Saturday, February 02, 2013

မျက်ဝန်းမှာမိုး ... ရင်မှာနွေ ...

***
အဲဒီညက ၀ိုင်အမ်စီအေမှာ ချက်စ်ထိုးပြီးအပြန် ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင် ထိုင်ကြတော့ ဦးလ၀န်းအောင်က သူ ခေါင်းစဉ်လေးတခု ရထားတယ် သီချင်းရေးရင် ကောင်းမလား ဆိုပြီး အဖေ့ကို ပြောတယ် …
သူ့ခေါင်းစဉ်လေးက … မျက်ဝန်းမှာ မိုး … ရင်မှာ နွေ … တဲ့

အဲဒီနာမည်လေးကြားလိုက်တော့ အဖေ့စိတ်ထဲ သိပ်သဘောကျသွားတာပဲ၊ ဒါနဲ့ ခင်ဗျား မရေးရသေးရင် ကျနော် ကဗျာရေးမယ်ဗျာလို့ ပြောပြီး အဲဒီည အိမ်ပြန်ရောက်တော့ ညတွင်းချင်း ကဗျာတပုဒ် ရေးလိုက်တာ ပြီးသွားရော …

တနေ့လည်ခင်း အဖေနဲ့ စကားပြောဖြစ်တော့ အဖေက သူ့ကဗျာလေး စတင်ဖြစ်တည်ခြင်း အကြောင်း ကျမကို ပြောပြတယ်။ အဲဒီအကြောင်း အဖေခဏခဏ ပြောပြဖူးလို့ သိနေပေမဲ့ ထပ်နားထောင်ချင်လို့ ကျမက စပြီး မေးခဲ့တာပါ။ ဒီလိုပဲ အဖေ့ဆီက ရှေးဟောင်း နှောင်းဖြစ်လေးတွေကို အပ်ကြောင်းထပ်အောင် ကျမက မေးနေကျ၊ ကျမမေးတိုင်းလဲ အဖေက မညည်းမညူ ပြောပြနေကျ။

“နောက်တနေ့ မနက် အပြင်သွားရင်း ကြုံလို့ သူ့အိမ်ဝင်တော့ သူကမရှိဘူး၊ သူ့မိန်းမပဲ ရှိတယ် … အဖေကလဲ ညက ကဗျာအကြမ်းရေးထားတဲ့ စာရွက် ပါမသွားဘူး၊ ဒါနဲ့ သူ့မိန်းမကို စာရွက်တရွက်တောင်းပြီး ကဗျာလေး ပြန်ချရေးပေးခဲ့တယ်”

ဥတုသုံးလီ၊ ရာသီနွေလ
မိုးမှ တဖန်၊ ဆောင်းရောက်ပြန် …

အစချီတဲ့ ကဗျာလေးကို ကျမစိတ်ထဲက ရွတ်ဆိုနေမိတယ်။

“ဦးလ၀န်းအောင်က ကဗျာကို ဖတ်ကြည့်ပြီး ကြိုက်တာနဲ့ သူ သံစဉ်သွင်းမယ်ဆိုပြီး ဧည့်ခန်းက စန္ဒယားခုံအနားမှာ စာရွက်လေးကို ချိတ်ထားသတဲ့ …”

တရက်တော့ သူ့အိမ်ကို ဂီတစာဆို ကျောက်ကုန်းကိုကိုကြီး ရောက်လာတယ်၊ သူက အိမ်သာတက်နေလို့ ဧည့်ခန်းမှာ ထိုင်စောင့်ရင်း ချိတ်ထားတဲ့ ကဗျာစာရွက်ကလေးကို မြင်သွားပါလေရော …”

အဲဒီနေရာရောက်တိုင်း ကျမ ရင်တွေခုန်လာပြီး အသက်ရှူသံတွေ မြန်လာတယ်၊ ဘာလို့ မြင်မြင်ထင်ထင် ချိတ်ထားတာလဲ … စိတ်ထဲက ဦးလ၀န်းအောင်ကို အပြစ်တင်ချင်သလိုလို … အားမလို အားမရ ဖြစ်သလိုလို။

