Thursday, February 28, 2008

ကျမရဲ့ အတ္တ

***

ဇန်န၀ါရီလ ၁၀-ရက်၊ ကြာသပတေးနေ့။

အဲဒီနေ့က ကျောင်းမှာ ကျမတို့ အုပ်စုက ဥယျာဉ်စိုက်ပျိုးရေးနဲ့ သန့်ရှင်းရေး (Gardening & Cleaning Action) တာဝန်ယူရပါတယ်။ ကျမတို့ အုပ်စုဆိုတာက အာဖရိကန်သူ စန္ဒရာ၊ ဂျပန်မလေး ခ့န့ကို၊ အမည်မသိ ကျောင်းသူသစ် ဘရာဇီးသူမလေးနဲ့ ကျမပါပဲ။ လာမယ့် စနေ၊ တနင်္ဂနွေ (Study weekend) မှာ တခြားမြို့က ကျောင်းသူ ကျောင်းသားတွေ ကျောင်းကို လာကြမှာမို့ ကျောင်းဥယျာဉ်ကလေး လှလှပပဖြစ်အောင် ကျမတို့က ပြုပြင် ပြင်ဆင်ပေးရမယ် ဆိုပါတော့။

အမှန်အတိုင်း ပြောရရင် စိုက်ပျိုးရေးနဲ့ ကျမ တော်တော်လေး ဝေးလှပါတယ်။ သစ်ပင် ပန်းပင်တွေကို ချစ်သာ ချစ်ပေမဲ့ ငယ်ငယ်ကတည်းက လူကြီးတွေခိုင်းလို့ သစ်ပင်၊ ပန်းပင်တွေ ရေလောင်းရတာက လွဲရင် ဘာပင်မှ ဟုတ်တိပတ်တိ မစိုက်ခဲ့ဖူးပါဘူး။ အခု ဂါးဒန်းနင်း ဆိုတော့ သူများနင်းရင် လိုက်နင်းရတာပ ဆိုပြီး ကိရိယာ တန်ဆာပလာတွေယူ၊ ညစ်ထေးထေး လက်အိတ်ထူထူကြီး စွပ်ပြီး ပန်းပင်တွေ အနား ရောက်သွားခဲ့ပါတယ်။ တကယ်တော့ ဘာမှ ထွေထွေထူးထူး လုပ်ရတာ မဟုတ်ပါဘူး။ ကျောင်းက ဥယျာဉ်မှူး ဂျာမန် ဦးလေးကြီး ခိုင်းတာ လိုက်လုပ်ရုံပါပဲ။

ဆောင်းတွင်းဘက်မို့ ခြောက်ပြီး သေနေတဲ့ အပင်တွေက ကိုင်းတွေကို ချိုးရ၊ ဖြတ်ရတယ်။ ပန်းပင်တွေ ကြားမှာ ပေါက်နေတဲ့ ပေါင်းပင်၊ မြက်ပင်တွေကို နှုတ်ပစ်ရတယ်။ ပြီးတော့ အပင်တွေ နံဘေးမှာ မြေကြီးတွေကို ပွပွရွရွလေး ဖြစ်အောင် တူးဆွပေးရတယ်။ ဒီလောက်ပါပဲ။ ခက်တာက ကျမတို့ အားလုံး ပေါင်းပင်နဲ့ ပန်းပင် မခွဲတတ်ဘူး။ ပန်းပင်ထင်လို့ ချန်ထားရင် ပေါင်းပင် ဖြစ်နေတယ်။ ဥယျာဉ်မှူးကြီးက တဟဲ့ဟဲ့နဲ့ ကျမတို့ကို လိုက်လိုက် ဟန့်တားနေရတယ်။

ပန်းရုံလေးတွေ ပြုပြင်ပြီးတော့ တောအုပ်ကလေး နံဘေးက လမ်းကလေးမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ လှည်းကျင်းရပြန်ပါတယ်။ ရိုးတံရှည်ရှည် ထွန်ခြစ်ကြီးနဲ့ သစ်ရွက်ခြောက်တွေကိုစု ကျင်းထဲထည့်၊ အဲဒီ အလုပ်ကတော့ တော်တော်လေး ပင်လည်း ပင်ပန်း လက်အံလည်း သေပါတယ်။ နဂိုက လက်ကြော သိပ်မတင်းတဲ့ ကျမ- ထွန်ခြစ်ကြီးကို မနိုင့်တနိုင် မ-ရတာကိုက ပင်ပန်းလှပြီလေ။ ဒါပေမယ့် ဒီကျောင်းကို ရောက်ကတည်းက ပင်ပင်ပန်းပန်း အောက်တန်းကျကျ ဘာပဲလုပ်ရလုပ်ရ၊ ကုသိုလ်ရတယ်လို့ သဘောထားမယ် ဆိုတဲ့ စိတ်နဲ့ နေခဲ့တာမို့ ဒါတွေကို ပျော်စရာလို့ပဲ သဘောထားခဲ့တယ်။ ကိုယ်တယောက်ထဲ လုပ်ရတာမှ မဟုတ်ဘဲ။ အများနဲ့ ဆိုတော့… စကားတပြောပြော ရယ်ရယ်မောမောနဲ့ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကျမတို့ လုပ်နေချိန်မှာ ဘရာဇီးသူမကလေး ပျောက်နေတယ်။ ပန်းရုံတွေ ရှင်းနေကတည်းက ပျောက်သွားလိုက်တာ ပြန်ကို ပေါ်မလာတော့ဘူး။ ကျမတို့ ခဏနားချိန် ကော်ဖီသောက်ဖို့ ထမင်းစားခန်းထဲ ၀င်တော့မှ မရွှေချောကို တွေ့ရတယ်။ အကျိုးအကြောင်းမေးတော့ ခါးနာလို့ မလုပ်နိုင်ဘူး ဆိုပဲ။ ကျမတို့ ၃-ယောက် သူ့ကို တော်တော်လေး တင်းသွားကြပါတယ်။ စန္ဒရာက-

`သူ… အလုပ်မလုပ်ချင်လို့ အကြောင်းပြတာ´ လို့ မှတ်ချက်ချပါတယ်။

`အလုပ်မလုပ်ချင်ရင် ဘာလို့ ဒီကျောင်းကို လာတက်သေးလဲ၊ ဒီမှာနေရင်တော့ ဒီကခိုင်းတာ လုပ်ရမှာပဲ´ လို့ ကျမကလည်း မကျေမနပ်နဲ့ ပြောမိတယ်။

`အင်းလေ… သူဒီလို လုပ်ဖို့ မကောင်းဘူး´ ဂျပန်မလေးကလည်း ထောက်ခံတယ်။

နောက်တော့ ဥယျာဉ်မှူးကြီးနဲ့ အတူ လယ်ထွန်စက်ကြီး စီးပြီး Green House ကိုသွား၊ အဲဒီထဲမှာ မြေဆွေးတွေ ဆန်ကာတိုက်၊ အိုးလေးတွေထဲထည့် စတာတွေ လုပ်ပြီး နေ့လည်စာ စားချိန် ရောက်ခဲ့ပါတယ်။ ကျမအတွက်တော့ အဲဒီအလုပ်က အသစ်အဆန်းမို့ စိတ်ဝင်စားစရာ ပျော်စရာပါပဲ။ ဗမာပြည်မှာတုန်းက တခါမှ မစီးဖူးတဲ့ လယ်ထွန်စက်ကြီးလည်း စီးခဲ့ရတာကိုး။ နေ့လည်စာစား ခဏတဖြုတ်နားပြီးတဲ့အခါ ကိုယ့်အဆောင်ထဲ သန့်ရှင်းရေး လုပ်ရမယ်တဲ့။ ကျမတို့ Malawi ဆောင်က အဆောင်တွေထဲမှာ အကျယ်ဆုံး အကြီးဆုံးပါပဲ။ သန့်ရှင်းရေး တာဝန်ကို စန္ဒရာက ခွဲတမ်းချပေးပါတယ်။

