Sunday, February 15, 2015

မယ်နုအုတ်ကျောင်းသို့ ... (၂)


ကျောင်းတော်ကြီးရဲ့ အနုလက်ရာတွေထဲမှာ စီးမျောရင်ခုန် တွေးတောနေရာက လမ်းညွှန်ကလေး နှစ်ယောက်ရဲ့ အသံစာစာကြောင့် အတွေးစတွေ ပြတ်သွားခဲ့ရတယ်။ ဘယ်သူက ဘာအကြောင်းအရာကို ရှင်းပြမယ်၊ ဘယ်လမ်းကြောင်း အရင်သွားမယ် ဆိုတာကို နှစ်ယောက်သား ငြင်းခုန်နေကြတာပါ။ ဒါနဲ့ပဲ သူတို့နှစ်ယောက်ကို … တယောက်က ရှေ့က လမ်းပြပြီး တယောက်ကတော့ သမိုင်းကြောင်းကို ရှင်းပြ ဆိုပြီး အချင်းချင်း အငြင်းမပွါးအောင် ခွဲတမ်းချပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ သူတို့လေးတွေ ခမျာလည်း ခုလိုခေါ်ပြီး မေးမြန်းတဲ့သူရှိမှ မုန့်ဖိုး ပဲဖိုးလေး ရရှာတာ ထင်ပါရဲ့။ သူတို့ပြောတဲ့ ပါးစပ်ရာဇဝင်ကတော့ အမှန်တွေချည်း ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်သိထားတဲ့ သမိုင်းနဲ့ ကိုက်ညီချင့်ချိန်ပြီး နားထောင်ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသက်အရွယ်လေးတွေနဲ့ တဝမ်းတခါးကို အပြေးအလွှားဧည့်ကြို ရှင်းပြရင်း ပြေလည်အောင် ဖြေရှင်းနေရတဲ့ ခမျာလေးတွေကို ကရုဏာသက်မိတယ်။ 


ကျောင်းကြီးရဲ့ အပေါ်ကိုမတက်ခင် ကျောင်း အောက်ဖက်ကို အရင် သွားကြည့်ဖြစ်တယ်။ ကျောင်းအောက်ဖက်ကို ဝင်လိုက်တာနဲ့ ထုကြီးထည်ကြီးနဲ့ တည်ဆောက်ထားတာမို့ စိမ့်အေးလို့ နေပါတယ်။ ကျောင်းကြီးတခုလုံးကို ခံနိုင်အောင် ထောက်မ-ထားတဲ့ အုတ်တိုင်ကြီးတွေရဲ့ ထုဟာ မနည်းမနောပါဘဲ။

ကျောင်းကြီးရဲ့ အောက်ဖက်က အမှောင်ခန်း

“ဒီဘက်က အမှောင်ခန်း၊ ဟိုဘက်အခြမ်းက အလင်းခန်း … အမှောင်ခန်းက မင်းညီမင်းသားတွေကို သတ်တဲ့အခန်း ဖြစ်ပြီး အလင်းခန်းကတော့ တရားအားထုတ်တဲ့ အခန်းပါ”

ဒါက အလင်းခန်း ... တဲ့

လမ်းညွှန်ကလေးရဲ့ ပြောစကားကြောင့် ဟိုဘက် ဒီဘက် ယှဉ်ပြီး ကြည့်လိုက်တော့ အလင်းရောင်ဝင်တဲ့ အနေအထားအရ တခြမ်းမှောင် တခြမ်းလင်းနေလို့ အမှောင်ခန်း အလင်းခန်းတွေ ဖြစ်တော့ဖြစ်နေသား။ ဒါပေမဲ့ ဒီကလေးပြောသလို ဒီကျောင်းကြီးထဲမှာ မင်းညီမင်းသားတွေကို တကယ်ပဲ သတ်ခဲ့တာလား … ဒါက ဘုန်းတော်ကြီး ကျောင်းပဲ မဟုတ်လား၊ ဘယ်လောက်ပဲ ထက်မြက်ပြီး ရက်စက်ပါတယ် ဆိုလဲ နန်းမတော်မယ်နုဟာ ဗုဒ္ဓဘာသာ အမျိုးသမီး တယောက်အနေနဲ့ ဘုန်းကြီးကျောင်းမှာ သူစိတ်ထင်သလို လူတွေသတ်ဖို့ စေခိုင်းလို့ ရနိုင်ပါ့မလား … ။ သူ အဲဒီလိုတွေ သတ်နေရင်ရော ကျောင်းထိုင်ဆရာတော်တွေ ဖြစ်တဲ့ ဆရာတော်ဦးပိုတို့ ဆရာတော်ဦးဗုဓ်တို့က လက်ခံမှာလား … ။

သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် သာသနာအတွက် လုပ်ခဲ့တဲ့ ကုသိုလ်တွေလဲ မနည်းပါဘူး။ ဒီ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးအပြင် အမရပူရ ပုထိုးတော်ကြီး၊ မဟာသကျသီဟ ရုပ်ပွါးတော်၊ စစ်ကိုင်းက ရှင်ဖြူ ရှင်လှ စေတီနဲ့ စောင်းတန်း၊ အမရပူရက ကြေးချိန်တသိန်း ခေါင်းလောင်း၊ ဖလံခုံရွာ အနောက်တိုက် ဘုရားကြီးတို့ကိုလည်း တည်ထားခဲ့ပေတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတဒင်္ဂမှာတော့ ဧည့်လမ်းညွှန် ကလေးတွေပြောပြတဲ့ မရေရာတဲ့ ပါးစပ်ရာဇဝင်ကို ဟုတ်လိမ့်နိုးနိုး ဇဝေဇဝါ တွေးရင်း အမှောင်ခန်းတွေဘက် လှမ်းကြည့်မိတော့ ကျောထဲ စိမ့်ခနဲ။ ဒီအမှောင်ထုထဲမှာ သေသူတွေရဲ့ ဝိညာဉ်တွေများ ကျင်လည်ကျက်စား နေလေမလား … ဒါမှမဟုတ်လဲ မာန်မာနတွေ ထောင်လွှားခဲ့သမျှ ဇာတ်သိမ်းမလှတဲ့ နန်းမတော်မယ်နုရဲ့ ဝိညာဉ်များ ရှိနေလေမလား … ရယ်ပေါ့ … ။
အမှောင်ဆိုတာ လူ့စိတ်ကို သိမ်ငယ် ခြောက်ချားစေတယ် မဟုတ်လား။
***

အမှောင်လွှမ်းတဲ့ မြေအောက်ခန်းကနေ ကျောင်းတော်ကြီး အပေါ်ထပ်ကို တက်လိုက်တော့မှ အသက်ဝဝ ရှူနိုင်ခဲ့ရတယ်။ ကျောင်းကြီးရဲ့ မူလဆေးသား အဝါရောင်တွေ ပြယ်လွင့်ပြီး ရေညှိအမည်းတွေ ဟိုဒီ ကွက်နေတာဟာ အိုမင်း ဟောင်းနွမ်းခြင်း ဆိုတာထက် ကျောင်းကြီးရဲ့ ရင့်ကျက် တည်ငြိမ်မှုရဲ့ ပြယုဂ်အဖြစ် ခံစားရပြီး ပိုကျေနပ်မိတယ်။ ကျောင်းကြီးရဲ့ သက်တမ်းကလဲ ရာစုနှစ် နှစ်ခုနီးပါး (အတိအကျပြောရရင် ၁၉၃ နှစ်) ကြာမြင့်ခဲ့ပြီ ဆိုတော့ … ဆေးသုတ်ထားလို့ သစ်လွင် တောက်ပနေတာနဲ့ စာရင် ခုလို မြင်ရတာဟာ ပိုပြီး အနှစ်သာရ ရှိတယ်လို့ ထင်တာပါပဲ။ 

စင်္ကြန်လမ်း
အတွင်းဘက် စင်္ကြန်လမ်းမှာတော့ ထုံးဖြူသုတ်ထားပြီး မျက်နှာကျက်က တချို့နေရာတွေမှာ အင်္ဂတေတွေနဲ့ ပြန်လည်ဖာထေးထားတာကို တွေ့ရတယ်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ကျောင်းကြီးကို နန်းမတော်မယ်နုရဲ့ သမီး ဆင်ဖြူမရှင် (မင်းတုန်းမင်းရဲ့ မိဖုရား) က ၁၂၃၄ ခုနှစ်မှာ ပြန်ပြင်ခဲ့တယ်လို့ သိရပေမယ့် ဘယ်လောက်ထိ ပြိုကျပြီး ဘာတွေ ပြန်လည် ပြင်ဆင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ပါဘူး။ ဒါကြောင့် အင်္ဂတေတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖာထေးထားတာတွေဟာ ဘယ်ခေတ်က လက်ရာဆိုတာ မသိခဲ့ရဘူး ဆိုပါတော့။

ကျောင်းကြီးပေါ်မှာ
စင်္ကြန်လမ်းရဲ့ ကြမ်းခင်းကိုတော့ ပျဉ်ချပ်ရှည်ကြီးတွေ ခင်းထားပြီး အုတ်ပေါင်းကူး လူဝင်ပေါက်တွေမှာတော့ သစ်သားတံခါးတွေကို တပ်ဆင်ထားပါတယ်။ ဒီစင်္ကြန်လမ်းတွေဟာ အဆောင်မကြီးထဲက သံဃာတော်တွေ သီတင်းသုံးရာ အခန်း ၂ ခန်းကို ပတ်ထားတဲ့ စင်္ကြန်ပတ်လမ်းတွေလို့ သိရတဲ့အတွက် ဒီနေရာ ဒီလမ်းတွေမှာ သံဃာတော်တွေ နေ့စဉ် လျှောက်လှမ်းခဲ့ကြမယ် … ဒီ အဆောင် ဒီအခန်းတွေမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွါးဖို့ အားထုတ် ကျင့်ကြံ ပွါးများ ပို့ချခဲ့ကြမယ် … ဆိုတဲ့အတွေးနဲ့ ကြည်နူးနေတုန်း …

ဘုရားခန်း
“ဟောဟိုက အခန်းကတော့ ဘုရားခန်းပါ၊ အဲဒီအခန်းမှာ မယ်နုက မင်းညီမင်းသားတွေကို သတ်ဖြတ်ခဲ့ပြီး ကြမ်းပေါက်ကနေ အောက်ဖက် မြေတိုက်ထဲက ပစ်ချခဲ့တာ”
ဆိုတဲ့ လမ်းညွှန်ကလေးရဲ့ စကားသံက နားထဲစူးခနဲ ရောက်လာတယ်။
“ဟင် … ဟုတ်လား …. ဘုရားခန်းမှာ ဘာလို့ လူသတ်ရတာလဲ”
“သူတို့ မသေခင် ဘုရားကို အာရုံပြုလို့ရအောင်ပါ၊ ဘုရားရှိခိုးပြီးတာနဲ့ သတ်ပစ်လိုက်တာပဲ။ ဟောဒီကြမ်းပေါက်ကနေ အောက်ကို အလောင်းတွေကို ချတာလေ”
“ဒီကြမ်းပေါက်လေးကနေ??”

ဒီကြမ်းပေါက် ... တဲ့

“အရင်တုန်းက အဲဒီကြမ်းက အရှင်ပေါ့။ မောင်းတံ ခလုတ် ရှိတယ်လေ၊ မောင်းတံဆွဲလိုက်ရင် ကြမ်းက ပွင့်သွားပြီး အလောင်းက မြေတိုက်ထဲ ရောက်သွားရော”
“ဘုရား … ဘုရား”
“အဲဒီကနေ ဧရာဝတီမြစ်ထဲ ဒါရိုက် ရောက်သွားတာ” ရှေ့ကလမ်းညွှန်တဲ့ ကလေးမလေးကလဲ တခွန်း ဝင်ပြောတယ်။
ဟင် … ဒါတော့ နည်းနည်းများသွားပြီလို့ စိတ်ထဲကပြောမိတယ်။ ဒီကျောင်းကနေ ဧရာဝတီမြစ်ရောက်အောင် အလောင်းတွေ ဘယ်လိုသွားကြပါလိမ့်နော်။ သြော် … ပါးစပ်ရာဇဝင်ဆိုတာ အမျိုးမျိုး ချုံ့နိုင် ချဲ့နိုင်တာပါပဲလား။


