Saturday, February 23, 2008

စာနာစိတ်ရှိမယ် ဆိုရင်

ဖေဖော်ဝါရီ ၁-ရက်

အဲဒီနေ့က နှင်းတွေကျလို့ စီးနေကျ မက်ထရိုကို ၃-ခါ ပြောင်းစီးခဲ့ရတယ်။ မက်ထရို တစီးက နောက်တစီး ပြောင်းတဲ့အခါ ခရီးသည် အားလုံး လိုက်ပြောင်းကြတာမို့ ထိုင်စရာ နေရာမရတဲ့အပြင် အားလုံး ကြပ်ကြပ်သပ်သပ်နဲ့ စီးရတယ်။ ထုံးစံအတိုင်း အမြဲ နှေးကွေးတဲ့ ကျမကတော့ အတက်အဆင်း တံခါးပေါက်ဝ လောက်မှာ မတ်တပ်ရပ်လျက်ပေါ့။ အဲဒီလို စီးနင်းလိုက်ပါလာရင်း ရန်ကုန်က ဘတ်စ်ကား ကြပ်ကြပ်တွေကို သွားသတိရမိရာက ဘတ်စ်ကားရဲ့ ဒုက္ခတွေကိုပါ ပြန်တွေးနေမိပါတယ်။
***
ပထမစဉ်းစားမိတာက ကားပေါ်က ခါးပိုက်နှိုက်ပေါ့။ ရန်ကုန်တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေတုန်းက ကျမ ခါးပိုက်နှိုက် ခံရဖူးပါတယ်။ လဆန်းရက် ကျူရှင်လခပေးဖို့ ပိုက်ဆံတွေ အကုန်ပါသွားတော့တာပဲ။ နှမြောလည်း နှမြော၊ လူလည်ကျတဲ့ ခါးပိုက်နှိုက်ကို ဒေါသလည်း ဖြစ်နဲ့ မျက်ရည် ပေါက်ပေါက်ကျမိပါရဲ့။ ကြီးတော်ကြီးက သနားပြီး ပိုက်ဆံ ပြန်ပေးပေမဲ့ ဟိုပိုက်ဆံကိုလည်း နှမြောတုန်းပဲ။ အဲဒီ ခါးပိုက်နှိုက် ကို အမှုန့်ကြိတ်ပစ်ချင် လောက်အောင် ဒေါသဖြစ်ခဲ့တာ။

ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ကိုယ့်ပိုက်ဆံလေးဟာ သူ့မိသားစု အထိုက်အလျောက် စားဝတ်နေရေး ပြေလည်သွားမယ်ဆိုရင် ဒါဟာ ဘာပဲဖြစ်ဖြစ် ဖြေသာပါသေးတယ်။ အဲဒီလို ကြံဖန်ပြီး ခွင့်လွှတ်လို့ ရနိုင်ပါတယ်။

နောက်တခုကတော့ ကားပေါ်မှာ နှမချင်း မစာနာတဲ့ ယောက်ျား ရင့်မကြီးတွေပါ။ သူတို့ကတော့ ဘယ်လိုနည်းနဲ့မှ ညှာညှာတာတာ စဉ်းစားပြီး ခွင့်လွှတ်လို့ မရနိုင်လောက်တဲ့ သတ္တ၀ါ တွေပါပဲ။

ကျမ မူလတန်း အလယ်တန်းလောက်က လသာ-၂ မှာ ကျောင်းတက်တော့ ကျောင်းကားက ဖိုးစိန်လမ်းက ဖြတ်ပြီး ကန်တော်ကြီးစောင်းက ပတ်မောင်းပါတယ်။ တနေ့တော့ ကန်တော်ကြီးစောင်းက မောင်းနေရင်း အစွန်မှာထိုင်တဲ့ အမကြီးတွေက အီးအား နဲ့ အော်ပြီး မျက်နှာကြီးတွေ နီရဲနေကြတယ်။ အတွင်းဘက်မှာထိုင်တဲ့ ကျမတို့လို ကလေးတွေက ဘာရယ် ညာရယ် မသိဘူးပေါ့။ နောက်မှ သိရတာက ကန်တော်ကြီးစောင်းက သစ်ပင်တပင်ပေါ်မှာ လူတယောက်က ထိုင်နေပြီး ဖြတ်သွားတဲ့ ကားပေါ်က ကောင်မလေးတွေကို (ကန်တော့ပါရဲ့) ပုဆိုးလှန်လှန်ပြသတဲ့။

ငယ်ငယ်တုန်းကတော့ ... ဘာလို့များပါလိမ့် ဒီလူကြီး မရှက်ဘူးလား မသိ ... လို့ ကလေးအတွေးသာ တွေးပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

နောက် ၉-တန်း ကျောင်းသူဘ၀ ကန်တော်လေးမှာ ကျူရှင် သွားတက်ရတော့ အပြန်ဆိုရင် ညမိုးချုပ်နေပါပြီ။ ညဘက်ပြေးတဲ့ ဒတ်ဆန်းလေးတွေပေါ်မှာ တခါတလေ အရက်မူးနေသူတွေ ပါလာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီ အမူးသမားတွေက သိပ်မကြောက်ရပါဘူး။ အနံ့နံတာ တခုပါပဲ ... သူတို့ဟာသူတို့ မူးပြီး ငိုက်လိုက်လာကြတာ။ ကြောက်ရတာက ... လက်မောင်းချင်းကပ် အသားချင်းမထိတထိ ထိပြီး အသားယူတတ်တဲ့ ပုရိသတွေပါ။
အဲဒီအသက်အရွယ် ခပ်ငယ်ငယ်ဆိုတော့ ကြောက်လွန်းလို့ နောက်ရက်တွေ အဖေ့ကို လာကြိုဖို့ ပြောရပါတယ်။

တက္ကသိုလ်ကျောင်းတက်တော့လည်း တခါတလေ ဖယ်ရီနဲ့ မလိုက်ချင်ရင် နံပါတ် ၅၀ ဘတ်စ်ကားကြီးကို စီးလေ့ရှိပါတယ်။ စောစောက ခါးပိုက်နှိုက်ခံရတာ အဲဒီ ၅၀ ကားပေါ်မှာပေါ့။ တရက်တော့ ကားကလည်း ခပ်ချောင်ချောင်ပါပဲ။ ကားပေါ်မှာ မသင်္ကာဖွယ် လူကြီးတယောက်ကို တွေ့ရတယ်ဆိုပါတော့။ မသင်္ကာဖွယ်ဆိုတာ လူက စုတ်တိစုတ်ပြတ်မို့ မဟုတ်ဘူး။ ကြည့်တော့ လူကြီး လူကောင်းပုံစံပဲ။ ဒါပေမဲ့ ဟိုမိန်းကလေးအနားကပ်၊ ဒီမိန်းကလေး အနားကပ်နဲ့ ... အကွက်ချောင်းနေပုံမို့ပါ။

ကျမက ထိုင်ခုံနေရာရတော့ အကဲခတ်ကြည့်နေမိတယ်။ မြေနီကုန်းမှာ လူတော်တော်များများ ဆင်းသွားပြီး ကားက ပိုချောင်ပြီး နေရာတွေလွတ်တော့သွားပါရဲ့။ သူက မထိုင်ဘူး။ ဟံသာဝတီမှတ်တိုင်ကျတော့ အမကြီးတယောက် တက်လာတယ်။ အပေါက်ဝလောက်မှာပဲ ရပ်နေတော့ .. ဒီလူကြီးက အနားတိုးသွားတယ်။

အင်း ... ဆက်မပြောပါရစေနဲ့ ... ။ ကျမ မျက်နှာတွေပူထူပြီး အသား တဆတ်ဆတ်တုန်တယ်။ ဒေါသလည်းထွက် ရှက်လည်းရှက်နဲ့ အဲဒီလူကြီးရဲ့ လုပ်ရပ်ကို လူတွေသိအောင် ဘယ်လို လုပ်ရမလဲလို့ အကြံထုတ်နေမိတယ်။ ကားပေါ်က ပြေးဆင်းပြီး အဲဒီလူကြီး နှာဗူးကြီးပါဗျို့ လို့ အော်ရကောင်းမလား ... စဉ်းစားမိသေးတယ်။

ဒါပေမဲ့ လန့်တာက ... တခါတုန်းက အိမ်နားက အမကြီးတယောက်ဟာ ခါးပိုက်နှိုက်ကို အော်လိုက်မိလို့ သူ့အင်္ကျီကို ဓားနဲ့ခွဲတာ ခံလိုက်ရတယ်ဆိုတာ ကြားဖူးနေတော့ ... သူရဲကောင်းလုပ်ပြီး မအော်ရဲဘူး။ ဒါနဲ့ပဲ ရင်ထဲမှာ အောင့်နေအောင် ဒေါသဖြစ်ပေမဲ့ မြိုသိပ်ပြိး ရေငုံနှုတ်ပိတ် နေခဲ့ရဖူးတယ်။