`ငါနဲ့ ခ့န့ကိုက အပေါ်ထပ် တထပ်လုံး တာဝန်ယူမယ်။ မေ.. နင်က အောက်ထပ် ဧည့်ခန်းနဲ့ ကော်ရစ်ဒါကို တာဝန်ယူပေး။ အိုကေလား´

`အင်း… ဖြစ်ပါတယ်´

`ဟို ဘရာဇီးမကို မီးဖိုချောင်နဲ့ အိမ်သာဆေးဖို့ တာဝန်ပေးလိုက်မယ်´

အားလုံး သဘောတူညီချက်နဲ့ အသီးသီး ရှင်းကြလင်းကြပါတယ်။ ကျမ လုပ်ရတဲ့ ဧည့်ခန်းကြီးက အကျယ်ကြီး။ တီဗွီကြည့်ရင်း လူတကာ စားသောက်ရှုပ်ပွထားတဲ့ ပန်းကန် ခွက်ယောက်တွေကလည်း ရှိသေး။ အဲဒီခွက်တွေ သိမ်း၊ ဆိုဖာတွေ နေရာတကျ ပြန်ချ၊ ကော်ဇောတွေ ဖုန်စုပ်၊ စာအုပ်တွေ၊ ဗီဒီယိုတိတ်ခွေတွေ စီစီရီရီလုပ်၊ ဧည့်ခန်း ပြီးသွားတော့ ကော်ရစ်ဒါက သစ်ပင်တွေ လှအောင် ပအောင်ထား၊ သစ်ရွက်ခြောက်တွေ ရှင်း၊ ဖုန်တွေသုတ်၊ ဖုန်တွေ စုပ်နဲ့ အားလုံးပြီးသွားတဲ့အခါ… မီးဖိုချောင်ထဲ ၀င်ကြည့်တော့ ဘရာဇီးသူမ တံမြက်စည်း တချောင်းနဲ့ မတ်တပ်ကလေး ရပ်နေတာ တွေ့ရတယ်။

`နင်ပြီးသွားပြီလား´

`ဒီဘက်က အိမ်သာ မဆေးရသေးဘူး… နင်ဆေးပေးမလားဟင်´

အဲ… မေးမိတာ မှားပါပေါ့။ ကဲပါလေ.. ကိုယ်က ပြီးနေပြီပဲ။ ကူလိုက်ပါမယ်လို့ တွေးပြီး…

`အေးအေး… ငါဆေးပေးမယ်´

`နင်… သေချာလား´

ဟမ်… သူက ကိုယ့်လာပြန်ချည်နေပါလား။ မဖြစ်ဘူး… အရင်ကြည့်ဦးမှ ဆိုပြီး..

`ခဏလေး.. ငါကြည့်အုံးမယ်… ဘယ်အိမ်သာတုန်း´

သူပြတဲ့ အိမ်သာက အောက်ထပ်မှာ အများသုံးနေကျ အိမ်သာမဟုတ်ပါဘူး။ ချောင်ကလောင်ထဲက အိမ်သာကလေ၊ အဲဒီအိမ်သာ ရှိမှန်း သတိတောင် သိပ်မထားဖြစ်ပါဘူး။ ဒါနဲ့ အိမ်သာထဲ ၀င်ကြည့်လိုက်တော့…