တကယ်တမ်း အထောက်အထားအရတော့ အေဒီ ၁၈၂၈ ခုနှစ် ကျောင်းကြီး ဆောက်လုပ် ပြီးသွားချိန်မှာ ကျောင်းဒါယကာ ဒါယိကာမတွေ ဖြစ်တဲ့ ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့ဟာ ညောင်ကန်ဆရာတော် ဦးပိုထံ ရေစက်ချလှူဒါန်းခဲ့တယ်။ ဆရာတော် ဦးပို ပျံလွန်တော်မူတော့ ဆရာတော်ဦးဗုဓ်ကို ဆက်လက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဦးပိုအကြောင်းတော့ သေချာမသိလို့ မပြောလိုပေမယ့် ဗုဓ်အစ ဗုဓ်အလယ် ဗုဓ် အဆုံးမှာ နောက်ဆုံးဗုဓ်အဖြစ် နာမည်ကျော်ခဲ့တဲ့ ဆရာတော် ဦးဗုဓ်ဟာ ဘကြီးတော်မင်းနဲ့ မိဖုရားကြီး နန်းမတော်မယ်နုတို့ အထူးကိုးကွယ်တဲ့ ဆရာတော် ဖြစ်ပေမယ့် မင်းနဲ့မိဖုရားကိုတောင် မျက်နှာသာမပေး စကားများများ မပြောခဲ့ဘူးဆိုတဲ့ စာပေအထောက်အထား များစွာရှိပါတယ်။

ဒီကျောင်းကြီးကို ဆရာတော်ထံ ရေစက်ချချိန်မှာ ဆုံးမသြဝါဒပေးဖို့ လျှောက်တင်တော့ ဆရာတော်က မင်းနဲ့ မိဖုရားကို ...
“မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြဝါဒပေးရန်မလို၊ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နှင့်မဆိုင် အဝီစိနှင့်သာ ဆိုင်သည်” လို့ တိုတိုပြတ်ပြတ် သမိုင်းဝင် သြဝါဒ စကားကြီးကို မြွက်ကြားခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် နန်းမတော်မယ်နုဟာ ဆရာတော်ထံ နေ့စဉ် ဆွမ်းအုပ်ပို့ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တာကြောင့် တနေ့မှာ ဆရာတော့်ကို သီလပေးဖို့ လျှောက်ထားတော့ “ကိုယ့်ဘာသာကိုယ် ဆိုပြီး ဆောက်တည်သွား … ” တဲ့။ အဲဒီလောက် ပြတ်သားပြီး မင်းလိုမလိုက်တဲ့ ဆရာတော်ပါ။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ သူ့ကို လှူထားတဲ့ ကျောင်းထဲက ဘုရားခန်းမှာ လူတွေလာသတ်တာကို လက်ခံပါ့မလား … ။
***
ကျောင်းကြီးပေါ်က မဆင်းခင် လူတွေသတ်ခဲ့တယ် ဆိုတဲ့ ဘုရားခန်းမှာ မတ်ရပ်စမ္ပါယ်တော်မူတဲ့ မြတ်စွာဘုရားကို လက်အုပ်ချီရှိခိုးရင်း ဖူးမြော်တော့ မြတ်စွာဘုရားဟာ မဟာကရုဏာတော် ကြီးမားစွာနဲ့ ပြုံးတော်မူနေဆဲ … ။
***
မေဓာဝီ
၁၁၊ ၀၁၊ ၁၅

(မှတ်ချက်။   ။ ၂- ပိုင်းနဲ့ပြီးမယ် ထင်ပေမယ့် အရမ်းရှည်သွားမှာစိုးလို့ ဒီမှာတွင် ရပ်ပြီး နောက်နေ့မှ အပိုင်း ၃-ကို ဆက်တင်ပါမယ်။)

3 comments:

Ma Tint said...

သူကြီးမင်းတို့တော်ပုံများ မှန်းတာကွက်တိပဲနော်။ ထပ်ဖတ်သွားတယ် မမေရေ... စိတ်ဝင်းစားစရာကောင်းတယ်။

San Htun said...

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ...မြန်မာပြည်ပြန်ရင် မယ်နုအုတ်ကျောင်း သွားဦးမှ...

သူကြီးမင်း (တုံးဖလား) said...

တီတင့် သူကြီးမှန်းရင် လွဲခဲတယ်နော်း)

ဖတ်လို့ကောင်းပါ့ မေဓာဝီ။
ဖတ်ပြီးသားပေမဲ့ ဖတ်မရိုးဘူး။