Thursday, October 29, 2015

သူ သိအောင် ...


 ဒီခရီးကို လာဖို့ စဉ်းစားခဲ့တာက အမေ့အတွက်ပါပဲ။ အမေ မျက်စိခွဲဖို့ စပြီး စီစဉ်ချိန်မှာ "သမီးအနားမှာ ရှိရင်ကောင်းမယ်" ဆိုတာကြောင့် လာဖို့ ဆုံးဖြတ်ခဲ့တယ်။
.
"အဖေနဲ့ အမေက အသက်ကြီးပြီ။ ဘဝမှာ မိဘက အရေးအကြီးဆုံးပဲ၊ အမေတို့ လိုအပ်နေချိန်မှာ အမေတို့အနားမှာ ရှိနေချင်တယ်" ... လို့ ခင်ပွန်းသည်ကို ပြောတော့ သူကလည်း အဝေးကြီးကို မသွားစေချင်ပေမဲ့ ခွင့်ပြုခဲ့ပါတယ်။
.
အခြေအနေအရ စင်္ကာပူမှာ နှစ်လ မြန်မာပြည်မှာ နှစ်လ နေနေရပေမဲ့ မြန်မာပြည်နဲ့ စင်္ကာပူ ဆိုတာ အချိန်လည်း သိပ်မကွာ နေရာလည်း သိပ်မကွာတော့ ကိုယ်မသွား နိုင်ရင်တောင် သူက လိုက်လာနိုင်တာမို့ အနီးလေးလိုပါပဲ။ အခု မိဘတွေရှိရာ အမေရိကန်နိုင်ငံကတော့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့အပြင် သွားရေးလာရေးကလည်း မလွယ်ကူ၊ အချိန်အားဖြင့်လည်း နေ့နဲ့ည လွဲနေတော့ နှစ်ယောက်သား စကားပြောဖို့တောင် ချိန်းရတာကိုး ... ။
.
ဘာပဲဖြစ်ဖြစ် သိပ်မကြာသေးတဲ့ အိမ်ထောင်သက်အတွင်း သူနဲ့ အဝေးကြီးကို သွားခွင့်ပြုပေးတာကြောင့် သူ့ကို ကျေးဇူးတင်မိပါတယ်။ တကယ်ပဲ ဒီခရီးကို သွားတော့မယ်ဆိုတော့ ကျမ စင်္ကာပူက ပြန်ရောက်ပြီး ၁၀ ရက်အကြာမှာ ကျမရှိရာ မြန်မာပြည်ကို သူလိုက်လာခဲ့တယ်။
.
သူလိုက်လာတဲ့ ၅ ရက်တာ ကာလအတွင်း ကျမက ဖျားလို့ သူ့ခမျာ ပြုစုရပါသေးတယ်။ အတူနေရတဲ့ အချိန်တွေက ခဏလေးနဲ့ ကုန်သွားသလိုပဲ ... ၅ ရက်ဆိုတာ သိပ်မြန်လွန်းတယ်။ ကျမလည်း သူပြန်သွားမှ ဗီဇာဝင်ရတယ်၊ ဗီဇာရရချင်း လေယာဉ်လက်မှတ် confirm လုပ်ပြီး ဒီခရီးကို ထွက်လာခဲ့တာပဲ။
.
မိဘတွေနဲ့ ခွဲခွါခဲ့တာ ၄ နှစ် ရှိခဲ့ပြီ။ ၂၀၁၁ ခုနှစ် ကျမ အင်္ဂလန်မှာရှိနေစဉ် အမေတို့ ခဏလာတုန်း တွေ့ခဲ့ရတာ နောက်ဆုံးပဲ။ အခုမှ ပြန်ဆုံကြရတာ။ လူချင်းမတွေ့ရပေမဲ့ နေ့တိုင်းလိုလို အွန်လိုင်းက စကားတွေ ပြောနေတော့ မိဘတွေရဲ့ ကျန်းမာရေး အခြေအနေကို သိနေခဲ့တယ်။ အမေက နဂိုထဲက နေသိပ်မကောင်းလို့ အဖေက ပြုစုနေရတာ ... အဖေကပါ တလောက ကျမကို ပဋ္ဌာန်းသင်ရင်း မောမောနေတာကို သိတော့ စိတ်ပူမိတယ်။
.
အတူနေတဲ့ မောင်လေးနဲ့ ယောင်းမလေးက မိဘတွေရဲ့ ကျန်းမာရေးကို လိုလေးသေးမရှိ ဂရုစိုက်ပေမဲ့ သူတို့ အလုပ်သွားနေချိန်ဆို အဖေနဲ့ အမေ နှစ်ယောက်ထဲ .... ဖိုးသူတော်နဲ့ တောင်ဝှေးလို ဖြစ်နေတာပေါ့။ ဒီကြားထဲ အမေ မျက်စိခွဲရဖို့ ဖြစ်လာတော့ လက်တိုလက်တောင်း အဖော်သဟဲ အဖြစ် ကျမပဲ သွားဖို့ ဆုံးဖြတ်ခဲ့တာ လွယ်လွယ်နဲ့တော့ မဟုတ်ပါဘူး။
