Wednesday, February 06, 2013

ဆုံတွေ့ကြတဲ့အခါ ...

ဒီကဗျာလေးကို ရေးခဲ့တုန်းက အိမ်ရဲ့အဝေးမှာ ရောက်နေချိန်ပေါ့ ... ။ မိတ်ဆွေတယောက်ရဲ့ ဘလော့က ကဗျာတပုဒ်ကို အကြောင်းပြုလို့ ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်သူ တယောက်ရဲ့ တမ်းချင်းပဲဆိုဆို ... ငိုချင်းပဲပြောပြော ... ဘ၀အမောတွေကြားမှာ အိမ်ကိုသာ အမြဲ သတိရနေခဲ့တယ်။ အဲဒီအချိန်က "အိမ်ပြန်ချင်တယ်" လို့ ဆိုမိရင် ... မိသားစုကြားမှာ အမှားတွေ ကျူးလွန်ထားမိသူ တယောက်ပမာ သိမ်ငယ်စွာ ခံစားခဲ့ရပါတယ်။ တကယ်လဲ အမှားတွေ ကျူးလွန်ခဲ့မိတယ်လေ ... ။ ဒီလိုနဲ့ အိမ်အပြန်ခက်တဲ့ ရက်တွေမှာ စိတ်ဖြေစရာ ကဗျာတွေ သီဖွဲ့ရင်း လွတ်လပ်ခြင်းကို ကဗျာတွေထဲမှာပဲ ရှာဖွေခဲ့ရတယ် ... ။
 
မနေ့က ကွန်ပျူတာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ရှင်းရင်း ဒီကဗျာလေးကို တွေ့တော့ အဲဒီတုန်းက ခံစားချက်တွေ ပြန်သတိရမိတယ်။ လူတယောက်ထဲပေမယ့် နေရာ, ဌာန, အချိန်, ကာလက ဒီလူရဲ့ စိတ်ဓာတ်ကို အများကြီး ပြောင်းလဲစေတတ်တယ်ဆိုတာ တွေးမိရင်း အိမ်ရဲ့ အဝေးမှာတုန်းက မတင်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ... အိမ်ပြန်ရောက်ချိန်မှာ တင်လိုက်ပါတယ်။ တကယ်တမ်း အိမ်ပြန်ရောက်ချိန်မှာတော့ များပြားလှတဲ့ တာဝန် ၀တ္တရားတွေကြားမှာ မအားလပ်တဲ့အတွက် ကဗျာထဲမှာ ဆိုထားသလို ကာရန်ညီ ကဗျာတွေ မသီဖွဲ့နိုင်သေးပါဘူး။ ဒါပေမဲ့ တချိန်ချိန်တော့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်တာပဲ မဟုတ်လား ... ။
***
ဆုံတွေ့ကြတဲ့အခါ ...
 

ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံ ငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ ... နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကို ဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား ... လို့ ... ။

ဒီရေလှိုင်း အကျမှာ
အိမ်ပြန်ရလေမလား ...
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား ...
စဉ်းစားရင်း မောလျ
သောကညရဲ့ အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက် ပြန်ခဲ့ပါရစေ ... ။

ဆုံတွေ့ကြတဲ့အခါ ...
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့မယ်လေ ... ။ ... ။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၁၁

11 comments:

သောကြာမေ said...

သိပ်ကြိုက်ပါတယ်...မေဓာ။

ညီလင်းသစ် said...

“လမင်းအကြွေကိုကောက်၊ အိမ်အရောက် ပြန်ခဲ့ပါရစေ..” တဲ့လား...၊

ကဗျာလေး တစ်ပုဒ်လုံးက အိမ်ကို သတိရ၊ တမ်းတခြင်း တွေနဲ့ ပြည့်လို့ပါပဲ မမေရေ...၊ ကိုယ်က ကြိုတွေးပြီး စိတ်ကူးယဉ်ထားတဲ့ အခြေအနေတစ်ရပ်ကို တကယ့် လက်တွေ့မှာ နေထိုင်ရှင်သန်ခွင့်လည်း ရရော တစ်ထပ်တည်း ကျမနေတဲ့ အဖြစ်တွေ ကျနော်လည်း ကြုံဖူးတယ်၊ တခါတလေမှာ အီလည်လည်...၊ တခါတလေတော့လည်း ပြုံးချင်စရာ...၊း)

ကာရန်ညီသော ကဗျာတွေ ဖွဲ့သီနိုင်မယ့် အချိန်တွေ အမြန်ဆုံး ရောက်လာပါစေ မမေရေ...။

Ma Tint said...

အိမ်လွမ်းကဗျာလေး ဖတ်သွားပြီ မမေရေ။ အချိန်အခါနဲ့ နေရာဒေသပေါ်မှီပြီး ခံစားချက်ကလေးတော့ ပြောင်းသွားမှာအသေအချာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သစ်နက်ဆူး said...

