Monday, August 10, 2015

နှစ် ငါးဆယ် ...

၂၀၁၅၊ သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)
***
မနက်မိုးလင်းချိန်မှာ အိမ်နားက community centre က ပျံ့လွင့်လာတဲ့ အသံဗလံတွေနဲ့ နိုးထခဲ့ရတယ်။ သြဂုတ်လ ၉ ရက်နေ့ … စင်္ကာပူနိုင်ငံရဲ့ နှစ် ၅၀ ပြည့် အမျိုးသားနေ့ တဲ့။ သီချင်းသံတွေ မိန့်ခွန်းစကားသံတွေ ပျော်နေသံတွေ အော်နေသံတွေ ညံစီလို့ပေါ့။ အရင်ရက်တွေ ကတည်းက အပြင်သွားရင် နေရာအနှံ့မှာ အလံတွေ တလူလူလွှင့် SG50 စာလုံးလေးတွေ ဟိုမှာ သည်မှာ တွေ့နေခဲ့ရတယ်။ SG50 အထိမ်းအမှတ် ပစ္စည်းရောင်းတာတွေ၊ SG50 အတွက် အထူး လျှော့ဈေးတွေလည်း တွေ့ရတယ်။ အမျိုးသားနေ့ဖြစ်တဲ့ သြဂုတ်လ ၉ ရက်နေ့ တနေ့လုံးအတွက် မည်သူမဆို ရထား ကား အခမဲ့စီးနိုင်သတဲ့။ အမျိုးသားနေ့က ပိတ်ရက် တနင်္ဂနွေနေ့နဲ့ တိုက်နေလို့ သောကြာနဲ့ တနင်္လာကိုပါ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတော့ ပိတ်ရက် ၄ ရက် ဆက်တိုက်ရတဲ့ ဝန်ထမ်းတွေလည်း ပျော်ကြတာပေါ့။
.
၉ ရက်နေ့ရဲ့  မနက် ၉ နာရီ တိတိမှာ ဥသြဆွဲသံကြားရတယ်။ ညနေဘက်မှာတော့ အမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြပါတယ်။ အခမ်းအနားကို အပြင်မှာ သွားမကြည့်တော့ဘဲ အွန်လိုင်းကနေ ကွန်ပျူတာလေးဖွင့်ပြီးပဲ ကြည့်ဖြစ်တယ်။ လူတိုင်းရဲ့ လက်ထဲမှာ အဖြူနဲ့အနီ စင်္ကာပူအလံလေးတွေ တယမ်းယမ်း၊ မျက်နှာမှာ အပြုံးပန်းတွေ တဝေဝေ။ သီချင်းတွေ သံပြိုင်သီဆို … အစီအစဉ် ကြေငြာသူကလည်း တက်ကြွ ပျော်ရွှင်လို့။ စင်္ကာပူနိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေကို ကဏ္ဍအလိုက် ပြန်ပြ၊ သရုပ်ဖော်ကြ။ နိုင်ငံရဲ့ အဓိက key players အဖွဲ့အစည်းတွေ တဖွဲ့ပြီးတဖွဲ့ ချီတက်လာကြ၊ သမ္မတကြီးကို အလေးပြုကြ။ ကောင်းကင်မှာ လေယာဉ်တွေ ပျံဝဲ ခြိမ့်ခြိမ့်သည်း ...  မြေကြီးတွေတောင် တုန်ဟည်းလို့။
.
သူတို့ခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ လုပ်ဆောင်ချက်တွေ ... အားလုံးဝိုင်းဝန်းကြိုးစားကြပုံတွေ ... ပြန်ပြတယ်။ လူတန်းစား အမျိုးမျိုးနဲ့ အင်တာဗျူးလုပ်တာတွေ ပြတယ်။ အခြေခံ ရုံးစာရေးအလုပ်က စခဲ့ပြီး အသက်အရွယ် ကြီးလို့ အလုပ်မလုပ်နိုင်ချိန်မှာ အပူအပင်ကင်းစွာ နေနိုင်သူ တဦး၊ အဆင့်အတန်းရှိတဲ့ အိမ်ယာတွေမှာ နေနိုင်လို့ ဝမ်းသာနေတဲ့ အိမ်ရှင်မ။ ဘာမှမရှိတဲ့ တိုင်းပြည်ဘဝကနေ ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ တိုင်းပြည်တခု ဖြစ်လာခဲ့ရတယ်။ လွယ်လွယ်နဲ့တော့ ဒီအခြေအနေ မရောက်နိုင်ပါဘူး၊ ဖြတ်သန်းခဲ့ရတာတွေ ကြိုးစားခဲ့ရတာတွေ ပေးဆပ်ခဲ့ရတာတွေ တပုံတပင်ပေါ့။ ခေါင်းဆောင်က တိုင်းပြည်နဲ့ လူထုအတွက် လုပ်ပေးသလို သူ့ခေါင်းဆောင်ကိုလည်း သူ့ပြည်သူလူထု အများစုက ချစ်ခင်လေးစားကြတယ်။
our home, our heart, our Singapore  ... တဲ့။
.
ကြည့်ရင်းကြည့်ရင်း ကိုယ့်တိုင်းပြည်နဲ့ ယှဉ်တွေးပြီး အားကျတဲ့စိတ်လား မနာလိုတဲ့စိတ်လား ဝမ်းနည်းတဲ့ စိတ်လား … ရောထွေးနေတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ကိုယ့်ပြည်ရဲ့အနာဂတ်ကို မျှော်တွေးမိတယ်။ နောင် အနှစ် ငါးဆယ် … ဘယ်လိုဖြစ်လာမလဲ။ ခုတောင် တောတွေကပြုန်း တောင်ကတုံးနဲ့ ရာသီဥတုဒဏ် သဘာဝဘေးဒဏ်ကို မချိမဆန့် ခံနေကြရတာ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ် စင်္ကာပူနိုင်ငံ စတင်လွတ်လပ်ချိန်၊ ထူထောင်နေချိန်မှာ ကိုယ့်နိုင်ငံက စင်ပေါ်က။ သယံဇာတတွေ တပုံတပင်၊ ပြီးတော့မှ တစတစ ယုတ်လျော့သွားလိုက်တာ။ လက်တဆုပ်စာ လူတန်းစားတွေသာ ဘီလျံနာတွေ ဖြစ်ကုန်ကြတယ်၊ ပြည်သူလူထုမှာတော့ ဖွတ်ကျော ပြာစု။ အခုလက်ရှိ စင်္ကာပူကို အစစအရာရာ မီဖို့ အများကြီး အများကြီး ကြိုးစားရအုံးမှာ။ တယောက်ထဲ ကြိုးစားလို့လည်းမရ၊ အစိုးရအဖွဲ့တခုတည်း ကြိုးစားလို့လည်းမရ၊ အားလုံး တက်ညီလက်ညီ ကြိုးစားရမှာ၊ ပြင်ဆင်ရအုံးမှာ။
.
အခမ်းအနား အားလုံး ပြီးဆုံးသွားချိန်မှာတော့ အတွေးတွေအများကြီးနဲ့ ငြိမ်သက်ရင်း နောင်တချိန်ချိန်မှာ မြန်မာပြည်နဲ့ ပြည်သူလူထုကို ချစ်သော ...  ပြည်သူလူထု ကလည်း လေးစားသော ...  ခေါင်းဆောင်/အစိုးရ ပေါ်ပေါက်လာပြီး ခု SG50 ထက် ပိုခမ်းနား ကြီးကျယ်တဲ့ အခမ်းအနားကြီးတခုကို အသက်ရှင်စဉ်မှာ မြင်ခွင့်ရနိုင်ပါ့မလားလို့ ဝေဝေဝါးဝါး တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၉၊ သြဂုတ်၊ ၂၀၁၅
22:32

(စင်္ကာပူနိုင်ငံရဲ့ နှစ် ငါးဆယ်ပြည့် အမျိုးသားနေ့ အမှတ်တရ)

No comments: