Monday, October 01, 2012

ကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁)

ကျမ ဒီကိုပြန်ရောက်ခါစ တရက် ကျောင်းကအပြန်လမ်းမှာ ဖုန်းဝင်လာပါတယ်။ ကျမ မောင်လေးရဲ့ ငယ်သူငယ်ချင်း ဆီကပါ။ သူက လန်ဒန်မှာနေတယ်၊ ဒီကိုရောက်နေတာ ၁၀ နှစ်လောက် ရှိပါပြီ။ သူက ကျမပြန်ရောက်နေတာသိလို့ ကျမအမကြီးရဲ့ ကျန်းမာရေး အခြေအနေမေးရင်း မြန်မာပြည်အကြောင်း စုံစမ်းတယ်။ ဘာတွေပြောင်းလဲ နေပြီလဲ … တဲ့။ မြန်မာပြည်ရဲ့ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတင်းတွေထဲမှာ ဖတ်နေရ ကြားနေရပေမဲ့ လတ်တလော ပြန်ရောက်လာတဲ့ ကျမဆီက သူသိချင်တယ်။

“ကျနော်လည်း ဒီဇင်ဘာလောက်ကျရင် မိသားစုနဲ့ သွားဖို့ စီစဉ်နေတယ် … အဲဒါကြောင့် အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာ … အမဆီလှမ်းမေးတာပါ …”

သူ့မှာ ဒီရောက်မှ မွေးတဲ့ သမီးတယောက် သားတယောက်ရှိတယ်၊ ကလေးတွေနဲ့ သွားမယ့် ခရီးမို့ သူက ပိုစိတ်ပူပုံ ရပါတယ်။ ဆောင်ရန် ရှောင်ရန်တွေ ကြိုတင် သိထားချင်ပါသတဲ့။ ကျမလည်း သူ့အမေးကို နားထောင်ရင်း စိတ်ထဲက တွေးနေမိတယ်။ ဘယ်က စ-ပြောရမလဲပေါ့ … ။

တွေးရင်းနဲ့ ချက်ချင်းသတိရသွားတယ်၊ ကျမနေခဲ့တဲ့ ၆-လ သက်တမ်းအတွင်း စိတ်ကသိကအောက် ခဏခဏဖြစ်ခဲ့ရတဲ့ ကိစ္စ။ “အင်း … ကလေးတွေနဲ့ သွားမှာဆိုရင် ပထမဆုံး သတိထားရမှာက အစားအသောက်ပဲ”
***
အစားအသောက်နဲ့ မြန်မာပြည်

ဒီနေရာမှာ အစားအသောက်တွေရဲ့ ဈေးနှုန်းကို အဓိကထားပြီး ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ကြုံလို့ပြောရရင်တော့ မြန်မာပြည်က စားသောက်ကုန်တွေရဲ့ တန်ဖိုးဟာ … ကမ္ဘာမှာ ကုန်ဈေးနှုန်း မြင့်မားလှပါတယ် ဆိုတဲ့ အင်္ဂလန်နဲ့ အတူတူ နီးပါးလောက် ဖြစ်နေတာ တွေ့ရတယ်။ တချို့ဆို ပိုတောင်မှ များနေပါသေးတယ်။ အဲဒါ ထားပါတော့ … ။ ပိုက်ဆံတတ်နိုင်ရင် ကုန်ဈေးနှုန်းက အကြောင်းမဟုတ်ဘူးဘဲ ထား … ။ အကြောင်းဟုတ်တာက … ။

တရက် … ဈေးထဲမှာ မုန်ညင်းစိမ်း လတ်လတ်ဆတ်ဆတ်လေးတွေ တွေ့လို့ ၀ယ်ခဲ့ပြီး ကျမအမကြီးအတွက် ကြေးအိုးလုပ်ပါတယ်။ ကြားဖူးနားဝ ရှိထားတဲ့ သတင်းစကားတွေအရ ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေးဖြန်းတယ်လို့ သိထားတာကြောင့် ၀ယ်လာတဲ့ မုန်ညင်းစိမ်းကို တော်ရိရော်ရိ ရေမဆေးဘဲ သေသေချာချာ ရေ ၅-ထပ် လောက်ဆေး၊ ဆားနဲ့စိမ်ထား ပြီးမှ ကြေးအိုးပြုတ်ရည်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ … စိတ်မကောင်းပါဘူး၊ သေချာ ပန်းကန်ထဲထည့်ပြင်ပြီး စားလိုက်တဲ့အခါ ကြေးအိုး ဟင်းရည်ဟာ မုန်ညင်းစိမ်းမှာပါတဲ့ ပိုးသတ်ဆေးနံ့ တထောင်းထောင်း ထနေတာကို ၀မ်းနည်းစွာ သိလိုက်ရတာပါပဲ။

နောက်တခု ကိုယ်တွေ့ကြုံရတာက ငှက်ပျောသီး။

ဈေးထဲက ငှက်ပျောသီးဆိုင်
ခြံထဲက မာလကာသီး
















ဘိလပ်မှာ ဖီးကြမ်းငှက်ပျော မရှိလို့ ရန်ကုန်ရောက်တုန်း ဖီးကြမ်းငှက်ပျော ၀ယ်စား ဖြစ်တယ်။ ဈေးထဲက ငှက်ပျောသီးတွေ စိတ်မချတာနဲ့ စီးတီးမတ် (City Mart) ကနေ အဖီးလိုက် ၀ယ်တယ်။ ငှက်ပျောသီးတွေက အလုံးထွားထွားနဲ့ တဖီးလုံး စိမ်းနေတာပဲ။ ထုံးစံအတိုင်း ကိုယ်မစားခင် ရေဆေး ဘုရားကပ်ထားပြီး နောက်တနေ့ မနက်ခင်းလဲ ရောက်ရော … … … မျက်လှည့်ပြလိုက် သလိုပါပဲ။ တဖီးလုံး ၀င်းမှည့်နေတဲ့ ငှက်ပျောဖီးကြီးကို ဘုရားစင်ပေါ်မှာ အံ့သြစွာ တွေ့လိုက်ရပါတော့တယ်။

ကျမသိသလောက်ကတော့ ငှက်ပျောသီး အဖီးလိုက် ၀ယ်တဲ့အခါ အခုလို တခါထဲ ရုတ်တရက်ကြီး ၀င်းမှည့်သွားတာမျိုး မမြင်ဖူးပါဘူး။ ဖြည်းဖြည်းချင်း မှည့်သွားတာ မဟုတ်လား။ ခုတော့ အားလုံးပြိုင်တူ တပြေးညီ အ၀ါရောင် ပြောင်းသွားတာမို့ ကိုယ်ကြားဖူးတဲ့အတိုင်း ဆေးတို့ထားတဲ့ အသီးဖြစ်နေသလားလို့ တွေးမိပြီး လုံးဝ မစားဝံ့တော့ဘူး။ အမကြီးကိုလဲ အဲဒီဆေးငှက်ပျောတွေ မစားဖို့ ပြောရတယ်။
 
ဗိုလ်ချုပ်ဈေးနားက ဈေးဆိုင်တန်း

ပလက်ဖောင်းပေါ်က ဟင်းရွက်သယ်




သိပ်မကြာပါဘူး၊ ဟင်းသီးဟင်းရွက်တွေမှာ ဖြန်းတဲ့ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး သတင်းစာထဲမှာ ဆောင်းပါးတပုဒ် ဖတ်လိုက်ရတယ်။ အသီးအရွက်တွေကို ဆေးတို့ ဆေးဖြန်းကြောင်းတွေ စုံစုံလင်လင် ရေးထားပါတယ်။ ယုတ်စွအဆုံး ပဲပင်ပေါက်ကိုတောင် ဖြူပြီး တောင့်နေအောင် ဆေးဖြန်းပါသတဲ့၊ အဲဒီဆေး ဘယ်လောက် ပြင်းသလဲဆိုရင် လက်အိတ်နဲ့ ကိုင်တာတောင် လက်အိတ် ပေါက်တယ်လို့ ဆောင်းပါးရှင်က ရေးထားတယ်။ အဲဒါဖတ်ပြီး ကျမ အတော်လန့်သွားပါတယ်။ မြန်မာငွေ ငါးဆယ် တရာကျပ်လောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ပဲပင်ပေါက်တောင် ဆေးဖြန်းတယ်ဆိုတော့ … ကျမတို့ ဘာသွားစားကြရမလဲ။ ဘာကို ယုံကြည်ပြီး ၀ယ်ကြရမလဲ … ။
***
“ဟင် … ဟုတ်လား အမရယ် … အဲဒါဆို ဒုက္ခပါပဲ … အသီးအရွက်တွေ ဘယ်က၀ယ်ရမလဲ မသိဘူးနော် … အမတို့ ဘယ်က၀ယ်စားလဲ”
ကျမစကားဆုံးတော့ သူက အဲဒီလို အထိတ်တလန့်နဲ့ ပြောရှာတယ်။