ညီမမေ
ကဗျာ အရမ်းကောင်းတယ်..
ဘက်စုံဘဲ...။

Anonymous said...

Ma May Dar Wi,
I have seen this one on Ko Harry Lwin's blog since 2011. This poem responded to the one Ko Harry wrote. I even like this one better than Ko Harry's version. I, however, am confused with the poet. When I saw this on his blog, it was written by "Khin Khin." I was able to walk through Khin Khin's blog at that time. Her blog did not have a lot of posts or poems. It was just few stuff. Is "Khin Khin" your another pen name?
Yin

မေဓာဝီ said...

(မ)သောကြာမေ ... အမြဲအားပေးတာ ကျေးဇူးပါရှင်။

ဟုတ်တယ် ... ကိုညီလင်း ... အိမ်ကို သတိရတဲ့အချိန်မှာ ရေးခဲ့တာမို့ ကဗျာတပုဒ်လုံးက သတိရခြင်းတွေ ပြည့်နေခဲ့တယ် ... ။ မမေလဲ အခု အီလည်လည်နဲ့ ပြုံးနေရပေါ့ :) ဆုတောင်းပေးတာ ကျေးဇူးပါ။

တီတင့် ... စာလာဖတ်တဲ့အတွက်ရယ် ဆုတောင်းပေးတဲ့အတွက်ရယ် ကျေးဇူးတင်ပါတယ်နော်။ တီတင့်အိမ် လာဖြစ်အောင်လဲ ကြိုးစားပါအုံးမယ်။

ကိုဆူး ... ညီမမေက ဘက်မစုံပါ၊ ကိုဆူးကသာ ပိုပြီး ဘက်စုံပါတယ်နော်။ :)

Yin ... ဟုတ်ပါတယ်။ ဒီကဗျာလေးက ဦးဟယ်ရီရဲ့ တိမ်လှိုင်းတို့ရဲ့ဝှက်ဖဲ ကဗျာကို ကွန်မန့်ထဲမှာ ပြန်ရေးခဲ့တဲ့ ကဗျာပါ။ ဦးဟယ်ရီရဲ့ ကဗျာထဲမှာ "ခင်ခင်" လို့ ခေါ်ပြီး ရေးထားလို့ ကျမက စ-ချင်တာနဲ့ "ခင်ခင်" နာမည်နဲ့ ပြန်ရေးခဲ့တယ်။ ဒါပေမဲ့ ကျမရေးတယ်ဆိုတာ ဦးဟယ်ရီ သိပါတယ်။ ကျမက အဲဒီလိုပဲ ရေးနေကျပါ။ ခင်ခင်ဆိုတာ ကျမရဲ့ ကလောင်ခွဲ မဟုတ်ပါဘူး။ ကဗျာကို နှစ်သက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

Thank you Ma May Dar for your explanation. This poem is one of my favorite ones.
Regards,
Yin

san htun said...

ကဗျာလေးက အိမ်လွမ်းနေသူကို ပိုလို့ လွမ်းစေတယ်..မမေက ကဗျာလည်း ရေးကောင်း...

ညိမ်းနိုင် said...

အိမ်လွမ်းသူအဝေးရောက်တွေရဲ့ ရင်ကို တည့်တည့်မှန်
စေတဲ့ကဗျာလေး.....၊

ဟန်ကြည် said...

မမေကမှ သည်ကြားထဲမှာ အိမ်ကို တစ်ခေါက်တစ်ကျင်း ပြန်ဖြစ်သေးတယ်...ကျွန်တော်တော့ ပြန်မရောက်ဖြစ်တာ ဆယ်နှစ်တောင်ရှိပါပကောလား...ကိုယ့်ခံယူချက်နဲ့ကိုယ် ဖောက်ခဲ့တဲ့တံခါးကနေ လျှောက်ခဲ့တဲ့လမ်း မဖြောင့်ဖြူးသမျှတော့ နောက်ပြန်မလှည့်ရဲတဲ့ သတ္တိနည်းမှုတွေကြောင့်ပေါ့လေ...

ဘာပဲဖြစ်ဖြစ် သည်တစ်နွေတော့ အိမ်ပြန်ဖြစ်ဖို့ သေချာပါပြီ... ကဗျာကို အခုလို အိမ်ပြန်ဖို့ စိတ်ပိုင်းဖြတ်ပြီးမှ ဖတ်ရတာ တော်သေးတယ်...အရင်ကဆို ကိုငှက်ရဲ့ အမေ့အိမ်သီချင်းတောင် နားမထောင်ရဲတဲ့အထိ...

မောင်မျိုး said...

လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကို ဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ


ကျနော်လည်း အဲ့လိုဖြစ်နေတယ် အစ်မရေ

သတိရတယ် နေကောင်းတယ်ဟုတ် ။