“ကျောက်ကုန်းကိုကိုကြီးက ချိတ်ထားတဲ့ ကဗျာစာရွက်လေး ဖြုတ်ဖတ်ကြည့်ပြီး သဘောကျလို့ ဦးလ၀န်းအောင်လဲ ထွက်လာရော သူ့ကိုပေးဖို့ တောင်းသတဲ့ … ဦးလ၀န်းအောင်ကလဲ ယူသွားလို့ဆိုပြီး မဆိုင်းမတွ ပေးလိုက်တယ် …”

ကျမရင်ထဲ ဟာသွားတယ်။ သိပြီးသား အကြောင်းအရာပေမဲ့ နားထောင်တိုင်း စိတ်ထဲ စနိုးစနောင့် ဖြစ်နေကျ … ။ လွယ်လိုက်တာ ... ။

ဖန်ဖန်ရွေ့လျော၊ ဒီသဘောနှင့်
သဘာဝတ္ထ၊ နိယာမကို
သိကြမြင်ရှု၊ ရတုအညီ
တခုစီ …

အဖေပြောသမျှ မျက်စိထဲမှာ ပုံဖော်မြင်ယောင်ရင်း ကဗျာအပိုင်းအစလေးက ခေါင်းထဲရောက်လာပြန်တယ်။

“အဲဒီကဗျာလေးကို ကျောက်ကုန်းကိုကိုကြီးက စန္ဒယားမြတ်လင်းဆီ အပ်ပြီး သံစဉ်သွင်းလိုက်တော့ သီချင်းတပုဒ် ဖြစ်သွားရော ဆိုပါတော့။ အဲ … ဒါပေမဲ့ သူတို့က အဖေ့ကဗျာ စာသားတွေကို ပြင်ကြသေးတာ …။ ရတုအညီ ဆိုတာကို ဥတုအညီဆိုပြီး ပြင်လို့ အဖေ မနည်းပြန်ပြောရတယ် … သူတို့က ရတုဆိုတာနဲ့ ရတုကဗျာလို့ပဲ ထင်နေတာလေ … ။  နောက်ပြီး သဘာဝတ္ထနိယာမ ဆိုတာကိုလဲ သဘာဝ နိယာမလို့ ပြင်ဆိုတယ်၊ အဲဒါကိုတော့ ပြောမနေတော့ပါဘူး …”

ဝေါဟာရမကြွယ် နားမလည်သူတွေ အလယ်မှာ အဖေ့ ကဗျာလေးက အမြီးနုတ် ခေါင်းနုတ် ရုပ်ပျက် ဆင်းပျက်များ ဖြစ်သွားသလား … ကျမ နှမြောနေမိတယ်။

“အဲဒီသီချင်းကို ဆိုင်းဝိုင်းကြီးနဲ့ တီးပြီး တက္ကသိုလ်နီနီမာက ဆိုတယ် … တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ၊ နောက်တော့ ရေဒီယိုမှာ အသံလွှင့်တယ်လေ …”

ဒီလောက်ထိ ဆိုရင်တော့ အဖေ့ကဗျာလေးရဲ့ အောင်မြင်မှုက ၀မ်းသာစရာပေါ့။ ဒါပေမဲ့ … ကျမက အဆုံးသတ်ကို သိနေတာမို့ ဘယ်ဝမ်းသာလို့ ရပါ့မလဲ။

“ဦးလ၀န်းအောင်က ပြောတယ် ခင်ဗျား ကဗျာ အသံသွင်းပြီးသွားပြီ၊ ရေဒီယိုမှာ ဘယ်နေ့လာမယ် … ဆိုတော့ အဖေတို့ စောင့်နားထောင်ကြတာပေါ့ ရေဒီယိုက အသံလွှင့်တော့ ရေးသူက … ဂီတစာဆို ကျောက်ကုန်းကိုကိုကြီး … တဲ့လေ …”

သိပြီးသား အဆုံးသတ်ပေမဲ့ ထပ်ကြားရတော့လဲ ရင်ထဲက မခံနိုင်ပြန်ဘူး။ ကြားရတာ ခါးသီးလွန်းတယ်။ အဖေက ဘာမှ မပြောဘူးလား … အဖေက ဒီတိုင်း ငြိမ်နေရလား … ဦးလ၀န်းအောင်ကရော … သူ့ကဗျာမဟုတ်တိုင်း … မချင့်မရဲနဲ့ ကျမ ... ရင်ထဲမှာ ပူလို့ … ။

ဖြစ်-တည်-ပျက်-ချုပ်
မဆုတ်မနစ်၊ အသစ်သစ်မို့
နှစ်သက်စဖွယ်၊ မြတ်နိုးဖွယ် … ။
***
တကယ်တော့ ကိုယ့်ချစ်သူကို တခြားလူ အလစ်သုတ်တာ ခံလိုက်ရတာပဲ။ ဒီအကြောင်း နားထောင်တိုင်း ကျမက အဲဒီလို အမြဲတွေးမိတယ်။

“ပိုဆိုးတာက ကျောက်ကုန်းကိုကိုကြီးက အင်တာဗျူးတခုမှ ဖြေသွားတာ … အဲဒီသီချင်းဟာ သူ့တသက်တာမှာ အပင်ပန်းဆုံး ရေးခဲ့ရတဲ့ သီချင်း … တဲ့ …”

အဖေက စကားကို အဆုံးသတ်လိုက်ပေမဲ့ ကျမက အတွေးတွေကို အဆုံးမသတ်နိုင်ခဲ့ဘူး။ အဖေက ပြဿနာမရှာချင် ... ခပ်အေးအေးနေချင်တာကြောင့်လား၊ ကိုယ့်ကဗျာလေး သီချင်းအဖြစ် နားထောင်ရတာကိုပဲ ကျေနပ်နေတာလား၊ သူက နာမည်ရှိသူ ကိုယ်က နာမည်မရှိသူမို့ မယှဉ်ပြိုင်ချင်တဲ့ သဘောလား … ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ကို အားမရခဲ့တာတော့ အမှန်ပါ။

မတည်ယိုယွင်း၊ မိုးတွင်းနှင်းဝေ
ခါနွေချမ်းခိုက်၊ ဆောင်းပူအိုက်သော်
အလိုက်အထိုက်၊ ရင်မှာပိုက်ကာ
ပျော်လိုက်မယ် …။

အလိုက်အထိုက်ဆိုတာ နေရာတကာတော့ မကောင်းဘူး မဟုတ်လား အဖေ … ။
***
“ရာသီဥတုတွေ မှန်နေရင် ပျော်စရာကောင်းသလို ရာသီဥတုတွေ ဖောက်ပြန်လို့ မိုးတွင်းနှင်းကျ နွေခါမှာ ချမ်းအေးနေရင်တောင် အလိုက်အထိုက် နေနိုင်ရင် ကျေနပ်စရာပဲ … ဒါပေမဲ့ … နေပူတဲ့ တချိန်ထဲမှာ မိုးက ရွာပြီး မုန်တိုင်းကလဲ ထန်နေတယ် … အဲဒီလို လောကဓံမျိုးကို တပြိုင်ထဲ ကြုံလာရတော့ ခံနိုင်ရည် မရှိဘူးပေါ့ …”

အဖေက ကဗျာအကြောင်းလေး ဆက်ရှင်းပြတယ်။ မျက်စိကို မှိတ်ထားပြီး အဖေ့စကား နားထောင်နေရင်း မုန်တိုင်းကြားက ချစ်သူနှစ်ဦးပုံရိပ်ကို မြင်ယောင်နေမိတယ်။

ရာသီနွေလ၊ ပူပြင်းစ၀ယ်
မိုးကမစဲ၊ တသဲသဲနှင့်
ဖက်တွဲတူယှဉ်၊ မုန်တိုင်းဆင်သော်
ကြင်သူနှင့်လွဲ၊ အသည်းတွေကြွေ … ။
 