“နောက်ပိုင်းတော့ စီးတီးမတ်ကပဲ ၀ယ်ဖြစ်တော့တယ်၊ ဈေးနည်းနည်း ပိုကြီးပေမဲ့ ပိုစိတ်ချရမယ် ထင်လို့လေ၊ ပဲပင်ပေါက် ပဲပြားက အစပေါ၊့ ဒါပေမဲ့ ဒါလဲ လုံးဝကြီးတော့ စိတ်ချရတယ်လို့ မပြောနိုင်ဘူးလေ”

ဒါပေမဲ့ စီးတီးမတ်မှာက လိုချင်တာ အကုန်မရပြန်ဘူး။ ကျမကြိုက်တဲ့ ငါးရံ့အူတို့ ငါးသလောက်ဥတို့ ကျတော့ ရပ်ကွက်ဈေးကလေးမှာသာ ရတာကိုး။ အဲဒီဈေးက ဈေးသယ်တွေက ဖော်ဖော်ရွေရွေရှိတယ်။ အသားငါးတွေလဲ ကိုင်ခိုင်း တုံးခိုင်းရင် လုပ်ပေးတယ်။ ဈေးဝယ်ရင်း ပိုက်ဆံမလောက်ရင်လဲ နောက်မှပေးလို့ ရသေးတယ်။ ပစ္စည်းတွေများလို့ မသယ်နိုင်ရင် ကူသယ်ပေး ဆိုက်ကားခေါ်ပေးတယ်၊ စသဖြင့် ဘိလပ်မှာ မရနိုင်တဲ့ service မျိုး ဒီဈေးကလေးမှာတော့ ရနိုင်ပါတယ်။ ကျမတို့ မမွေးခင်ကတည်းက ဒီဈေးကလေးမှာ ၀ယ်ခဲ့ကြတဲ့ အမေတို့ အဖေတို့ မျက်နှာကြောင့်လားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ နုံချာချာ ဒီဈေးကလေးဟာ သူ့ဟာနဲ့သူတော့ ကောင်းတဲ့အချက်တွေ ရှိတာပါပဲ။

“ကျနော့်သမီးက အစားဂျီးများတယ်၊ ဘယ်လိုလုပ်ရပါ့”

“သူကြိုက်တတ်တာ စားတတ်တာတွေ ဒီကနေ သယ်သွားပေါ့၊ အမလဲ ဒီလိုပဲ၊ အမကြီးအတွက် စားစရာတွေ သူနဲ့တည့်တဲ့ ဓာတ်စာတွေ အများကြီး သယ်သွားရတာ၊ ဟိုမှာ အကုန် ၀ယ်လို့ရတယ်ဆိုပေမဲ့ variety အမျိုးမျိုးတော့ မရှိဘူးလေ”