.
လွန်ခဲ့တဲ့ ၃ နှစ်ကလည်း မိသားစု အရေးမှာ အခုလို ဆုံးဖြတ်ခဲ့ရဖူးတယ်။ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကုန် မတ်လဆန်းလောက်ကပေါ့။ ကျမ အင်္ဂလန်မှာ ကျောင်းတက်နေစဉ် ကျမ အမကြီးရဲ့ ကင်ဆာရောဂါ အတွက် ကီမိုဆေးသွင်းကုရတော့ အနားမှာ မိသားစုဝင် တယောက်မှ မရှိတာကြောင့် ပြုစုဖို့ရာ ကျမပဲ ပြန်ခဲ့ရပါတယ်။ အဲဒီအချိန်က ကျမ ကျောင်းပြီးဖို့ ၂ ဘာသာပဲလိုတော့တယ်။ နောက်ထပ် ၄ လလောက် အင်္ဂလန်မှာ နေလိုက်ရင် ကျန်တဲ့ ၂ ဘာသာ ဖြေရတော့မှာ ... ။ ဒါပေမဲ့ အမကြီးကလည်း အဲဒီအချိန်ထိ မစောင့်နိုင်ဘူး၊ ဆေးက စသွင်းနေပြီမို့ ချက်ချင်း လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ခဲ့တယ်။
.
ဒီလိုနဲ့ မြန်မာပြည်မှာ အမကြီးကို ပြုစုရင်း အမကြီးရဲ့ အလုပ်ထဲမှာ ဝင်လုပ်ရင်း နစ်မြုပ်သွားလိုက်တာ သူသာ ရောဂါပျောက်သွားရော ကျမကတော့ ကျောင်းတန်းလန်းနဲ့ ခုချိန်ထိအောင် ဆက်မဖတ် ဖြစ်တော့ဘူး။
(ဗီဇာအင်တာဗျူးမှာ အင်္ဂလန်မှာ ဒီဂရီရခဲ့လားလို့ မေးတော့ အဲဒီအကြောင်း ထည့်ပြောလိုက်တာ ဗျူးသူတောင် Oh dear! လို့ သနားသွားသေးတယ်။)
.
အခုလည်း အိမ်ထောင်သက် ၇ လ၊ အတူနေရချိန် ၄ လပဲ ရှိသေးတဲ့အချိန်မှာ ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ကို မငဲ့လို့ မဟုတ်ပါဘူး။ မိသားစုအတွက် လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးချင်လို့ ... အစားထိုးမရတဲ့ မိဘနှစ်ပါးအတွက် နောင်တတွေ မရချင်လို့ပါ။ အကယ်၍ သူ့မိသားစုက သူ့ကို လိုအပ်ခဲ့ရင်လည်း ကျမ ခုလို နားလည်စွာ ခွင့်ပြုပေးရမှာပါပဲ။
.
ဒီနေ့ အမေ့မျက်စိတဖက် ခွဲရတယ်။ ခွဲစိတ်ပြီး ပြန်လာတဲ့ အမေ့ကို ခြေဆုပ်လက်နယ် ပြုစုနေချိန်မှာ အမေက သမီးရှိနေလို့ တော်သေးတယ် ... လို့ ပြောတဲ့အတွက် ဝမ်းသာမိပါတယ်။ အမေတို့ကို ငွေကြေးနဲ့ ကျေးဇူးမဆပ်နိုင်ပေမဲ့ လုပ်အားနဲ့ ကျေးဇူးဆပ်ခွင့်ရတာကြောင့် ဝမ်းသာရတာပါ။
.
ဒီနိုင်ငံကို လာတာဟာ အပျော်ခရီးထွက်လာတာ မဟုတ်ပါဘူး။ ချစ်သူကို ခဏတာခွဲခွါပြီး မိဘတွေရဲ့ အနားမှာ ပြုစုစောင့်ရှောက်ဖို့ ရောက်လာခဲ့တာပါ။ ... "အကို့ကို အကြာကြီး ခွဲမထားပါနဲ့နော်" ... ဆိုတဲ့ သူ့ မက်ဆေ့ခ်ျလေးတွေ နေ့စဉ်နဲ့ အမျှ ဖတ်နေရပါတယ်။ ကျမ ပြန်လာမယ် ... ဆိုတဲ့အကြောင်း သူသိအောင် ဘယ်လို ပြောရမလဲ ... ။
***
29 Oct 2015
21:43 pm

No comments: