Sunday, July 12, 2015

စင်္ကာပူ၌ ဈေးဝယ်ခြင်း


ပြီးခဲ့တဲ့ … ဧပြီ - မေ နှစ်လတိတိ စင်္ကာပူကျွန်းကလေးမှာ ခိုနားခဲ့စဉ်ကပေါ့။ ကျမတို့ အိမ်နားမှာ North Bridge Market ဆိုတဲ့ wet market လေးတခုရှိပါတယ်။ ရန်ကုန်မှာ ကျမသွားနေကျ ကျောက်မြောင်းဈေးသာသာပါပဲ။ ဒါပေမဲ့ ဈေးအနားမှာ စားသောက်တန်းရှိတယ်။ ဈေးဝယ်မယ့် မနက်ဆို ကျမတို့ နှစ်ယောက် စားသောက်တန်းမှာ အီကြာကွေးနဲ့ လက်ဘက်ရည်နဲ့ ဖြစ်ဖြစ်၊ မတ်ပဲကြော်နဲ့ လက်ဘက်ရည်ဖြစ်ဖြစ် စားပြီးမှ ဈေးဝယ်တယ်။ တခါတလေတော့လည်း နောက်ကျရင် မရနိုင်တော့တဲ့ အသား ငါး ပုဇွန်လိုမျိုးကို အရင်ဝယ်ပြီးမှ မနက်စာ အေးအေးဆေးဆေး စားသောက်ပြီး ဈေးဆက်ဝယ်ကြတယ်။ 


မနက်စာကို အီကြာကွေးတချောင်း ပြား ၇၀၊ လက်ဘက်ရည်တခွက် တကျပ်လောက် ပေးရတာမို့ မြန်မာပြည် ဈေးနဲ့ဆိုရင် ဈေးကြီးတယ် ဆိုနိုင်ပေမဲ့ သူ့နိုင်ငံရဲ့ ဝင်ငွေအနေအထားနဲ့ ဆိုရင်တော့ ဈေးကြီးတယ် မဆိုသာပါဘူး။ ဝင်ငွေမရှိတဲ့ ကိုယ့်မှာသာ စားရတာ မြိုမကျတာ။ ထားပါတော့ … ။ အဲဒီဈေးကလေးကို တပတ်တခါ သို့မဟုတ်  နှစ်ခါလောက် ရောက်ဖြစ်ပါတယ်။ ဝက်သား၊ ကြက်သား၊ ငါး၊ ပုဇွန် လတ်လတ်ဆတ်ဆတ် ရတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဘုရားပန်း၊ ကုန်ခြောက် စသဖြင့် လိုအပ်တာ အကုန်နီးပါး ရနိုင်တဲ့ ဈေးလေးပါ။ ဈေးသည်တွေကတော့ စလုံးတရုတ်လူမျိုးတွေ များပါတယ်။ 

ငါး ပုစွန် ရောင်းတဲ့ တရုတ်ကြီးဆိုရင် marketing အတော်ကောင်းတယ်။ တရက် အကိုနဲ့ ကျမတို့ ဈေးသွားဝယ်တဲ့ နေ့က သင်္ကြန်မတိုင်မီ တရက်အလိုမို့ သူက နက်ဖြန် နင်တို့လာရင် ငါ ရေလောင်းမယ်လို့ ပြောတယ်။ ကျမတို့ပုံစံ ကြည့်ပြီး မြန်မာမှန်း တန်းသိတာပဲ။ ချစ်တယ် ချစ်တယ် I love you ဆိုပြီး အမြဲနောက်တယ်။ သူက မြန်မာစကားလည်း အတော်အသင့် သိနေပါတယ်။ သူ့ဆိုင်မှာ ပုစွန်တွေ လတ်လို့ အမြဲဝယ်ဖြစ်တယ်။ ဈေးဝယ်သူ ဘယ်သူနဲ့မဆို ရယ်ရယ်မောမောနဲ့ ပြောဆို ရောင်းလေ့ရှိတဲ့အပြင် ဈေးဆစ်လို့လည်း ရတော့ သူ့ဆိုင်မှာ တန်းစီဝယ်ရတယ်။ ကြက်ဥဆိုင်က အန်ကယ်ကြီးကတော့ မြန်မာလို ကြက်ဥလို့ ကောင်းကောင်း ပြောတတ်တယ်။ ဆေးဘဲဥ နဲ့ ဆားဘဲဥကို သိပ်မကွဲလို့ ကျမက ပြန်သင်ပေးခဲ့ရသေးတယ်။ 