ဟုတ်တယ်၊ မြန်မာပြည်မှာ ဈေးဝယ်ရတာ ရွေးချယ်ခွင့် နည်းသလိုပဲလို့ တခါတခါ ခံစားရတယ်။ ဥပမာ ပေါင်မုန့် ဆိုပါတော့။ မြန်မာပြည်မှာ တံဆိပ်အမျိုးမျိုးနဲ့ ပေါင်မုန့်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာလို အမျိုးအစား အမျိုးမျိုး မရှိဘူး။ အင်း … တမျိုးလှည့်စဉ်းစားမယ်ဆိုရင်လဲ မြန်မာတွေဟာ ပေါင်မုန့်အဓိက စားတဲ့လူမျိုးမှ မဟုတ်ဘဲ၊ ဒါကြောင့် ပေါင်မုန့် အမျိုးအစား အမျိုးမျိုး မရှိတာ ဆန်းသလား နော်။ ထမင်း အဓိက စားကြတာမို့ ဆန် အမျိုးမျိုး ရှိရင် ပြီးတာပဲ။ ရွှေဘိုဆန်၊ ပေါ်ဆန်း၊ ပေါ်ကျွဲ၊ မနော်ဟရီ၊ ဧည့်မထ၊ မီးဒုံး၊ ငကျွဲ၊ ငစိန်၊ ဆန်ကွဲ … စသဖြင့် အမျိုးတွေမှ အများကြီး … ။ စားပါလေ့ … ။ ဒါတွင်မက … ဆီးချိုသမားတွေအတွက် ဆီးချိုဆန်နဲ့ ဆန်လုံးညိုလဲ ၀ယ်လို့ရပါတယ်။
***
လက်လျှော့လိုက်ရတဲ့ ပဲပြုတ်နဲ့ ထမင်းကြော်
ဘိလပ်မှာနေစဉ် မနက်စာ (breakfast) ကို ပဲပြုတ်နဲ့ ထမင်းကြော် တောင့်တလွန်းတဲ့ ကျမဟာ မြန်မာပြည် ပြန်ရောက်ရင် နေ့တိုင်း ပဲပြုတ်ထမင်းကြော်ချည်း စားမယ်လို့ စိတ်ထဲက တေးထားခဲ့တယ်။ တကယ်တမ်းလဲ ရောက်ခါစက စားဖြစ်ပါတယ်၊ မနက် ၆ နာရီခွဲနဲ့ ၇ နာရီကြား လာတတ်တဲ့ ပဲပြုတ်သယ် အဒေါ်ကြီးဆီက ပဲပြုတ် တဆယ်သား (၂၀၀ ဖိုး) ၀ယ်၊ ထမင်းကြမ်းလေးနဲ့ ကြော်ပြီးစားဖြစ်တယ်။ ဒါပေမဲ့ … ပဲပြုတ်က ကျမထင်သလို အရသာမျိုး မဟုတ်တော့ဘူး။ ပဲပြုတ်အလုံးလေးတွေက သေးပြီး ဆိုဒါနံ့တွေ ရနေတယ်၊ အရသာက ချိုတိုတို၊ စားလိုက်ရင် ဆတ်တောက်တောက်နဲ့ တမျိုးကြီးပဲ။ အသယ်ပြောင်းပြီး ၀ယ်စားကြည့်လဲ ထူးမခြားနားပါပဲ။ ဘိလပ်မှာ စားခဲ့ရတဲ့ ပဲပြုတ်လောက် အရသာ မရှိဘူးဆိုရင် စာဖတ်သူတွေ ကျမကို ၀ိုင်းပြီး အပြစ်တင်ကြလေမလား မသိ၊ တကယ်ပြောတာပါ … ။ ကျမ အမကြီးကလဲ မကြိုက်လို့ မစားဘူး၊ ဒါနဲ့ပဲ ပဲပြုတ်ထမင်းကြော် နေ့တိုင်းစားမယ့် အစီအစဉ်ကို ၀မ်းနည်းစွာ ဖျက်သိမ်းလိုက်ရပါတော့တယ်။


Premier black coffee နဲ့ မုန့်ဟင်းခါး ...
မုန့်ဟင်းခါးက အကြော်နဲ့ တပွဲ ၅၀၀ (စိမ်းလန်းစိုပြေမှာ တပွဲ ၁၀၀၀ ကျပ်)
ထိုနည်းတူပါပဲ အီကြာကွေး၊ မုန့်ဟင်းခါး၊ နံပြား … မျှော်လင့်ထားသလို စားမကောင်းတော့ဘူး။ မတ်ပဲကြော် ဘယာကြော် … စတဲ့ အကြော်တွေကလဲ စားလို့မကောင်းဘဲ ချောင်းဆိုးတာသာ အဖတ်တင်တယ်။ ဆိုးမှာပေါ့ … ဆီတွေက သန့်မှ မသန့်ဘဲ။ ဗူးထဲမှာ တံဆိပ်အမျိုးမျိုးကပ်ပြီး ကြော်ငြာတဲ့ ဆီတွေလဲ ဆားအုန်းဆီနဲ့ ရောတာတွေ ချည်းပဲ။ ပဲပိစပ်ဆီ ဆိုတာကတော့ မဆိုးဘူး၊ အနံ့တော့ သိပ်မကြိုက်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းတယ် ပြောတာပဲ။ အမကြီးက အကြော်ကြိုက်တော့ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ဘယာကြော် အိမ်မှာ ကြော်စားတယ် … ပဲပိစပ် ဆီနဲ့။

အဲဒီလိုတွေ ကြုံရတော့ စိတ်ထဲ မကောင်းဘူး။ လူတွေအတွက် အဓိကအရေးကြီးတဲ့ စားဝတ်နေရေး, ကျန်းမာရေးမှာ အစားအသောက်က ရှေ့တန်းကပါ။ ဒါကြောင့် အစားအသောက်တွေဟာ သန့်ရှင်း လတ်ဆတ်ပြီး အန္တရာယ်ကင်းဖို့ လိုအပ်တယ် မဟုတ်လား။ မြန်မာပြည်မှာ လူတွေ ရောဂါဘယ ထူပြောနေကြတာဟာ အစားအသောက်ကြောင့် အဓိကလို့ ကျမကတော့ ထင်တာပါပဲ။ မှိုပါတဲ့ ငရုတ်သီး၊ ဆေးဆိုးထားတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအနှံ၊ တာရှည်ခံအောင် စီမံထားတာတွေ၊ အတိုင်းအဆမရှိ သုံးစွဲတဲ့ ဓာတုပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စစ်ဆေးခြင်း ပေါ့လျော့ကြတာတွေ ... အဲဒါတွေအတွက် စားသုံးသူ ပြည်သူတွေက ဒုက္ခရောက်ကြရတယ်။
 
ကျမဖေးဘရိတ် "အင်ဥ"
အဲဒီလို အစားအသောက်အတွက် သောကများရပေမယ့် မြန်မာပြည်ရောက်တုန်း ကျမကြိုက်တဲ့ ငါးရံ့အူ၊ ပုဇွန်ချဉ်၊ ငါးချဉ်၊ ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီးထောင်းကြော်၊ အင်ဥ စသဖြင့် ထွေလီကာလီ စားခဲ့ရတာမို့ ကျေနပ်ပါတယ်။ ပြီးတော့ ကျမရောက်နေချိန်မှာ သရက်သီး၊ ပိန္နဲသီး ပေါ်တဲ့ ရာသီမို့ ကျမတို့ ခြံထွက် (ဆေးမတို့သော) လတ်လတ်ဆတ်ဆတ် အသီးတွေ အ၀စားခဲ့ရတာကိုလဲ အလွန် ကျေနပ်လို့ပေါ့ … ။

မမီမကမ်း လှမ်းရိုက်ထားတဲ့ မြကျောက် သရက်
ခြံထဲက ပိန္နဲသီး (အမာမျိုး)


















နောက်တော့ ကျမစဉ်းစားမိသေးတယ်၊ ကိုယ့်ဖာသာကိုယ်ပဲ တနိုင်စိုက်ပျိုးရေးလုပ်တာက ပိုကောင်းမလား၊ ခြံထဲမှာ မြေရှိရင် ဟင်းသီးဟင်းရွက်တွေစိုက်၊ စားခါနီးကျ သွားခူးစားလိုက်ရုံပဲ၊ လတ်လတ် ဆတ်ဆတ်ပေါ့။ အဲ ... ဒါပေမဲ့ ... ဒါပေမဲ့ ... အဲဒီလို စိုက်ပြန်တော့ ကိုယ်စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ထွားကျိုင်းအောင် ဓာတ်မြေသြဇာတွေ ကျွေး၊ ပိုးကျမှာစိုးလို့ ပိုးသတ်ဆေးဝယ်ဖြန်း၊ ဟင် ... မထူးပါဘူး။ :)

ကဲပါလေ ... တကယ်တော့ ဘယ်နေရာမှာနေနေ ကျေနပ်အောင်တွေးပြီး သူ့နေရာနဲ့သူ လိုက်လျောညီထွေ နေနိုင်ရင် စိတ်ချမ်းသာစရာပဲ မဟုတ်လား။
***
မေဓာဝီ
၁၊ ၁၀ ၊ ၂၀၁၂
၀၉း၃၉ နာရီ

မှတ်ချက်။ … ။ သူနဲ့ ပြောကြတဲ့ စကားက အဆုံးမသတ်သေးပါဘူး၊ အဲဒီနေ့က သူနဲ့ကျမ ပြောဖြစ်ကြတဲ့ ခေါင်းစဉ်တွေထဲမှာ အခုမှ အစားအသောက်ပဲ ရှိပါသေးတယ်၊ ကျန်တာတွေလဲ ဖြည်းဖြည်းချင်း ရေးသွားပါမယ်။ ဒီအဖြစ်အပျက်တွေဟာ ကျမ လတ်တလော ကြုံတွေ့လာခဲ့တာကို ရေးခြင်းမျှသာ ဖြစ်ပါတယ်။ အားလုံးဒီလိုချည်းပဲလို့ မဆိုလိုပါဘူး။

21 comments:

ဘုန်း၂တောက် said...

အင့် နောက်ဆုံးတော့ သက်ဆိုင်ရာက လျစ်လျူရှုထားသလို ဖြစ်နေတာတွေ၊ ပေါ့လျှော့မှုတွေကြောင့်ပဲ လူတွေက ရောဂါဘယထူပြောနေကြတာပါ့။ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ် လုပ်သင့်ပါတယ်။

ဒါနဲ့ မြကျောက်နဲ့ စိန်တလုံး ဘယ်ကပိုချိုလဲဟင်...

Anonymous said...

ပိန္နဲသီး ...စားချင်တယ်... ဟင်းသီးဟင်းရွက် ကတညင်သယ်ဆီမှာဝယ်ဖြစ်တာများတယ်။ စီးတီးမတ်က သိပ်မဝယ်ဖြစ်ဘူး။ အသားငါးက ပုစွန်တောင်ဈေးမှာဝယ်တယ်။

ညီမ

sosegado said...

အင်ဥမစားရတာ တော်တော်ကြာပြီ၊ ဆက်လက်ဝေမျှတာ စောင့်နေပါမယ်

Anonymous said...

ဘာတွေဘယ်လို ဘယ်လောက်ဆိုးဆိုး
ကိုယ့်နိုင်ငံကဆို သစ်ရွက်၊ သစ်မြစ်လေးတွေကအစ နှစ်သက်မြတ်နိုးပါတယ်။

မြန်မာပြည်က ဆီတွေက မသန့်တာတွေ၊ ဆေးဆိုးထားတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအနှံတွေ၊ တာရှည်ခံအောင် စီမံထားတာတွေ၊ အတိုင်းအဆမရှိ သုံးစွဲတဲ့ ဓာတုပစ္စည်းတွေ စတဲ့ စားသောက်ကုန်တွေ စားပြီးရှင်သန်နေရတဲ့ အဖွား အသက် ၈၆နှစ် ရှည်ပြီး ကျန်းမာနေတုန်းပါပဲ။

SHWE ZIN U said...

ညီမ မမေ ရေ

ဆက်လက်စောင့်မျှော်နေပါတယ် အစားအသောက်နဲ့ ပိုးသတ်ဆေး ကတော့ ပြောမနေနဲ့ မာလကာသီးစားတာ ပိုးသတ်ဆေးနံ ကြီးစူးထွက်လာ တာနဲ့ မစားဖြစ်တော့ဘူး ... ကျန်တာတော့ ကံ ဘဲ

ချစ်အမကြီး
ရွှေစင်ဦး

ညိမ်းနိုင် said...

ဟုတ်တယ်အစ်မရေ....၊ရန်ကုန်မှာမပြောနဲ့...၊အသီးအနှံ
ပေါတဲ့ ကျွန်တော်တို့ တောမြို့လေးမှာတောင် အဲဒီဆေး
တွေသုံးနေကြလေရဲ့....၊စိတ်လေပါရဲ့ဗျာ...၊အစ်မပြောသလို ကိုယ့်ဘာသာတစ်နိုင်တစ်ပိုင်စိုက်ပျိုးေ၇းပဲလုပ်တာ
ကောင်းမယ်...၊သဘာဝမြေသြဇာပဲကျွေးပေါ့နော့....။
ကျွန်တော်တော့မြန်မာပြည်ပြန်ရောက်ရင် ခြံပဲစိုက်စား
တော့မယ်ဗျိုးးးးးးးးးး:)))

seesein said...

ကြီးမေ
အရီးအဖွားက အသက် ၉၈ နှစ်ရှိပါပြီ....သဘာဝ အစားအစာတွေသာစားပါတယ်....သူ့ရဲ့လယ်တဲကထွက်တဲ့ ကစွန်းရွက်နဲ့အသီးအနှံစားပါတယ်...သူ့လယ်ကထွက်တဲ့ ပဲကိုကြိတ်တဲ့ဆီစားတယ်ဆိုရုံစားပါတယ်...အသားငါးကလဲ လယ်တောက ဖား ပုဇွန် ခရုတော့စားပါတယ် ....အခုထိ မှတ်ဥာဏ်တွေလဲကောင်းတယ်..ငှက်ပျောပိန္တွဲကလည်း ခြံထွက်စားပါတယ်..ပိုးသတ်ဆေးမသုံးသလို ..ထွန်စက်နဲ့လည်းမထွန်ပါ...ဘာလို့ထွန်စက်မသုံးလဲမေးတော့ ပိုးကောင်လေးတွေသေမှာစိုးလို့တဲ့..
ပိုးကောင်လေးတွေသေရင် မြေဆီသုံးရမှာစိုးလို့ပြောတာဘဲ သဘာဝတရားနဲ့နေတဲ့နေရာလေးတွေလဲကျန်ပါသေးတယ်....း))

ခင်မင်တဲ့
seesein

Anonymous said...

အဲလောက်တောင်ပဲလား

Anonymous said...

ကျမတော့အထက်လှန်အောက်လျော..ဆိုတာ၊
၂ ခါဖြစ်တယ်။ တအားလန့် သွားတယ်။
ဘာမှမဝယ်စားရဲဘူး။
ပြောရင်လည်းသူများတွေကပိုတယ်ထင်ကြတာ။
တကယ်ဘဲပြောရမယ်ဆိုလည်း၊
အများကြီးဘဲနော်..။
မမင

Anonymous said...

