျက်..
ညီမ

Ko Paw said...

သြော်.. ပန်းကန်ကွဲသမျှ
ပြန်တွဲမရတော့ပြီမို့
အမြန်လှဲချမှ ဖြစ်တော့မယ်...
ကဲ ရွာစားရေ...တံမြက်စည်း မ။

Thet Oo said...

ပုဂံကျကွဲတာတောင် ပို့စ်တခုဖြစ်အောင်ရေးနိုင်သူဟာ ဘလော့နဲ့ အကြာကြီးဝေးမနေသင့်ပါဘူး...

တန်ခူး said...

ဆက်မရတဲ့ အဆုံးတွေ ခဏခဏကြုံဖူးတယ်မေရယ်။ မြတ်နိုးမှူပမာဏလိုက်လို့ နှမျောတသစိတ်ဖြစ်ရတာ အခါခါ။ ဟုတ်တယ်မေရေ...လစ်လျူရှုပြီး စိတ်ထဲက အားလုံးကို ထုတ်ပစ်လိုက်တဲ့အခါ စိတ်ပင်ပန်းမှူတွေလျော့ကျသွားရော။ စိတ်ကိုလှည်းတဲ့ တံမြက်စည်းတချောင်းပေါ့နော်။

Dragon103 said...

i want to become a friend with u.

DRAGON103

Dragon103 said...

i want to become a friend with u.

my blog is http://myfeel21.blogspot.com

DRAGON

ဂျေ said...

ကွဲတာ လဲ ကောင်းတယ်သဘောထား မကောင်းတာ ကွဲပျက်သွားတယ် ငါ့အစားခံရတယ် သဘောထား။ တခုကွဲရင် နောက်တခုအသစ်သုံးရတာပေါ့။ မဟုတ်ရင် အဟောင်းချည့်သုံးနေရမယ် ကွဲတာ ကံကောင်းတယ် လို့ စိတ်ထဲထားလိုက်

pandora said...

ခုံတော် မောင်ကျဘန်းလားမသိ မြေအိုးကျကွဲတာကို အိုးကွဲဟာ မျိုးတူ မြေကြီးနဲ့ ပြန်ဆုံဖို့ ဆိုတာမျိုး နိမိတ်ကောက်တယ်လို့ ဖတ်ဖူးတယ်။
တဖက်က ကွဲပျက်ခြင်းဟာ တဖက်မှာ ပြန်ဆုံဖို့ဆိုရင်..။ အိုးကွဲပိုင်ရှင်ဘက်ကလည်း အသစ်တစ်ခု အစားရဖို့ဆိုရင်...။

ပျော်ရွှင်ပါစေ မမေရေ..
စာတွေပြန်ဖတ်ရတာ ၀မ်းသာတယ်။

Thadar (မသဒ္ဓါ ) said...

အပဲ့ ပါနေပြီး..သုံးမရတာထက်စာရင်..ကျကွဲတာကလည်း တမျိုးကောင်းတာပါဘဲ။
သံယောဇဉ်တခါတည်းပြတ်သွားတာပေါ့
နို့ မို့  ကိုယ်လည်း လူတွေထဲ မသုံးချင်..ပစ်လည်းမပစ်ရက်..
ကွဲသွားတာက..မထက်ပါဘူး ပစ်လိုက်ပါ.။
အဟောင်းသွားရင်..အသစ်လာပါတယ်.
ပန်းကန်ပဲ့နဲ့ ညီမလေး..မစားထိုက်ပါဘူး..
ဗန္ဓုလရဲ့ မိန်းမ..ထောပတ်အိုးမှောက်တော့ရှင်သာရိပုတ္တရာက..ဆုံးမတဲ့ပုံပြင် သာဓက ရှိပါတယ်..မှောက်သွားတဲ့ ထောပတ်အိုး အပေါ်..ပူပင် သောကမဖြစ်ပါလင့်
ပျော်ရွှင်နိုင်ပါစေ.

saki said...

Hi,
Amaye,
All things are impermanence, leave it all.