Monday, August 31, 2015

ဘလော့ဒေးနဲ့ တွေးမိတွေးရာ ၉ နှစ်တာ ...



၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ me ဆိုတဲ့ ပို့စ်လေးနဲ့ စတင်ခဲ့တဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့လေးဟာ အခုဆိုရင် ၉ နှစ် ပြည့်ခဲ့ပါပြီ။ ၉ နှစ်တာ သက်တမ်းတလျှောက် ရေးခဲ့တဲ့ ပို့စ်ပေါင်း ၇၁၃ ပုဒ်ထဲမှာ ကဗျာ၊ ပုံပြင်၊ အက်ဆေး၊ ခံစားမှုစာစု၊ ခရီးသွားမှတ်တမ်း၊ အတွေးအပိုင်းအစ၊ ကိုယ်ရေးကိုယ်တာတွေ အပြင် ရှေးမြန်မာ ကဗျာတွေ၊ အခါကြီး ရက်ကြီးနဲ့ သမိုင်းဝင်နေ့တွေ၊ ဘာသာရေးတွေ၊ မှတ်ဖွယ်မှတ်ရာတွေ၊ ကိုယ်နှစ်သက်တဲ့ စာတွေ စုံစီနဖာ တင်ခဲ့ပါတယ်။ ရေးခဲ့တဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ ဝေဖန် တိုက်ခိုက် ထိုးနှက်ကြတာတွေရော၊ မြှောက်ပင့် အားပေး ချီးကျူး ကြတာတွေရော ရှိခဲ့တယ် ဆိုပါတော့။
 .
.
အဲဒီတုန်းက ဘလော့ကျေးဇူးကြောင့် နေ့တိုင်း စာရေးဖြစ်ခဲ့တယ်။ စာတွေပိုဖတ်ဖြစ်ခဲ့တယ်။ ဘလော့ဂါအချင်းချင်း ရင်းနှီးခင်မင်ခွင့် ရခဲ့တယ်။ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ခွင့် ရှယ်ခွင့်ရခဲ့တယ်။ ကိုယ်မသိသေးတာတွေ ပိုသိလာခဲ့တယ်။ ကမ္ဘာအရပ်ရပ်က အသိပညာ ဗဟုသုတတွေ ရခဲ့တယ်။ ဘလော့ရေးခဲ့တဲ့ ရှေ့ပိုင်းနှစ်တွေမှာတော့ “ဘလော့ဟာ ဘဝ” လို့ ဆိုရလောက်အောင် ဘလော့ကြောင့် ဘဝအစိတ်အပိုင်းတချို့ ပြောင်းလဲခဲ့တယ်။ ဘလော့ကို ခင်တွယ်ခဲ့သလို မြတ်နိုးစွာလည်း ဖက်တွယ်ခဲ့တယ်။ ကိုယ့်ဘလော့ကိုယ် နာကျင်စွာ ပိတ်ခဲ့ရဖူးသလို ... ဘလော့ရေးတာဟာ ပြစ်မှုတခု ကျူးလွန်မိသလိုလည်း ခံစားခဲ့ရဖူးတယ်။ ဘလော့ကြောင့် အကောင်းရော အဆိုးပါ စံစား ခံစားခဲ့ရတာကိုး။
.
.
ဘလော့ စာမျက်နှာပေါ်မှာ သိကျွမ်း ခင်မင်ခဲ့ရတဲ့ မိတ်ဆွေတွေနဲ့ အပြင်မှာ တွေ့ဆုံ ရင်းနှီးခွင့်ရတာဟာလဲ ဘလော့ကျေးဇူးပါပဲ။ ဒီလို မိတ်ဆွေတွေရဲ့ ဖေးမ ကူညီမှုတွေရတဲ့အခါတိုင်း မိတ်ဆွေတွေနဲ့ အတူ ဘလော့ကိုပါ ကျေးဇူးတင်မိတယ်။ ဘလော့ကြောင့် မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံ ဆုံရတာ မဟုတ်လား။
 .
.
ခုတော့လည်း ဘလော့ကို ဘဝ လို့ မဆိုချင်တော့ပေမဲ့ ဘလော့ကို ဘဝထဲကတော့ ထုတ်မပစ်နိုင်ပါဘူး။ ဘလော့မှာ တင်ခဲ့တဲ့ စာစုလေးတွေ မဂ္ဂဇင်းစာမျက်နှာပေါ် တခါတရံ ပါလာတဲ့အခါ … ကိုယ့်ဘလော့မှာ ကိုယ် ဖတ်ရသလောက် ရင်မခုန်တော့တာ အမှန်ပါပဲ။ ဘလော့ခေတ်ဦးကဆို ပို့စ်တပုဒ်တင်တာနဲ့ ကိုယ့်စာကို ဘယ်သူတွေလာဖတ်ပြီလဲ၊ ဘာတွေမှတ်ချက်ပေးသလဲ … ရင်ခုန်စွာ ပျော်ရွှင်စွာ စောင့်ကြည့်ခဲ့ရတဲ့ အရသာက အေးစက်စက် စာမျက်နှာပေါ်က ပုံနှိပ်စာလုံးတွေကို မြင်ရတဲ့ အရသာထက် ပိုသာခဲ့တယ်။
 .

 .
ဘလော့တွေမှာ သမိုင်းရှိခဲ့တယ်၊ ဘလော့တွေကို ဖန်တီးတဲ့ ဘလော့ဂါတွေမှာလဲ သမိုင်းကိုယ်စီနဲ့ပေါ့။ ပြီးခဲ့တဲ့ ဇွန်လပိုင်းတုန်းက နေဘုန်းလတ် မွေးနေ့မှာ ထုတ်ဝေတဲ့ မှ/သို့ နေဘုန်းလတ် စာအုပ်မှာဆိုရင် မြန်မာဘလော့တွေရဲ့ သမိုင်းကို ခပ်ပါးပါး တွေ့နိုင်ပါတယ်။ သမိုင်းတခုရှိခဲ့ဖူးတဲ့ ဘလော့တွေရဲ့ ကဏ္ဍဟာ ဆယ်စုနှစ် တခုမရှိတရှိ အချိန်မှာပဲ တဖြည်းဖြည်း မှိန်ပျလာခဲ့ပါပြီ။ ခုချိန်ထိ ဘလော့ကို သံယောဇဉ်တကြီး တစိုက်မတ်မတ် ရေးသားနေကြဆဲ ဘလော့ဂါတွေ ရှိသလို ဘလော့ကို လုံးဝကျောခိုင်းသူတွေ၊ တခါတရံမှ ဘလော့ဆီ ရောက်လာသူတွေလည်း ရှိနေပါတယ်။ ကိုယ်တိုင်လည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ဘလော့နဲ့ ပူးတုံ ခွါတုံ ဖြစ်နေဆဲပါပဲ။
 .
.
တကယ်တော့ ခေတ်ဦးပိုင်း မြန်မာပြည်ကဘလော့ဂါတွေဟာ ဘလော့ကို လွယ်လွယ်ကူကူ ရေးခဲ့ရတာတော့ မဟုတ်ပါဘူး။ နည်းပညာအခက်အခဲအပြင် ခပ်နှေးနှေးအင်တာနက်ရယ်၊ ပိတ်ဆို့ထားလို့ ကျော်ရ ခွရတာတွေရယ်ကြောင့် အလွန်စိတ်ရှည်စွာ ရေးခဲ့ကြရတာပါ။ အဲဒီလို ဘလော့ရေးသား နေကြသူတွေဟာ ဝါသနာအရ ရေးနေကြတာမို့ ဘလော့ရေးတဲ့အတွက် ဘာအကျိုးအမြတ်မှလဲ မရခဲ့ကြပါဘူး။ တခြားနိုင်ငံတွေမှာဆိုရင် ဘလော့ရေးလို့ မီလျံနဲ့ချီပြီး ပိုက်ဆံတွေရတာမျိုး ရှိတယ်လို့ သိရတယ်။ မြန်မာဘလော့ဂါတွေကတော့ ပိုက်ဆံရဖို့နေနေသာသာ ပိုက်ဆံအကုန်ခံ၊ အချိန်အကုန်ခံ၊ တခါတရံ အဆဲခံပြီး ဘလော့ရေးခဲ့ကြရတယ်။ 

ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်ဆန်သွားပြီလား မသိပါဘူး။ ဘလော့ဆိုရင် ခုခေတ် အင်တာနက်သုံးသူတွေ သိပ်မသိကြတော့ဘူး မဟုတ်လား။ အင်တာနက်ဆိုရင် ဖေ့စ်ဘွတ်လောက်သာ သိတဲ့သူတွေ ဆိုတာလည်း မြန်မာပြည်မှာ တကယ်ကို ရှိနေပါတယ်။ သူတို့ကိုသွားပြောရင် ဘာလဲ ဘလော့ ... ဘာလဲ ဘလော့ဂါလို့ ပြန်မေးကြမှာပဲ။ ဒီလိုနဲ့ နောက်ထပ် ဆယ်စုနှစ်တခု ကြာချိန်မှာ ဖေ့စ်ဘွတ်ရော ရှိပါအုံးမလား။ ဘလော့ရော ရှိနေအုံးမှာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါပေမဲ့ ... တချိန်က ဘလော့ဆိုတာ ရှိခဲ့ဖူးတယ်၊ ဘလော့ခေတ်ကို ဖြတ်သန်းခဲ့ဖူးတယ်၊ ကိုယ်တိုင်လည်း ဘလော့ဂါတယောက် ဖြစ်ခဲ့ဖူးတယ် ... ဆိုတာလေးနဲ့တွင် ကျေနပ်နေရအုံးမှာပါပဲ။

ဘလော့ရေးသူ ဖတ်သူ အားလုံး ကိုယ်စိတ် ချမ်းမြေ့ကြပါစေ ... ။
***
မေဓာဝီ
၃၁၊ သြဂုတ်၊ ၂၀၁၅
၁၃း၁၆ နာရီ
(စင်္ကာပူ စံတော်ချိန်)

3 comments:

Ma Tint said...

ဘလော့ဒေးလေးဖတ်ပြီး ပျော်စရာကောင်းခဲ့တဲ့ အချိန်လေးတွေပြန်လွမ်းသွားတယ် မမေရေ....
မမေတို့လို စာရေးကောင်းသူတွေ အများကြီးနဲ့ဆုံခွင့်ရလို့ တီတင့်လည်း ဘလော့ဂါဘ၀မှာ ၀မ်းသာပျော်ရွှင်ခဲ့ရတယ်။
ဘလော့ဘက်ကို စောင်းငဲ့လို့တောင် မကြည့်တော့တဲ့ ဘလော့ဂါတွေအကြောင်း တွေးမိတိုင်းစိတ်မရွှင်မပျဖြစ်ရတယ်။

နောင်ဂျိန် said...

အမရေ... ဖဘထက် ဘလော့ကိုပဲ လွမ်းတယ်။ ဒါပေမဲ့ ဖဘပဲ ဖွင့်ဖြစ်တယ်။ မြန်မာဖွန့် အခက်အခဲကြောင့်....



သက်ဝေ said...

တချိန်က ဘလော့ဆိုတာ ရှိခဲ့ဖူးတယ်၊ ဘလော့ခေတ်ကို ဖြတ်သန်းခဲ့ဖူးတယ်၊ ကိုယ်တိုင်လည်း ဘလော့ဂါတယောက် ဖြစ်ခဲ့ဖူးတယ် ... ဆိုတာလေးနဲ့တွင် ကျေနပ်နေရအုံးမှာပါပဲ။