It depends. When I went back to visit Myanmar last three years ago, my intention was to enjoy street food in the city. As we all know that there are varieties of street food that we cannot buy or make it at home or elsewhere. If you are afraid of eating food in Myanmar, I will suggest you to not go. When we travel the city or country we have lived for our most of the life, our expectation should not be so high because Myanmar is not the first world country. In fact, it is one of the poorest nations in the world. So always keep in mind that "what you see is what you get." So if you think you can deal wth it, then you go. If you are not able to handle it, please just don't go. How simple is that!
Myanmar Lover

Rita said...

ကိုယ့်ဘာသာ စိုက်တဲ့အခါကျရင်တော့ ဓာတ်မြေသြဇာမသုံးနဲ့တော့။ မထွားကျိုင်းလည်း နေပါစေ။ သေးသေးပဲစားတော့ပေါ့။ =)

မောင်မျိုး said...

ဟုတ်တယ်ဟုတ်တယ်။
အစ်မပြောသလိုမျိုးကျနော်မပြောတတ်(မပြောရဲလို့ဗျ)ကြီးကျယ်တယ်ထင်မှာစိုးလို့လေ။

သန့်ရှင်းမှုအရလည်းတော်တော်လိုသေးတယ်။အရင်ကတော့လမ်းဘေးဆိုင်လည်းစားလိုက်တာပဲနောက်ပိုင်းကျမစားချင်တော့ဘူးပန်ကန်ပြောင်အောင်မဆေးတာမျိုး၊အသုတ်ကိုနယ်ပြီးရင်အဒေါ်ကြီးတွေကသူတို့လုံချည်ကြီးတွေနဲ့သုတ်လိုက်တာမျိုးတွေ့ပါများလာတော့အိမ်ကဟာမဟုတ်ရင်စားရမှာတွန့်လာတယ်။

နောက်ဆက်တွဲတွေစောင့်ဖတ်နေအုံးမယ်ဗျ။ြုပည်တွင်ဖြစ်ကိုအားပေးပါဆိုရင်ကျန်းမာရေးနဲ့ကိုက်ညီအောင်လုပ်ပါလို့ပဲဆိုချင်တော့တယ်.။

Anonymous said...

ဒို့လည်းရန်ကုန်ပြန်ရင်ဆေးခန်းတခါတော့သွားရတယ် ဗိုက်မကောင်းလို့

Nyi Linn Thit said...

ဟိုတလောဆီက လက်ဖက်ထဲမှာ ဆိုးဆေး ထည့်တဲ့ အကြောင်း၊ ငါးပိတွေ အရောင်လှအောင် ဆိုးဆေး သုံးတဲ့အကြောင်းတွေ ဖတ်ရတယ်၊ အဲဒီ သူတို့သုံးတဲ့ ဆိုးဆေးတွေဆိုတာ ဒီက ကျနော့်ဓါတ်ခွဲခန်းမှာ tracer အနေနဲ့ သုံးတဲ့ ဆေးတွေဖြစ်နေတယ်၊ ပြီးတော့ ပိုးသတ်ဆေးတွေ ဓါတ်ခွဲရတဲ့ အခါလည်း သူတို့ရဲ့ ဆိုးကျိုးတွေ သိရတော့ ဒါတွေနဲ့ နိစ္စဓူဝ ရင်ဆိုင်နေ ရတဲ့ မြန်မာပြည်က လူတွေအတွက် စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲ၊ ဒါတွေကို ကြပ်မတ်ဖို့အတွက် FDA လို အဖွဲ့မျိုးတွေမှာ တာဝန်ရှိသလို သူတို့ကိုလည်း လုပ်ပိုင်ခွင့် အပြည့်ပေးထားသင့်တယ်လို့ ထင်ပါတယ်၊ ဒီအကြောင်းကို ကျနော်လည်း ပို့စ်တစ်ပုဒ်ရေးဖို့ စဉ်းစား ထားတယ်မမေ...၊

လောလောဆယ်တော့ မမေတို့ ခြံထဲက မြကျောက်တွေကို ခဏလောက် သွားရည် ကျသွားတယ်...။း)

~ဏီလင်းညို~ said...

ဒီလိုပဲ မမေရေ့....
ဒီ..... လို.... ပါ.... ပဲ....။
(ပိန္နဲသီးတွေက စားချင်စရာဗျာ)

ခင်မင်ခြင်းအားဖြင့်..
ဏီလင်းညို

Anonymous said...