`အိုး… မိုင်ဂေါ့´

ဘိုလိုပဲ ဘုရားတ- လိုက်မိတယ်။ အလွန်ညစ်ပတ်လှစွာသော အိမ်သာပါလား။

`ဆောရီးပဲ… ငါ ဒီအိမ်သာ မဆေးချင်ဘူး´

ကမန်းကတန်း ငြင်းဆိုပြီး သူ့အနားက ခွါခဲ့တယ်။ စိတ်ထဲကလဲ ဒေါသတွေ ဖြစ်နေမိပါရဲ့။ ဘယ့်နှယ်… တမနက်လုံးလဲ အချောင်ခိုနေသေးတယ်။ ဒီညစ်တီးညစ်ပတ် အိမ်သာကြီး ငါ့လာဆေးခိုင်းရသလား။ ဟွန်း… ဘရာဇီးမ လူလည်ကျတယ်။ ငါ့လာကျောလို့ ဘာရမလဲ… မဆေးနိုင်ပေါင်။

မကျေမနပ်နဲ့ ထွက်လာတုန်း အပေါ်ထပ်က ဆင်းလာတဲ့ စန္ဒရာတို့နဲ့ တွေ့တော့ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်မိတာပေါ့။

`ဟင်… ဟုတ်လား၊ သူ ခုထိ မပြီးသေးဘူးလား။ ငါတို့တောင် အားလုံး ပြီးနေပြီ´

`ဘယ်ပြီးမလဲ… မီးဖိုထဲမှာ မတ်တပ်ရပ်နေတာကိုး´

`ငါ သွားကြည့်လိုက်ဦးမယ်´

ပြောပြောဆိုဆို စန္ဒရာက မီးဖိုဘက် ၀င်သွားတော့ ကျမနဲ့ ဂျပန်မ အပြင်မှာ ရပ်ပြီး စကားပြောနေခဲ့ကြတယ်။ ခဏအကြာ စန္ဒရာ ပြန်ထွက်လာပြီး…

`ဟင်းဟင်း.. ငါ သူ့ကို သွားမေးလိုက်တယ်… ပြီးပြီလား ဆိုတော့ အိမ်သာ မဆေးရသေးဘူးတဲ့… ငါ့ကိုလည်း ဆေးပေးမလားလို့ မေးတာနဲ့ ငါလည်း ဆေးပေးလိုက်တယ်´

`ဟင်… စန္ဒရာ… နင် အဲဒီ အိမ်သာ ဆေးလိုက်တယ်ပေါ့´

`အင်း… တကယ်တော့ ဒါဟာ ဘာမှ အပန်းမကြီးပါဘူးဟာ… ရွံစရာလို့ သဘောထားရင် ရွံစရာပေါ့… ရွံစရာလို့ သဘောမထားရင် ရွံစရာ မဟုတ်တော့ပါဘူး။ ငါဆေးပေးမယ်လည်း ဆိုရော သူက ဘာပြောတယ် မှတ်လဲ… နင်က သိပ်ကြင်နာတတ်တာပဲတဲ့… ဟားဟား ငါမဆေးပေးရင် ငါက ကြင်နာတတ်သူ မဟုတ်တော့ဘူးပေါ့လေ… ရယ်ရတယ်…´

စန္ဒရာ ဆက်ပြောနေတဲ့ စကားတွေကို ကျမ မကြားတချက် ကြားတချက်။ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ရှက်ရွံ့စိတ်တွေ တလိပ်လိပ် ဖြစ်နေမိတယ်။

သူ့လို ကျမ ဘာလို့ သဘောမထားနိုင်ရတာလဲ။ ငယ်ငယ်ကတည်းက အမေက သင်ပေးခဲ့ပါတယ်။ ဘုရား ဆွမ်းတော်ကပ်ကပ်၊ ငှက်ကလေးတွေကို အစာကျွေးကျွေး… အစားအသောက်နဲ့ ပတ်သက်လို့ လှူဒါန်းတယ် ဆိုရင်..

`ကိလေသာ ဆာလောင်ခြင်း၊ ပကတိဆာလောင်ခြင်းမှ ကင်းရှင်းရပါစေ´ လို့ ဆုတောင်းဖို့…

တံမြက်စည်း လှည်းလှည်း၊ အိမ်သာဆေးဆေး… အညစ်အကြေး သန့်ရှင်းရေး လုပ်တဲ့အခါ…

`ကိလေသာ အညစ်အကြေး၊ ပကတိအညစ်အကြေး ကင်းဝေးရပါစေ´ လို့ ဆုတောင်းပြီး ကုသိုလ်စိတ်ကို မွေးဖို့… စသဖြင့် ပြောပြ ဆုံးမခဲ့တယ်။

ဒါပေမဲ့… ကျမဟာ အဲဒီလိုစိတ်လည်း မမွေးနိုင်ခဲ့ဘူး။

`ငါ့ကိုများ… အကျောကြီးနဲ့ ခိုင်းတယ်´ ဆိုတဲ့ မခံချင်စိတ်နဲ့ ငြင်းလိုက်ရတာကို ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေခဲ့မိတယ်။

တကယ်တမ်း ကျမဟာ ဗုဒ္ဓဘာသာတယောက် ဖြစ်လျက်နဲ့ မိဘဆရာသမားတွေရဲ့ အဆုံးအမတွေ နာယူခဲ့ရပါလျက်နဲ့ စန္ဒရာလောက်တောင် သဘောထား မကြီးနိုင်ခဲ့ဘူး။ အတ္တတွေ၊ မာန်မာနတွေကို မဖျောက်နိုင်ခဲ့ဘူး။

အဲဒီနေ့က အဖြစ်အပျက်လေးဟာ ကျမရဲ့ အတ္တကို ကျမ ကောင်းကောင်း သိမြင်ခဲ့ရသလို အလွန် ရှက်ရွံ့စွာနဲ့ သင်ခန်းစာ ရခဲ့မိပါတော့တယ်။

***

မေဓာဝီ
၂၇၊ ဖော်ဖော်ဝါရီ၊ ၂၀၀၈။
၁၀း၄၅ နာရီ။

8 comments:

မင်းကျန်စစ်။ said...

စိတ်ထားတတ်ရင် မြတ်သော အကျိုးခံစားရမှာပါ မမေဓာဝီရေ။ အသိလေးတစ်ခု ရလိုက်တယ်။

Anonymous said...

ဟုတ်တော့လဲဟုတ်ပါတယ်.. ဒါပေမဲ့ ကျနော်လဲ ရမှာ မဟုတ်ဘူး ကျောတာ အမရ.. မရဘူး ..တခုတောင်သွားသတိရလိုက်သေးတယ်..
ကျနော်လဲ တခါတုန်းက သင်တန်းတခုမှာ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာအဖွဲ့ အဲလိုပဲ အဆောင်မှာ သန့်ရှင်းရေးတူတူ ကျတာ ဆရာဝန်မတွေက မလုပ်တော့ ကျနော်တို့လဲ ကိုယ့်နေရာ ကိုယ်ကွက်ပီးလှဲတယ်.. အိမ်သာဆေးတာတော့ နောင်ဘ၀မှာ ပိုလှချင်လို့ ဆေးတယ် ..ဟားဟား
ပြန်သတိရသွားတယ်..
ကျေးဇူးပါပဲ အမရာ
ခက်တာက ...သေချာတယ် အဲဒါကျောတာ မလုပ်နိုင်ဘူး ဟီးဟီး

Anonymous said...

I think you did it right!! Dont feel bad as you dont have to help that spoiled brat. You dont have to say it explicitly that you despise her, you could teach her how to do it but let her do it as no one owes her or her parents for anything. Dont feel bad but get on with life!! Sometimes being a jerk or a bi..th(mean woman) pays off.

တန်ခူး said...

မေရေ...တိုက်တိုက်ဆိုင်ဆိုင် ဒီpostမဖတ်ခင်ထိ အဲဒီကျောတဲ့ကိစ္စနဲ့ပဲ တို့အတော်လေးတင်းနေခဲ့တာ။ ဘယ်လိုပြန်ပညာပေးရမလဲ စဉ်းစားရင်း အတ္တမီးတွေတောက်လောင်နေခဲ့တယ်။ မေ့ရဲ့ ဒီpostလေးကပဲ တို့အတ္တမီးတွေကို ငြီမ်းစေခဲ့တယ်။ ကျေးဇူးပါမေရယ်။ စန္ဒရာလို သူငယ်ချင်းမျိုး ကျောင်းတုန်းကတယောက်၊ လုပ်ငန်းခွင်မှာ တယောက်တွေ့ခဲ့ဘူးတယ်။ သူတို့ဘဝကတော်တော်ငြီမ်းချမ်းတယ်။

ကိုငယ် said...

ဗုဒ္ဓဘာသာတစ်ယောက်ပါ .. မမေဓါရဲ့ မိခင်ပြောတဲ့ဆုံးမစကားလေးကရင်ထဲကိုတစ်ခါထဲစွဲသွာားပါတယ်...ကျေးဇူးတင်ပါတယ်။

luuluu said...

ကြောတာကတော့ ကြောတာပဲ.
တခါတလေအဲလိုကြောတဲ့သူတွေနဲ့တွေ့တယ်..အော် ထားလိုက်ပါ..
ငါလုပ်ပေးတာ ငါ့စေတနာပဲ..ငါ့လုပ်ရပ်က ငါ့အရိပ်လိုလိုက်နေမှာပဲ..လို့တွေးလဲ ခနပဲ..များသောအားဖြင့်က ကိုယ်ကို အ လို့ ဒီလိုလုပ်ပေးတယ်လို့ပဲထင်ကြတာလေ..

ဂျေ said...

မေဓာဝီမြင်သလို မမြင်ပါဘူး။ တာဝန်ကျေရမယ် ဆိုတဲ့ အသိရှိအောင် လုပ်ရမဲ့ အစား ဘရာဇီးမရဲ့ ရေသာခိုချင်တဲ့ စိတ်ကို အားပေးရာ ရောက်နေတယ်လို့  မြင်တယ်။ နောက်လဲ သူဘယ်တော့မှ တာဝန်ကျေမှာ မဟုတ်တော့ဘူး။

yangonthar said...

အစ်မမေ နေကောင်းလားဗျ
အတ္တလို့ ပြောရခက်ပါတယ် အစ်မရယ် ဒါက တာဝန်ပဲလေ .... တာဝန်ကိုတော့ ကျေပွန်ရ မှာ ပေါ့ ... နောက် အိမ်သာဆေးတဲ့ ကိစ္စနဲ့  ပတ်သက်ပြီး ကျွန်တော် က တော်တော် မရွံ တတ်ဘူး အစ်မရ ... ဒါပေမယ့် တစ်ခါ တစ်ရံမှာ ရွံ ချင်ယောင် ဆောင်ရတာတွေ ကြောင့် ကိုယ့်ဖာသာ တွေးတွေး ပြီးရယ်မိတယ် .... လူ တွေအကြောင်း အတူ နေတော့မှ သိတာတွေ လည်း အများ သား ခုဆို ကပ်တွက်တဲ့ သူနဲ့  နေ တာ တစ်နှစ်ပြည့်ပြီ .... နောက်တစ်နှစ်ကျန် သေးတယ် .... စိတ်ညစ်တာတော့ အမှန်ပဲ ခက်တယ်အစ်မရေ ပြောမှ သိ ထိမှာ ဆိုတာ လူမှုရေးမှာ အတော်စိတ်ပျက်စရာကောင်းတဲ့ လူမျိုးတွေမှာ တွေ့ ရတာပဲ မသိတာလား မသိ ချင်ယောင် ဆောင်တာလား တော့ ကျွန်တော် လည်းပြောတတ်ဘူး .... ခုတော့ ဆက်လက် သည်းခံစဲပေါ့ ... :) ဘယ်အချိန် နောင်ချိန် ပလေးမလဲ မသိ .....
ခင်တဲ့
ရန်ကုန်သား :))
အစ်မမေ အဆင်ပြေပါစေ