Tuesday, February 17, 2015

မယ်နုအုတ်ကျောင်းသို့ ... (၃) (နိဂုံး)


ဘုရားခန်းထဲက မတ်ရပ် ဗုဒ္ဓရုပ်ပွါးတော်ဟာ ... နားထောင်ကောင်းအောင် ဇာတ်နာအောင် ပြောနေကြတဲ့ ပါးစပ်ရာဇဝင်တွေအကြောင်း သိလို့ပဲ ပြုံးတော်မူလေသလား ... လို့ တွေးရင်း ကျောင်းဝင်းကြီးထဲ လှမ်းကြည့်တော့ ထနောင်းပင် မန်ကျည်းပင်လို အညာဒေသရဲ့ သင်္ကေတ အရိပ်ရအပင်ကြီးတွေနဲ့ အုပ်ဆိုင်းနေတဲ့ ကျောင်းဝင်းကြီးဟာ ချမ်းမြေ့စရာအတိ ... ။ ကျောင်းဝင်းအနောက်ဘက်ကို ကာရံထားတဲ့ အုတ်ရိုးတချို့နေရာတွေမှာတော့ ငလျင်ဒဏ်ကြောင့်လား မသိ မညီမညာ ယိုယွင်း ပျက်စီးနေပြီး မီးသင့်ထားသလို မည်းနေတာတွေလဲ တွေ့ရပါတယ်။ 


ဒီကျောင်းကြီးကို လာရောက်လေ့လာသူ နိုင်ငံခြားသား၊ ပြည်တွင်းဧည့်သည်တွေနဲ့ ခုချိန်မှာ စည်ကားနေပေမယ့် တချိန်ကတော့ သံဃာတော်တွေ သီတင်းသုံးရာ ... အရိပ်အာဝါသအဖြစ် ဆိတ်ငြိမ် အေးချမ်းလို့ နေမှာပါပဲ။ ဆရာတော်ဦးဗုဓ်ဟာ ပျံတော်မမူခင် အချိန်အထိ ကျမ်းပေါင်း ၆၀ ကျော် ရေးသားပြုစုခဲ့တဲ့အနက် ၄၀ ကျော်ဟာ ဒီကျောင်းကြီး မှာ ရေးသားခဲ့တယ်လို့ သိရတယ်။

နန်းမတော်မယ်နုဟာ ဒီကျောင်းကြီးကို လှူပြီးနောက်မှာ ဘယ်ရွေ့ ဘယ်မျှ ကုန်ကျပါကြောင်းနဲ့ ဒီ့အတွက် အလှူအကျိုး တရား ဟောကြားပေးဖို့ ဆရာတော့်ထံ တောင်းပန် လျှောက်ထားတော့ ဆရာတော်က မယ်နုကို ရေဖလားအပြည့် ခပ်ခိုင်းပြီး အကုန် ပြန်သွန်ခိုင်းတယ်။ ပြီးတော့မှ …
"သွန်ပစ်လိုက်သော ရေသည် လှူ၍ကုန်သော ပစ္စည်းနှင့် တူ၏။ ရေဖလားမှာ ကပ်၍ ကျန်နေသော ရေသည် အလှူအတွက် ရရှိသော အကျိုးနှင့် တူ၏" လို့ ဟောတော် မူပါသတဲ့။


အလွန်ထက်မြက်လွန်းပြီး နု ဆိုတဲ့ စကားလုံးတောင် တနိုင်ငံလုံး မသုံးခိုင်းတဲ့ မိဖုရား နန်းမတော်မယ်နုဟာ ဆရာတော်ဦးဗုဓ်ကိုတော့ အလွန်ရိုသေပြီး ကြောက်ရွံ့ပုံပါပဲ။ တခါသား မင်းနဲ့မိဖုရားကို ဆရာတော်က သီလပေးဖို့ နှုတ်ဆိတ်နေတော့ ဘာကြောင့်များပါလဲ လျှောက်တင်တဲ့အခါ သီလယူမယ့် မင်းကြီးက ထိခြင်းငါးပါးနဲ့ ရှိမခိုးဘဲ တံတောင်ဆစ်အောက်မှာ မှီအုံးခံနေလို့ ဆိုတာကြောင့် ... ပဲ။ ဒါနဲ့ မယ်နုကပဲ ကမန်းကတန်း မင်းကြီး တံတောင်ဆစ်အောက်က မှီအုံးကို ဆွဲထုတ် ပေးလိုက်ရသတဲ့။

အဲဒီလို ရေမြေ့သနင်းကိုတောင် အလိုမလိုက် အကြိုက်မဆောင်တဲ့ ဆရာတော် အပေါ်မှာ မယ်နုဟာ မာနလုံးဝမထားရှာပါဘူး။ တချို့မင်းတွေဆို ရဟန်း သံဃာတော်သော ဘာသော နားလည်တာမှ မဟုတ်တာ။ သူတို့ အကြိုက် မလိုက်ရင် အညှိုးအတေး ထားတတ် အပြစ်ရှာတတ်ကြသေးတာ ကလား ... ။ အဲဒီလို မလုပ်တဲ့အတွက် ဘကြီးတော်မင်းနဲ့ မယ်နုကို ကျေးဇူးတင်လိုက်တာလို့ စိတ်ထဲကနေ ပြောနေမိပါသေးတယ်။ သူတို့ မျက်မာန်တော်ရှရင် ဆရာတော်ခမျာလည်း သာသနာအတွက် အရေးကြီးတဲ့ ကျမ်းစာတွေ အကုန် ပြုစုသွားနိုင်မယ် မထင်ဘူးလေ။ 


ဆရာတော်ရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေ အောက်မေ့ရင်း ကျောင်းကြီးပေါ်က အဆင်းမှာ မယ်နုရဲ့ နောက်ဆုံးခရီးအတွက် ဆရာတော် မိန့်ကြားခဲ့တဲ့ သမိုင်းဝင် စကားတခွန်းကို သတိရဖြစ်အောင် ရလိုက်မိပါရဲ့ ... ။
***
နန်းတွင်း အရှုပ်အထွေးတွေ ကြားထဲမှာ မယ်နုနဲ့ သူ့အကိုတော် စလင်းမင်းသား မောင်အို အရေးနိမ့်လို့ ဘကြီးတော်မင်းလဲ နန်းချခံရ၊ မယ်နုတို့ကိုလဲ သာယာဝတီမင်းသားက ဖမ်းပြီး ကွပ်မျက်မယ်ဆိုတော့ မယ်နုဟာ မင်းမျိုးမင်းနွယ် မဟုတ်ပေမယ့် မင်းမျိုးလို့ပဲ ယူဆပြီး မင်းသွေးမြေမခစေရအောင် ရေချ ကွပ်မျက်ဖို့ စီစဉ်ခဲ့တယ်။


ကွပ်မျက်ခံရမယ့် မယ်နုဟာ နောက်ဆုံးအနေနဲ့ ဆရာတော်ဦးဗုဓ်ကို ဖူးမြော်ခွင့်တောင်းပြီး ကျောင်းကိုရောက်တော့ ဆရာတော် စာကြည့်နေချိန်ပေါ့ .. ။ မယ်နုက အကျိုးအကြောင်း လျှောက်တင်တော့ ဆရာတော်ဟာ စာကြည့်နေရာက မယ်နုကို ခုလို ပြောလိုက်တယ်။
"မိနု ... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်" တဲ့ ... ။

ဒီစကားကြောင့်ပဲ နန်းမတော်မယ်နုဟာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့တာပါ။ ဟိုးထိပ်ဆုံးမှာ နေခဲ့ရတဲ့ မိဖုရားတပါးဟာ ကိုယ့်ကို သတ်တော့မယ့်အချိန် သေအံ့ဆဲဆဲ မှာ ...
"ငါသေပျော်ပြီ ... ငါသေဝံ့ပြီ ... ဆရာတော်က ငါ့နာမည်ခေါ်ပြီး စကားလဲ ပြောတယ်၊ တရားလဲဟောတယ်၊ ဆရာတော်က ငါ့ကို သေစရိတ်ပေးလိုက်ပြီ ..." စသဖြင့် ဝမ်းမြောက်စွာ ပြောခဲ့ပါသတဲ့။ ဘယ်လောက် ရဲရင့်လိုက်တဲ့ အမျိုးသမီးလဲ ... ။
***

ဒီလိုနဲ့ ...
အင်းဝသူလေး ရှင်မင်းနုဘဝကနေ နန်းတွင်းမှာ ဓားထက်ခဲ့တဲ့ နန်းမတော်မယ်နု အဖြစ် တန်ခိုး အာဏာ ကြီးစိုးခဲ့ရာက ... နောက်ဆုံးမှာတော့ တောင်သမန်အင်းရဲ့ အရှေ့ မြောက်ထောင့် မယ်ဘယက်ကုန်း ကမ်းစပ်မှာ ကတ္တီပါ အိတ်နီနဲ့ ထည့်သွင်းပြီး ရေချ ကွပ်မျက် ခံခဲ့ရတဲ့ မယ်နုရဲ့ ဘဝဖြစ်စဉ်ကို အဖန်ဖန် တွေးရင်း သက်ပြင်းမောတွေနဲ့ ကျောင်းတော်ကြီးကို ကျောခိုင်းခဲ့ပါတော့တယ်။ 
***
မေဓာဝီ

မှတ်ချက်။   ။
မယ်နုအုတ်ကျောင်းကအပြန် ဗားကရာကျောင်းကို သွားပါတယ်။ ဗားကရာကျောင်းနဲ့ ပတ်သက်ပြီး ရေးစရာ အထွေအထူး မရှိပေမယ့် သွားရတဲ့ လမ်းခရီးလေးကို အင်မတန် သဘောကျတာကြောင့် အချိန်ရရင် ရေးချင်ပါသေးတယ်။ (ဘယ်သူဖတ်ဖတ် မဖတ်ဖတ်ပေါ့) :) 

၁၇.၀၂.၁၅
၁၁း၅၃ နာရီ (မြန်မာစံတော်ချိန်)

3 comments:

ဆွေလေးမွန် said...

အပိုင်း(၃) ကနေ စဖတ်လိုက်တာ ၁ အထိအောင် သွားဖတ်ဖြစ်ပါတယ်ရှင့်.. :)

San Htun said...

တဂျီးမင်းက အပိုင်း ၃ လို့  မှန်းထားတာ မှန်သွားတာပေါ့...မမမေရေ ဖတ်လို့ ကောင်းလိုက်တာ..ဗားကရာကျောင်းအကြောင်းလည်း မျှော်နေပါတယ်နော်...

သူကြီးမင်း (တုံးဖလား) said...

နှစ်ခါဖတ်ရပေမဲ့ ရိုးမသွားဘူး။
နောက်လဲ လာဖတ်ဖြစ်ဖို့ များတယ်။

ဆက်လက်ပြီး များများရေးနိုင်ပါစေ။

တဂျီးက အာရုံရပြီးသားလေ စန်းထွန်းရဲ့။း)