အရှေ့ဘက်တန်းမှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့ တရုတ်အဘွားကြီးကတော့ တရုတ်လိုပဲ ပြောတတ်ရှာတယ်။ one two three တောင် အင်္ဂလိပ်လို မပြောတတ်တော့ သူ့ဆီမှာ ဝယ်ရင် သူက လက်ချောင်းလေးတွေ ထောင်ပြပြီး ကျသင့်ငွေကို ပြောရတယ်။ အလယ်တန်းက အရွယ်ခပ်လတ်လတ် တရုတ်မလေးကတော့ ဘောင်းဘီတိုလေးဝတ်ပြီး သွက်သွက်လက်လက် နဲ့ ရောင်းလေ့ရှိတယ်။ သူကတော့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံ နိုင်ပါတယ်။ အဘွားကြီးဆိုင်က ဈေးချိုပေမဲ့ တရုတ်လို ကိုယ်ကမတတ်တော့ ဘောင်းဘီတို မလေးဆိုင်မှာ ဝယ်ဖြစ်တာ များတယ်။ သူက နှုတ်စရွှင်ရွှင် အပြုံးစလွင်လွင်နဲ့ဆိုတော့ သူ့ဆိုင်က လူစည်တယ်။

တရက်တော့ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီးမှ စပါးလင်နဲ့ နံနံပင် ကျန်သေးတာ သတိရပြီး အဲဒီဆိုင် ပြန်လှည့်ပါတယ်။ အကိုကတော့ ခပ်လှမ်းလှမ်း ရောက်နေပြီ။ ဖြစ်ချင်တော့ စပါးလင်ထားတဲ့နေရာက ဟိုးအပေါ်ဘက်မှာမို့ မမီဘူး။ ဒါနဲ့ ဘောင်းဘီတို တရုတ်မလေးကို ကျမက ... 

“Can I have lemon grass and coriander leaves, please?” လို့ ပြောတော့ သူက ကျမကို သေချာကြည့်ပြီး တလုံးထဲ ဖြေတယ်။

“NO!”

ဟင် …

ကျမစိတ်ထဲကလည်း တလုံးထဲ ပြန်ရွတ်မိတယ်။ စပါးလင်လည်း မြင်နေပါရက်နဲ့ သူက အဲဒီလို ဖြေတော့ ဟောဟိုမှာလေ လမ်မန်ဂရက်စ် ဆိုတာ လို့ စောဒက ထပ်မတက်ဖြစ်တော့ဘူး။ သူမသိလို့ပဲ နေမှာပါလို့တွေးပြီး ပြောရမှာ အားနာတာနဲ့ ဆက်ထွက်ခဲ့တယ်။ အကိုက “မေဘာလိုချင်လို့လဲ … မရခဲ့ဘူးလား” ဆိုတော့မှ “အကိုရေ စပါးလင်နဲ့ နံနံပင်ပါ။ သူ့ဆိုင်မှာတော့ ရှိတယ်၊ ဒါပေမဲ့ တခြားဆိုင်မှာပဲ ဝယ်ကြရအောင် တရုတ်မလေးကို အားနာလို့” … လို့ ပြောတော့ အကိုက ရယ်ပါတယ်။ နောက်တဆိုင်ရောက်တော့ အကိုက စပါးလင်နဲ့ နံနံပင်ကို လက်ညှိုးထိုးပြီး …

“This one and this one” လို့ ပြောပြီး လွယ်လွယ်ကူကူပဲ ဝယ်ခဲ့လိုက်တယ်။
အင်း သူဟာနဲ့သူတော့ ဟုတ်နေသားပဲ။ 
***
တကယ်တမ်း ကျမကလည်း အင်္ဂလိပ်လို သိပ်တတ်လှလို့ရယ်တော့ မဟုတ်ပါဘူး။ ဘိလပ်မှာ ၅ နှစ်တိတိ ဦးရီးတော်ရဲ့ ထရိန်နင်ဆင်းလာတဲ့ သူမို့ ဈေးဝယ်ရင် အဲဒီလိုတွေ အလိုလို ပြောဖြစ်နေခဲ့တာပါ။ ဘိလပ်ရောက်ခါစ ဈေးသွားကြတော့ ဈေးဝယ်တဲ့ ကျောပိုးအိတ်ကလေး ကျောမှာပိုးပြီး ဦးရီးတော်နောက်က လိုက်ရတာပေါ့။ ဦးရီးတော်က တဆိုင် နှစ်ဆိုင် ဝယ်ပြတယ်၊ အသုံးအနှုန်းတွေ ပြောပြတယ်။ ပေါင်စေ့၊ ပြားစေ့၊ ပဲနိစေ့ စတဲ့ ငွေအကြွေအစေ့တွေ ပေးပြီး မှတ်မိအောင် ကြည့်ခိုင်းတယ်။ နောက်ဆိုင်တွေကျတော့ ကျမတယောက်ထဲ ဝယ်ခိုင်းပြီး သူက ခပ်လှမ်းလှမ်းက ကြည့်နေတယ်။ ဈေးဝယ်တဲ့အခါ ယဉ်ကျေးတဲ့ စကားလုံး သုံးနှုန်းတတ်ဖို့၊ please ထည့်ပြောဖို့၊ thank you ပြောတာ မပျင်းဖို့ မသိမသာရော သိသိသာသာပါ သင်ပေးခဲ့ပါတယ်။

