Friday, February 13, 2015

မယ်နုအုတ်ကျောင်း သို့ ... (၁)

ပြီးခဲ့တဲ့နှစ် ခရစ်စမတ် ကျောင်းပိတ်ရက်မှာ ပုဂံ မန္တလေး ခရီးသွားဖို့ စီစဉ်တော့ “မန္တလေးရောက်ရင် စစ်ကိုင်း အင်းဝနဲ့ ပင်းယမြို့တွေကို ရောက်အောင် သွားခဲ့ ငါ့သမီး” လို့ မှာလိုက်တဲ့ ဘာမင်ဂန် ဆရာတော် ဦးဥတ္တရဉာဏရဲ့ စကားကြောင့် စစ်ကိုင်းနဲ့ အင်းဝကို အရောက်သွားဖြစ်ခဲ့ပါတယ်။ အချိန်မရလို့ ပင်းယကိုတော့ မရောက်ခဲ့ပါဘူး။ သွားခဲ့သမျှ ခရီးစဉ် အားလုံးကို မရေးဖြစ်ခဲ့ပေမဲ့ အင်းဝသွားခဲ့တဲ့ ခရီးစဉ်ကိုတော့ အလွန်နှစ်သက်မိတာကြောင့် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
***
ဒုဋ္ဌာဝတီမြစ်ကို စက်လှေနဲ့ ဖြတ်ကူးစဉ်
29 Dec 2014
16:30 pm

စစ်ကိုင်းက အင်းဝကို သွားဖို့ ဒုဋ္ဌာဝတီမြစ်ကို စက်လှေလေးနဲ့ ဖြတ်ကူးချိန်မှာတော့ ညနေ နေမဝင်ခင် အတောက်ပဆုံး အချိန်ပေါ့။ ဒုဋ္ဌာဝတီမြစ်က မိုးအခါဆို ရေစီးသန်သတဲ့ ... ။ ဆောင်းတွင်းကတော့ ရေစီးခပ်နွဲ့နွဲ့ပါပဲ။ မြစ်ကို ဖြတ်အကူး ... စစ်ကိုင်းဘက်ကမ်းက ဘုရားနဲ့ စစ်ကိုင်းတံတားကို စက်လှေပေါ်က ခပ်ပျပျ မြင်ရတယ်။ စက်လှေစီးချိန်က ၃ မိနစ်သာသာရယ် ... ။ စက်လှေစီးခ တယောက်ကို ၂၀၀ ကျပ်တဲ့။ စီးတဲ့သူက ကိုယ်နဲ့မှ ၃ ယောက်ထဲမို့ ဆီဖိုးနဲ့ ကိုက်ပါ့မလားလို့ လှေသမားကို သနားနေမိသေးတယ်။ 

ရေချိုးဆိပ်လား ဇက်ဆိပ်လား
 လှေဆိပ်ရောက်လို့ ဆင်းမယ်ဆိုတော့ လှေအဆင်းမြင်းအတက် စကားပုံကို သတိရမိပြီး စိုးရိမ်စိတ်နဲ့ စိတ်ထဲ ထိတ်မိသေးတယ်။ တကယ်တော့ စက်လှေက ဘာမှ အန္တရာယ်မရှိပါဘူး။ အေးအေးသာသာ ဆင်းနိုင်တဲ့ လှေအဆင်းပါပဲ။ လှေဆိပ်ကအတက် စီးခဲ့တဲ့ စက်လှေကို ပြန်ပြီး ဓာတ်ပုံရိုက်တော့ ရေချိုးအပြီး လုံချည်ရင်လျားနဲ့ အမျိုးသမီးတယောက်ပုံ မရည်ရွယ်ဘဲ ပါလာခဲ့တယ်။ ဒီရေဆိပ်မှာပဲ သူတို့တွေ ရေချိုးကြတာကိုး ... ။