".... ဒါပေမဲ့ ... ၀တ္ထုတပုဒ်ပဲ ဖြစ်ဖြစ်၊ ဇာတ်ကားတကားပဲ ဖြစ်ဖြစ် ... ခင်း - ခက် - ဖြေ ဆိုတာ ရှိတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် အဖြေလဲ ရှိရမယ် မဟုတ်လား။ အဲဒီလိုပဲ အဖေ့ကဗျာမှာလဲ နောက်ဆုံးကျတော့ ...  ... "  

အဖေက သမားရိုးကျ သီဝရီကို ပြောပြတယ်။ တကယ့်လက်တွေ့ဘ၀မှာ အခက်အခဲတွေတိုင်းအတွက် မှန်ကန်တဲ့ အဖြေရှိပါ့မလား ... ကျမစဉ်းစားနေမိတယ်။
***
ဒီဇင်ဘာလလယ်လောက် ကတည်းက တွန်နေတဲ့ ဥသြသံကို သတိထားခဲ့မိတယ်။ သူတို့ နွေကို အကြိုစောလွန်းလှတယ် ... ။ နိုဝင်ဘာလက ဖေဖော်ဝါရီလအထိကို ဆောင်းရာသီလို့ သတ်မှတ်ထားပေမဲ့ ဇန်န၀ါရီလရဲ့ နောက်ဆုံးရက်တွေမှာလည်း မိုးသည်းသည်း ရွာခဲ့သေးတယ်။ အုံ့ဆိုင်း သည်းထန် ရွာခဲ့တဲ့ မိုးဒဏ်ကြောင့် သရက်ဖူးလေးတွေတောင် မြေပေါ်မှာ အတုံးအရုံး ပြန့်ကျဲလို့ ... ။ ဒီမနက် ကောင်းကင်ကို ကြည့်မိတော့ ဟိုတစ ဒီတစ လွင့်မျောနေတဲ့ ဖေဖော်ဝါရီ တိမ်တအုပ်က နေရောင်ခြည်ကြောင့် ပိုပြီး တောက်ပ ဖြူဆွတ်နေသလို ... ။ ပြောင်းလဲ နေတဲ့ ရာသီဥတုကြား ... နှလုံးသားက နေသားမကျနိုင်သေးဘူး။ 

နေပူမိုးရွာ၊ ဗျာပါဖိစီး
အခက်ကြီးကြုံနေ။
တွေမှိုင်ခွေယိုင်၊ ရေဆိုင်ဝဲသို့
အသည်းမခိုင်၊ ၀မ်းထဲမီးလောင်
မျက်တောင်ရေလွှမ်း၊ ဥတုဆန်းကြောင့်
ပင်ပန်းဆင်းရဲ၊ ချစ်ကံမွဲကို ...

ဝမ်းထဲမီးလောင် မျက်တောင်ရေလွှမ်း ... တဲ့။
ပင်ပန်းဆင်းရဲ ... ချစ်ကံမွဲ ... တဲ့။
အဖေသုံးထားတဲ့ စကားလုံးတွေကို အထပ်ထပ် ရွတ်ဆိုနေမိတယ်။ အချစ်ကံခေသူ ... အချစ်ကံမွဲသူမှာ ၀မ်းထဲမီးလောင် မျက်တောင်ရေလွှမ်း ရလောက်အောင် ပင်ပန်းဆင်းရဲ လွန်းလေသလား... ။
***
"သာယာအေးချမ်းတဲ့ ဆောင်းရာသီကာလဟာ သူတို့အတွက် မျှော်လင့်ချက် တခုပဲပေါ့ ... လောလောဆယ် ငိုကြွေးနေရပေမဲ့ အဲဒီအချိန်မှာ အတူတူလက်တွဲရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားခဲပြီး လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ ... အရှုံးမပေးဖို့ ... ... ... "

အားခဲကြံ့ခိုင်၊ အနိုင်မပေး
ရင်ဆိုင်တွေးလို့၊
ချမ်းအေး ဆောင်းလ၊ ရောက်လိုလှပြီ
ကြည်ဖြူလက်တွဲ၊ အမြဲမသွေ
နီးရမယ့်အခြေ ...
တသက်လွမ်းစရာမျိုး ဆင်လှာပေ
မျက်ဝန်းမှာ မိုး ... ရင်မှာ နွေ ... ။ ... ။