ဘာဖြစ်လို့လဲ ... ။
ဒီလူကြီးတွေ ဘာဖြစ်လို့ ဒီလိုလုပ်ကြရတာလဲ။
လူမြင်ကွင်းမှာ၊ လူတွေကြားမှာ ရမက် ဆန္ဒကို မစောင့်ထိန်းနိုင်တော့ဘူးလား။ သိက္ခာ၊ သမာဓိ မရှိကြတော့ဘူးလား။
သူတို့မှာ ကိုယ့် ကာမပိုင် ရှိကောင်းရှိမယ်၊ မရှိလည်း အခကြေးငွေပေးလို့ရတဲ့ အမျိုးသမီးတွေ ရှိနေသားပဲ။ ဘာလို့များ ဘတ်စ်ကားပေါ်က အပြစ်မဲ့တဲ့ မိန်းကလေးတွေကို သားကောင်အဖြစ် အသုံးချကြတာလဲ ... ။ သူတို့ရဲ့ သွေးသားသောင်းကျန်းမှုကြောင့် ဘတ်စ်ကားစီးပြီး ခရီးသွားရရှာတဲ့ မိန်းကလေးတွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ပါလား။

အခုအချိန်မှာ ကျမစဉ်းစားမိတာတော့ သူတို့ဟာ စိတ်ရောဂါ တခုခု ၀င်နေတဲ့သူတွေပဲ ဖြစ်မယ်လို့ တွေးမိတယ်။ စိတ်ဖောက်ပြန် ချို့ယွင်းနေလို့သာ ကာမဂုဏ် အာရုံမှာ တင်းတိမ်ရောင့်ရဲမှု မရှိတာလို့ပဲ ကျမ ယူဆမိပါတယ်။ ဒါကြောင့်လည်း လူမြင်ကွင်းမှာ ပတ်ဝန်းကျင်ကို မရှက်၊ ကဲ့ရဲ့ရှုံ့ချ ခံရမှာ မကြောက်ဘဲ ဟိရီသြတ္တပ္ပ တရား ကင်းမဲ့စွာ အခုလို ပြုမူကြတာမဟုတ်လား။

တကယ်လို့များ အဲဒီလူတွေဟာ ... ငါ့နှမလေးသာ အခုလိုဆိုရင် ... ငါ့အမသာ အခုလိုခံစားရရင် ... ငါ့အမေသာ ဒါမျိုးကြုံတွေ့ရရင် ... ဆိုပြီး တွေးတောမိလို့ ... အမေချင်း နှမသားချင်း စာနာမယ်ဆိုရင် ဒီအပြုအမူမျိုး လုပ်ဝံ့မယ် မထင်ပါဘူး။
***
"ခရီးသွား လုပ်သားပြည်သူများ ခင်ဗျား။ ကျနော်တို့ မက်ထရိုဟာ ရှေ့မှတ်တိုင်မှာ အဆုံးသတ် ရပ်နားပါတော့မယ်။ အကြောင်းအမျိုးမျိုးကြောင့် ခရီးဆုံးထိ ဆက်မသွားနိုင်တာကို သည်းခံပေးကြပါခင်ဗျား။"

'ဟင် ... ဒုက္ခပါပဲ ...'

'ဟာ .. ပြဿနာပဲ ... ရုံးချိန် မမီတော့ဘူး'

'သေလိုက်ပါတော့ကွာ ... ဒီမက်ထရိုကလဲ ...'

ခရီးသည်တွေဆီက အသံအမျိုးမျိုး ထွက်လာပါတယ်။ ကျမလည်း ချစ်သောဗမာပြည်က ဘတ်စ်ကားများရဲ့ ဒုက္ခကို တွေးနေရာက ရပ်တန့် နောက်ထပ် ရထားပြောင်းစီးဖို့ ပလက်ဖောင်း တခုကို အပြေးအလွှား ကူးခဲ့ရပါတော့တယ်။

***

မေဓာဝီ
၂၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈
ညနေ ၄-နာရီ ၄၆ မိနစ်

6 comments:

တန်ခူး said...

မေ့Blogလေးကို ခဏခဏလာလာချောင်းနေတာ။ လွမ်းလို့။ postအသစ်လေးတွေတွေ့ရတော့ အရမ်းပျော်သွားတယ်။ တို့ငယ်ငယ်က စာတွေ၊ ကဗျာတွေ ခိုးခိုးရေးတာ အဖေမိသွားလို့ မီးရှို့ပစ်တော့ ငိုခဲ့ရတာ မှတ်မိတယ်။ ဝါသနာဆိုတော့ ထိန်းချုပ်ဖို့ခက်လှတယ်နော်။ မေရေးတဲ့စာတွေက စေတနာတွေ အပြည့်မို့ အဲဒီစေတနာအကျိုးတွေ မေရမှာပါ။ အဆင်ပြေရင် postအသစ်လေးတွေ တင်ပါနော်။ စောင့်ဖတ်မယ်။ ဒီpostလေးထဲကလို အဖြစ်တွေ ခုထိရှိနေတုန်းတဲ့မေရေ။ စာနာစိတ်ရှိမယ် ဆိုရင်...။

pandora said...

Welcome back Ma May.
Missing you so much.. :(

Anonymous said...

အမ.. ဟုတ်တယ်.. ကျနော်လဲ အဲလိုမျိုးတွေ မြင်ဘူးတယ်.. ကျနော်က ကားကြပ်ရင် ဘယ်တော့မှ စီးဘူး.. အဲလိုလူတွေ တွေ့ရင် ကားပေါ်က ဆင်းရင် ဒေါက်နဲ့ နုတ်ခမ်းကို ဖိပီး မတော်တဆလိုလိုနဲ့ တက်နင်းခဲ့တယ် ဟီးဟီး..
အမ..နောက်လဲ ဆက်ရေးပါ.. မျှော်နေမယ်..
မလုပ်ခင် စဉ်းစား..လုပ်ပီးမှ တောင်းပန်တာ မကောင်းဘူး ဆိုတဲ့ ပညာပေး သင်ခန်းစာပို့စ်လေး ရေးပေးပါ..အမ

လေးစားလျက်

ညီမ

Thet Oo said...

ဘာဖြစ်လို့လဲ ... ။
ဒီလူကြီးတွေ ဘာဖြစ်လို့ ဒီလိုလုပ်ကြရတာလဲ။
လူမြင်ကွင်းမှာ၊ လူတွေကြားမှာ ရမက် ဆန္ဒကို မစောင့်ထိန်းနိုင်တော့ဘူးလား။ သိက္ခာ၊ သမာဓိ မရှိကြတော့ဘူးလား။
´မြန်မာလူမျိုးတွေဟာ အရှက်တရားရှိပါတယ်။ ဘာကြောင့်အခုလိုတွေ ဖြစ်ကုန်ရတာလဲ.. မပြောတတ်တော့ဘူး´နောက်တခုရှိသေးတယ်။ လူငယ်စုံတွဲတွေကိစ္စ၊ တကယ်ဆို ပန်းခြံလိုနေရာမျိုးလူမြင်ကွင်းမှာထက်စာရင် လုံခြုံလွတ်လပ်ရာမှာ ချစ်ရည်လူးချင်ကြမှာပဲ. တခုခက်တာက ရန်ကုန်ကဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ရန်ကုန်မှတ်ပုံတင်ဆိုရင် အခန်းငှားခွင့်မရှိဆိုတဲ့ ဥပဒေမျိုးတွေရှိနေလေတော့လည်း... ဘယ်သူက ဘာများတတ်နိုင်အုံးမှာလည်း... တိုးရစ်တယောက်ရဲ့ နားမလည်နိုင်တဲ့မေးခွန်းတွေကို ပြန်ဖြေတဲ့ ရန်ကုန်ကလူတယောက်လို This is Myanmar ဆိုတဲ့ ယောင်ဝါးဝါးအဖြေမျိုးကိုလည်း မကျေနပ်တာ အမှန်ပါ.. ဘာပဲဖြစ်ဖြစ် မေဓာဝီ ပြန်ဘလော့နေတာကို ၀မ်းသာကြိုဆိုပါတယ်...

Yan said...

မမေစာပြန်ရေးတာ ၀မ်းသာတယ်ဗျာ. ဒါမှပဲ ဘလော့ဂ်လောကထဲက ကွက်လပ်လေးတစ်ခု ပြန်ပြည့်လာမှာဗျ. ကျွန်တော်လည်း မမေဆီကို လာမယ်လာမယ်နဲ့ မလာဖြစ်ဘူး. သိတယ်မလား... ဟာ ပြောရင်း မက်ထရိုပြောင်းရတော့မယ်... နောက်တွေ့မယ်နော့. ဟတ်ဟတ်ဟတ်

May Burma said...

ဗဟုသုတရေးထားပေးတယ်

ဖတ်ကြည့်ပါ

http://www.educate-myanmar.com/2008/03/exhibitionism.html