ပြန်ထွက်မယ့် ကူးတို့စက်လှေပေါ်ကို လိုက်မယ့်ခရီးသည်တွေကတော့ အများသားပါပဲ။ ညနေစောင်းမို့ အင်းဝကနေ စစ်ကိုင်းပြန်မယ့် ခရီးသည်တွေက ပိုများနေတာပါ။ စက်လှေစီးမယ့် ခရီးသည်တွေထဲမှာ ဆိုင်ကယ်သမားတွေလည်း ပါတယ်။ ဆိုင်ကယ်နဲ့ စက်လှေပေါ်ကို အတက်အဆင်း လုပ်နေတဲ့ သူတွေထဲမှာ အမျိုးသမီးတွေပါ ပါလို့ တအံ့တသြ အသည်းတယားယား ဖြစ်ရသေးတယ်။ ကိုယ့်မှာတော့ ခြေထောက်နဲ့ လမ်းလျှောက် ရတာတောင် ချော်ကျမှာစိုးလို့ ဘေးနားက ဝါးလုံးတန်းကို မလွတ်တမ်း ဆုပ်ကိုင်ထားရတာကိုး။ ကျွမ်းကျင်ရာ လိမ္မာပေါ့လေ။
မြင်းလှည်းငှားမယ်
လှေဆိပ်မှာပဲ မြင်းလှည်းလေးတွေ ရပ်ထားတာကို တွေ့ရလို့ ငှားဖို့ တစီးကို မေးကြည့်တော့ ... အင်းဝက ထင်ရှားတဲ့နေရာ ၄ ခုကို လိုက်ပို့ရင် နိုင်ငံခြားသားတော့ ၈၀၀၀ ကျပ် ယူပါသတဲ့။ အမတို့က မြန်မာတွေဆိုတော့ မုန့်ဖိုးလေး ပိုပေးပေါ့ ...လို့ ပြောရှာပါတယ်။ သြော် ... အင်း ... ဆိုပြီး ဈေးမဆစ်ဘဲ စီးလာခဲ့တယ်။ အချိန်က နေဝင်လုပြီမို့ မြင်လှည်းသမားလေး ပြောတဲ့ ၄ နေရာလုံး မသွားနိုင်တော့ တာကြောင့် ဗားကရာကျောင်းနဲ့ မယ်နုအုတ်ကျောင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။
မြင်းလှည်းပေါ်က ညနေခင်း
အင်းဝမှာ စီးရတဲ့ မြင်းလှည်းက ပုဂံက မြင်းလှည်းနဲ့ မတူပါဘူး။ မြင်းလှည်းရဲ့ အပြင်အဆင် အခင်းအကျင်းချင်း မတူသလို စီးရတဲ့ အရသာချင်းလည်း မတူဘူး။ သွားရတဲ့ လမ်းလေးတွေချင်းလဲ တူမှမတူဘဲလေ ... ။ 

ရွာအဝင် လမ်းဆီကနေ ...
သွားရတဲ့ လမ်းကလေးတွေက မြင်ရတဲ့အတိုင်း ရွာစည်းရိုးလေးတွေ တဖက်တချက် ကာရံထားတဲ့ ကြားက ဖုန်နံ့သင်းနေတဲ့ အဝါရောင် လမ်းကလေးတွေ၊ သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ အလယ်က မြေလမ်းကလေးတွေပေါ့ … ။ 

မမေ့နိုင်တဲ့ လမ်းကလေး
အဲဒီလမ်းကလေးတွေပေါ်မှာကလေးလည်း ရှောင်၊  ခွေးလည်း ရှောင်၊ မြင်းလှည်းအချင်းချင်းလည်း ရှောင်ရင်း “ဟဲ့မြင်း” လို့ တွင်တွင်နှင်ပြီး မောင်းလာတဲ့ မြင်းလှည်းပေါ်က အခန့်သား စီးလာလိုက်တာ အင်းဝရဲ့ နာမည်ကျော် မယ်နုအုတ်ကျောင်းကို ရောက်တဲ့အထိဆို လွန်ရော ကျွံရော ဆယ်မိနစ်လောက်ပဲ ကြာတယ်ထင်မိတယ်။
အုတ်ကျောင်းပရဝုဏ် အဝင်ဝ
ခရီးသွားရာသီမို့ ရောက်လေရာရာ လူအများအပြား တွေ့ရတယ်။ အထူးသဖြင့် ရှေးဟောင်းလက်ရာတွေ တန်ဖိုးထားတတ် လေ့လာတတ်တဲ့ နိုင်ငံခြားသားတွေ ပိုများသလိုပဲ။ အုတ်ကျောင်း အဝင်ဝမှာ ရေသန့်ဗူး အချိုရည် စသဖြင့် ရောင်းချတဲ့ ဈေးသည်တွေရှိသလို ဧည့်လမ်းညွှန် ရွှေကြို ကလေးတွေကလဲ အဆင်သင့် စောင့်နေပြီး သူ့ထက်ငါ အပြိုင်အဆိုင် ကြိုဆိုကြတယ်။  မယ်နုအုတ်ကျောင်းရဲ့ သမိုင်းကြောင်းကို မြန်မာလို ရှင်းပြရမလား အင်္ဂလိပ်လို ရှင်းပြရမလား … တဲ့။ တခြားဘာသာစကား ဘယ်နှစ်မျိုးလောက် တတ်ကြသလဲတော့ မသိပါဘူး။ ဧည့်သည်ရောက်တာနဲ့ သူတို့ ဈေးကွက် လွတ်မသွားရလေအောင် သွက်သွက်လက်လက် ပြေးလာကြိုဆိုကြတဲ့ ကလေးနှစ်ယောက်လုံးကို လမ်းညွှန်ပေးဖို့ လက်ခံခဲ့လိုက်တယ်။ 

မဟာအောင်မြေဘုံစံ ဆိုင်းဘုတ်

အမှန်အတိုင်း ဝန်ခံရရင် … မယ်နုအုတ်ကျောင်းလို့ အများခေါ်ကြတဲ့ ဒီကျောင်းကြီးရဲ့ မူလနာမည်က မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးဆိုတာကို အဲဒီရောက်လို့ ဆိုင်းဘုတ် မြင်တော့မှ သိခဲ့ရပါတယ်။

အံ့မခန်း ကျောင်းတော်ကြီး
ကျောင်းဝင်းထဲ ခြေချလို့ အံ့မခန်းစရာ့ ကျောင်းတော်ကြီးကို မြင်လိုက်ရတဲ့ အခိုက်မှာ ဘကြီးတော် (စစ်ကိုင်းမင်း) ရဲ့ တောင်ညာစံမိဖုရား, ကုန်းဘောင်ဆက် မြန်မာရာဇဝင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နန်းမတော်မယ်နုရဲ့ အပြစ်တွေကို ခဏတဖြုတ် မေ့လျော့သွားသလို … စိတ်ထဲကနေ သူ့ကို ကျေးဇူးတွေတောင် တင်လို့ … ။ သြော် … ဓားထက်သူဆိုတော့လဲ ဒီလို ခမ်းနားကြီးကျယ်မှုတွေ တည်ဆောက်နိုင်ခဲ့တာ မဆန်းဘူးပေါ့လေ … ။

မြန်မာ့အနုလက်ရာများနှင့်
အုတ်ကျောင်းကြီးပေါ်ကို တောက်ပစွာ ဖြာကျနေတဲ့ ဝင်လုလု နေရောင်ခြည်ကို ကြည့်ရင်း ထက်မြက်လွန်း မောက်မာလွန်းတဲ့ မယ်နုအကြောင်း ဟိုတစ သည်တစ တွေးနေမိတယ်။ နန်းမတော်မယ်နု မဖြစ်ခင် … အင်းဝသူ ရှင်မင်းနုကလေး ဘဝကစလို့ပေါ့။ ကြားဖူးခဲ့တဲ့ ပါးစပ်ရာဇဝင်ထဲမှာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ ရှင်မင်းနုကလေး မြစ်ဆိပ်မှာ ရေချိုးနေတုန်း သူ့ရေလဲလုံချည်ကို စွန်ချီပြီး နန်းတော်ထဲ သွားချခဲ့ရာက တော်ကောက်ခံရပြီး နန်းတွင်း အပျိုတော် ဖြစ် … အဲဒီနောက်မှ ဘကြီးတော်က မိဖုရားမြှောက်ခဲ့သတဲ့။ … ဒီလိုနဲ့ … တနိုင်ငံလုံး “နု” ဆိုတဲ့ စကားလုံးတောင် မသုံးရလေအောင် ပိတ်ပင်နိုင်ခဲ့တဲ့ အာဏာရှင် တောင်ညာစံ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုဘဝ ရောက်ခဲ့တဲ့ အထိ … ။ 