အမှန်ကို ဆိုရရင် အဖေပြောသလို ကျမ မတွေးမိဘူး။ ကဗျာမှာ ပေးချင်တာ ... မျှော်လင့်ချက်နဲ့ ကြံ့ကြံ့ခိုင်ဖို့ ဆိုတာထက် ... မျှော်လင့်ချက်မဲ့စွာ ... တသက်လုံးပဲ လွမ်းနေရမလို ... ရင်မှာပူလောင်ပြီး ငိုကြွေးနေရမလိုဘဲ ... လို့ ...  စိတ်ထဲ ခံစားမိတယ်။ ခေါင်းစဉ်ကိုက မျက်ဝန်းမှာမိုး ... ရင်မှာနွေ ... မဟုတ်လား။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ... အဖေက ကဗျာတပုဒ်လုံး သေချာ မမှတ်မိတော့ဘူး။ သီချင်းကတော့ သံစဉ်နဲ့မို့ နားစွဲပြီး မှတ်မိနေခဲ့တယ်။ မှတ်မိသလောက် ကဗျာရယ် သီချင်းရယ် ရောပြီး အဖေ ပြန်ပြောပြထားတာကို ကျမက လိုက်မှတ်ထားခဲ့တာပါ။ နည်းနည်းပါးပါး လွဲချင်လဲ လွဲနိုင်ပါတယ်။ အဖေနဲ့ ဒီကဗျာအကြောင်း ပြောဖြစ်တုန်းက ကျမက ဘိလပ်မှာ။ သာယာအေးချမ်းတဲ့ ဆောင်းကာလ လို့ အဖေကပြောတော့ ဥရောပရဲ့ ဆောင်းရာသီကို တွေးမိပြီး ကျမ ကျောချမ်းမိသေးတယ်။  
 
အခု ဒီစာကို အဆုံးသတ်ချိန်မှာတော့ မြန်မာပြည်ရဲ့ အမည်ခံ ဆောင်းရာသီ ကုန်လုပြီပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနှစ် ဆောင်းရာသီလေးက ကျမအတွက် အမှတ်တရတွေ အများကြီး သယ်ဆောင်လာခဲ့တယ်။ ဆောင်းတွင်းမှာ မိုးရွာလိုရွာ၊ နွေခေါင်ခေါင်လိုလဲ ပူလိုပူ ... မတည်မငြိမ် ဖောက်ပြန်လှချည်ရဲ့လို့ ရာသီဥတုကို အပြစ်တင်နေမိတဲ့ကျမ ကိုယ်တိုင်ကရော ဘယ်လောက် တည်ငြိမ်လို့လဲ ... ။ ကိုယ်ကိုယ်တိုင်ရဲ့ မတည်ငြိမ်ခြင်း ဖောက်ပြန်ခြင်းတွေကိုတော့ ... အမေ့မေ့ အလျော့လျော့နဲ့လေ ... ။
***
မေဓာဝီ
၃၊ ဖေဖော်ဝါရီ၊ ၂၀၁၃
၀၀း၅၅ နာရီ (မြန်မာစံတော်ချိန်)
 
(မှတ်ချက်။ ... ။ ကာယကံရှင်တွေကို အားနာသောအားဖြင့် အမည်များ အနည်းငယ်ပြောင်းလဲ ထားပါသည်။)

6 comments:

သစ်နက်ဆူး said...

ညီမမေ...
ညီမမေတို့  သားအဖရဲ့  စာပေ အနုပညာကို မချီးမွမ်းဘဲ မနေနိုင်ပါဘူး..
လေးစားပါတယ်..
အဖေ့လို လူက ရှားတယ်...။
ညီမမေက အဖေ့ အမွေ ရလိုက်တာကိုး...။

ဟန်ကြည် said...

အနုပညာသမားတစ်ယောက်အတွက် အခံစားရဆုံးအချက်က ဦးဏှောက်ကို ဖောက်ပြီး အစားခံရတာပဲ ဖြစ်မယ်ထင်တယ် မမေ...