အသီးအနှံတွေကို မြန်မြန်မှည့်စေချင်ရင် သုံးတာက Ethereal or ethaphone လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အသီးတို့ဆေးလို့ ခေါ်မယ်ထင်တယ်။ အသီးကို တို့ချင်တို့မယ် ဒါမှမဟုတ် ရောဖျော်ထားတဲ့ရေထဲ ခဏစိမ်မယ်ပေါ့။ ရေနဲ့ရောရင်လည်း နှုန်းထားက part per million (ppm) လောက်ပဲ ထည့်ရတာပါ။ အဓိကသုံးတာကတော့ သရက်သီးနဲ့ ငှက်ပျောသီးမှာပါ။ ကျနော်သိသလောက်ပြောရရင် သူက သဘာဝအလျောက် အသီးကို ရင့်မှည့်စေတဲ့ အေ့ဂျန့်တမျိုးပါ။ ဥပမာ အညာမှာ သရက်သီးမှည့်အောင်အုပ်ရင် ကုက်ကိုရွက်နဲ့ အုပ်တက်ကြတယ်။ အဲဒီ့အခါမှာ အဲသည့်အရွက်ကထွက်တဲ့ အီသလင်း (အီသရယ်) ကြောင့် သရက်သီး မြန်မြန်မှည့်ပါတယ်။ ဒါကြောင့် အီသရယ်လို့ခေါ်တဲ့ တို့ဆေးကြောင့်မြန်မြန်မှည့်ထားတဲ့ အသီးတွေကို စားရင် ဘေးအန်တရယ်မရှိနိုင်ပါဘူး။ သူက just natural fruit ripening agent ပါ။ ဓါတ်မြေသြဇာနံ့ထနေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဆော်ဒါနံ့ရတဲ့ ပဲပြုတ်ကိုတော့ တကယ်ပဲ စိတ်ပျက်မိပါတယ်။ ဟင်းသီးဟင်းရွက်ဝယ်ရင် တအားကိုသန်စွမ်းပြီး ဒဏ်ရာမရှိတာကို မ၀ယ်ပါနဲ့။ ပိုးပေါက်လေး ပါချင်ပါမယ် အမည်းစက်လေးရှိချင်ရှိမယ်။ အဲဒါမျိုးလေးတွေ ရွေးဝယ်ပါ။ အဲဒါဆိုရင် ဒီစိုက်ခင်းက ပိုးသတ်ဆေးသုံးတာ သိပ်မများဘူးဆိုတာ ပြနေတာပါ။ ဖြစ်နိုင်သလောက် ရေများများဆေးစေချင်ပါတယ်။
(လီယို)

mstint said...

ခေတ်နဲ့ယှဉ်ပြီး အပြိုင်နွှဲနေကြလေတော့ မစားရဲလည်း သရဏံဂုဏ်တင်ပြီး စားနေရတာပါပဲ မမေရေ။ တစ်ပိုင်တစ်နိုင် မွေးမြူစိုက်ပျိုးဘို့ဆိုတာလည်း အခက်အခဲ အမျိုးမျိုးနဲ့ လွယ်တာမှမဟုတ်တာပဲလေ။ ရနိုင်သလောက်တာ့ တီတင့်ခြံမှာ စိုက်ထားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

့ ပိုးသတ်ဆေးလည်းဆေးဘဲလေ ။။။။။
လုူ့ကိုယ်ထဲမှာရှိတဲ့ပိုးတွေသေစေတယ်မဟုတ်လားးးးးးး

san htun said...

မြန်မာပြည်က လူတွေ သက်တမ်းတိုရတာ ဒါတွေကြောင့် ထင်ပါရဲ့ ..အစားအသောက်တွေကို ကြပ်မတ်တယ့် အဖွဲ့ အစည်းတွေ ဖွဲ့ ပြီး သေသေချာချာ စစ်ဆေးသင့်တယ်..လမ်းဘေးစာတွေစားလို့  အူအတက်၂ခါရောင်ပြီးကတည်းက လမ်းဘေးစာတွေ၊ လက်သုပ်ချဉ်တွေ၊ အချဉ်ရည်တွေ မစားရတော့ဘူး...

uksandarwara sandarwara said...

အေးဟုတ်တယ် ပိုးသတ်ဆေးလဲဆေးဘဲ ဒါပေမယ့်သေဆေးဟ

uksandarwara sandarwara said...

သေဆေးဟ ဒါလောက်ကိုမသိတဲ့လူပဲကျွတ်၂