ကျောင်းတော်ကြီးရဲ့ အောက်ဘက် ဝင်ပေါက်များ
မာနတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ အာဏာတပ်မက်မှု … လောဘတွေ ခြံရံနေတဲ့ မယ်နုရဲ့ဇာတ်သိမ်းကိုတော့ လောလောဆယ် မတွေးချင်သေးပါဘူး … ။ အုတ်ကျောင်းကြီးကို လှည့်ပတ်ကြည့်ရင်း ဒီကျောင်းတော်ကြီးရဲ့ အနုလက်ရာတွေထဲမှာ စီးမျော ရင်ခုန်နေခဲ့မိပါတယ် … ။
***
မေဓာဝီ
၉၊ ဇန်နဝါရီ၊ ၂၀၁၅

(facebook ပေါ်မှာ အပိုင်း (၅) ပိုင်းခွဲပြီး တင်ပြီးသားပါ၊ ပျောက်သွားမှာစိုးလို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။ ဘလော့မှာတော့ (၂) ပိုင်းလောက်နဲ့ ပြီးမယ်ထင်ပါတယ်။)

3 comments:

သူကြီးမင်း (တုံးဖလား) said...

ဖေ့စ်ဘုတ်မှာတော့ တင်တင်ချင်း ဖတ်ပြီးသားပါ။ ဘလော့မှာ ထပ်တင်တော့လဲ ထပ်ဖတ်ဖြစ်ပါတယ်။ ထပ်ခါထပ်ခါဖတ်တော့ ပိုမှတ်မိတာပေါ့။ မကြာမကြာ ရောက်ဖူးသားနေရာဖြစ်ပေမဲ့ အခုလို စာတစ်တန်ပေတစ်ဖွဲ့ဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဟိုတုန်းကတော့ နေကပူ လူကခြောက်ကပ် လင်းနို့ချေးကနံနဲ့ ရောက်တယ်ဆိုရုံလောက် ခြေချဖူးရုံပါ။ ကြာကြာတောင် လှည့်ပတ်မကြည့်ဖြစ်ပါဘူး။

ဒါနဲ့
နှစ်ပိုင်းထဲနဲ့တော့ ပြီးအံ့မထင်။ သုံးပိုင်းလောက် သွားလိမ့်မည်ထင်၏။

San Htun said...

မမမေ ပို့ စ်တွေ မတင်သာကြာ ကျန်းခန်းသာလို့  မာပါစ..မယ်နုအုတ်ကျောင်းက အင်မတန် ခန့် ညားတာပဲ..မန္တလေး၊ အင်းဝ၊ စစ်ကိုင်းသာ ရောက်ခဲ့တာ...မယ်နုအုတ်ကျောင်း မရောက်ဖူးသေးဘူး...ရောက်ဖူးချင်သား...မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး စာအုပ်တွေ ဖတ်ပြီးကတည်းက အဲဒီကျောင်းကိုလည်း ရောက်ဖူးချင်သေးတယ်...နောက်အပိုင်းတွေ မျှော်နေပါတယ် မမမေ...

Ma Tint said...

ဖတ်ပြီးတာကြာပေါ့ မမေရေ... ပလိပ်မှာနေတုန်းက ရောက်ခဲ့တဲ့နေရာလေးပေါ့။ ရောက်ခဲ့တုန်းက အတွင်းခန်း မှောင်မှောင်မည်းမည်းထဲအထိလိုက်ကြည့်ခဲ့ဘူးတယ် :)