ကိုယ့်သားသမီးကလေး သူများရင်ခွင်မှာ ကြီးပွားချမ်းသာနေတာမြင်ရလို့ ၀မ်းသာပေမယ့် ကိုယ့်သားလို့ ပြောခွင့်မသာလို့ ခံစားရတဲ့ မိဘတစ်ယောက်ရဲ့ ခံစားချက်နဲ့များထပ်တူကျနေမလားပဲ...

တကယ်တော့ အနုပညာသမားတစ်ယောက်ရဲ့ အတ္တဆိုတာ ကျန်တဲ့အတ္တတွေထက် ပိုကြီးပါတယ်လေ...

ဖတ်နေရင်းနဲ့ မျက်ဝန်းမှာမိုး ရင်ထဲမှာနွေဆိုတဲ့ စာသားလေးကို ရွတ်ကြည့်နေရင်း မမေရဲ့ အဖေကို လေးစားလိုက်တာ...

စကားမစပ်...မနေ့ညကဆောင်းတွင်းကြီးမှာ မိုးရွာလိုက်တာမှ တခြိမ်းခြိမ်းပဲ...

ညိမ်းနိုင် said...

အောင်မလေးဗျာ....အစ်မမေတစ်ယောက် ဘာလို့ ကဗျာ
အဖွဲ့အနွဲ့တွေ ဒီလောက်ကောင်းရသလဲဆိုတာ ခု အစ်မရဲ့
အဖေ့ကဗျာလေးဖတ်ရမှသိတော့သကိုး....၊ကဗျာလေးက
အဓိပ္ပာယ်လည်းရှိ၊ရွတ်လို့ဆိုလို့လည်းကောင်း...၊စကား
လုံးတွေကလည်း အားပါလိုက်တာ....၊

Anonymous said...

သြော်...အဲ့လိုလူတွေက ဟိုးးးးးးးးးပဝေသနီထဲကရှိနေတာကိုးးးး


မရှက်ကြဘူးနော်...
ကိုယ်တကယ်ရေးသလိုပြောထွက်တယ်.....
အမအဖေလဲတော်ထှာ့....
ညီမ

ညီလင်းသစ် said...

မမေ အဖေ့ကဗျာကို စန္ဒယားမြတ်လင်းဆီ အပ်ပြီး အသံသွင်းလိုက်ရလို့ သူ့တသက်တာမှာ အခက်ခဲဆုံး ရေးရတဲ့ သီချင်းဖြစ်သွားသတဲ့လား..၊ ဒီ ကျောက်ကုန်းကိုကိုကြီးဆိုသူက ဟုတ်တော့ နေပါပြီ၊း) ကျောကုန်းကိုကိုကြီးလို့ပဲ ပြောင်းခေါ်ဖို့ ကောင်းတော့တယ်၊ သူများ ကျောကုန်းပေါ်မှာ အခန့်သင့် လိုက်စီးချင်တဲ့လူ မို့လို့...၊

ကဗျာလေးကိုတော့ အရမ်းသဘောကျတယ်၊ စကားလုံးကော၊ အသံကော၊ တင်စားပုံကော.. အားပါ လိုက်တာ..၊ လက်ဆုပ်လက်ကိုင်နဲ့ ရော့..အင့် ဆိုပြီး ပေးလို့မရတဲ့ အဖေ့အမွေတစ်ခုကို ရလိုက်တဲ့ မမေက ကံကောင်းတာပေါ့..၊ ရေစီးရေလာ ကောင်းတဲ့ မြစ်တစ်စင်းကိုတွေ့တော့ ဒီမြစ်က ဘာဖြစ်လို့များ ဒီလောက်တောင် အရှိန်အဟုန်နဲ့ စီးရတာလဲလို့ စောကြောမိတယ်..၊ အဲ.. မြစ်ဖျားခံရာကို သိသွားမှပဲ အရာအားလုံးဟာ ခေါင်းထဲမှာ လင်းကနဲ...။း)

san htun said...

မမေ ဖေဖေရဲ့ ကဗျာလေးက ကောင်းလိုက်တာ...အခက်ခဲဆုံးသီချင်းတယ့်..ဗြောင်လိမ်တာ မရှက်ဖူးလား မသိဘူးနော်..