အင်္ဂလန်မှာ ဈေးဝယ်သူတိုင်း အဲဒီလိုတွေ ပြောနေကြတာတော့ မဟုတ်ပါဘူး။ တချို့လည်း this one, that one နဲ့ ဝယ်နေကြတာပါပဲ။ ကျမကတော့ ဦးရီးတော်ကို ကြောက်ကြောက်နဲ့ သူနဲ့ နေခဲ့စဉ်တလျှောက်လုံး အဲဒီလို ပြောဆို ဝယ်ခြမ်းလာခဲ့တော့ စင်္ကာပူလို အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်လဲရောက်ရော တတ်သည့်ပညာ မနေသာဆိုသလို အဲဒီလိုတွေ သုံးနှုန်းနေမိတာပါ။


တခါတော့ အိမ်နားက Golden Mile Complex ဆိုတဲ့ ထိုင်းဈေးထဲက city mart လို ဆိုင်မှာ ငါးသွားဝယ်ကြပြန်ပါတယ်။ Golden Mile ကတော့ ခုနက wet market ထက်စာရင် အဆင့်မြင့်တယ် ဆိုရမှာပေါ့။ ငါးအရောင်းကောင်တာက ကောင်လေးကို အရွယ်အသင့်အတင့် ငါးတကောင် ချိန်ခိုင်းပြီး အကြေးထိုးခိုင်း ခုတ်ခိုင်းဖို့ ကျမက ခုလို ပြောလိုက်မိပြန်တယ်။ နေးတစ်စပီကာ သံတော့ မဟုတ်ဖူးပေါ့။ မြန်မာပီပီ ငပိသံ ခပ်လေးလေးနဲ့ တလုံးချင်းပြောလိုက်တယ်။

“Could you please scales off and cut it for me?”

ငင် … သူက ကျမကို ခပ်စိန်းစိန်းကြီး ပြန်ကြည့်တယ်။ ဒီတခါတော့ အကိုက အနားမှာရှိနေတာမို့ … …

“မေ အသာနေ ကို ပြောမယ်” ဆိုပြီး ...

Ah .. this one … cut and clean … ok?

Ok Ok

ဆိုပြီးတော့မှ ငါးကို အကြေးထိုးပြီး ခုတ်ပေးပါတော့တယ်။ နောက်ပိုင်းတော့ ဈေးဝယ်တဲ့အခါတိုင်း ကျမလည်း လူတတ်ကြီးလုပ်ပြီး ဘာဘာညာညာ ပြောဆို မဝယ်မခြမ်းတော့ဘဲ အကို့နောက်က ခပ်ကုပ်ကုပ်သာ လိုက်ခဲ့ရပါတော့တယ်။
***
မေဓာဝီ
၁၂၊ ဇူလိုင်၊ ၂၀၁၅
၁၇း၂၉ နာရီ

~ စင်္ကာပူ ဈေးဝယ်နေ့များ အမှတ်တရ ~

4 comments:

Maung Myo said...

အစ်မ ပါသာ ဘိလပ်မှာ ငါးနှစ်မကလို့ ဆယ်နှစ်ပဲနေနေ ဒီနေရာမှာတော့ အစ်မ ၊ အစ်ကို့ကို လုံးဝမကျော်နိုင်ဘူးးး)


ဟိဟိ နေ့လည်ကတည်းက တအားရယ်နေတာ ခု ထမင်းစားရင်တစ်ယောက်တည်း အကျယ်ကြီး အော်ရယ်နေပြန်

This one and this one

cut and clean

:)

မိုးဦးစံပယ် said...

မမေရဲ့ ပိုစ့်ကိုဖတ်ပြီး မိုးဦးလဲ This one, That one နဲ့ ဖုကော့မှာ စားခဲ့ရတဲ့ နေ့လည်စာတွေကို ပြန်သတိရသွားတယ်။ အဲတုံးက တော့ တော်တော်ကိုမပျော်တာ။ ခုတော့ ပြန်တွေးမိရင်ပြုံးစရာလေးတွေဖြစ်သွားပြီ။

Win Zone said...

ရှိတာကို လက်ညှိုးထိုးဝယ်လို့ရပေမဲ့
မရှိတာ ရှာခိုင်းဖို့က စလုံးမှာ တော်တော်ခက်တယ်
this one, that one ကအဆင်မပြေတော့ဘူး
တခါတလေဆို ဖုန်းလေးနဲ့ ဂူဂဲက ပုံပြပြီး မေးရတယ် :D

Ma Tint said...

mother language ကွဲပြားတဲ့နေရာတွေမှာ body language ကိုအသုံးပြုခဲ့ပေါင်းများပြီ မမေရေ...
မမေတို့ဈေးဝယ်တာလေးဖတ်ပြီး သဘောကျတယ် စကားမစပ် ပြန်မလာသေးဘူးလား ?